တစ္ဆေထောင်ချောက်

 


"တစ္ဆေထောင်ချောက်" (စ/ဆုံး)
+++++++++++++
ရေးသားသူ...တာတေ
ကျုပ်တို့ရွာတွေ ဆိုတာက လျှပ်စစ်မီးရှိတာ
မဟုတ်ဘူးလေဗျာ၊ မိုးချုပ်ရင် မှောင်ရောဗျ။
မှောင်လည်း မှောင်ရော ပြူးတူးတူး
ကြောင်တောင်တောင် မျက်လုံးတွေနဲ့ ဝိုင်းထဲမှာ
လှစ်ခနဲ လှစ်ခနဲ ပြေးနေတဲ့ မြေကြွက်တွေ
ထွက်လာပါရောလားဗျာ။
အစက ကျုပ်တို့အိမ်မှာ ရွှေဝါဆိုတဲ့
ကြောင်ဝါကြီး တစ်ကောင် ရှိတာဗျ။
နည်းတဲ့အကောင်ကြီး မဟုတ်ပါဘူးဗျာ။
ပြီးတော့ ရွှေဝါက ကြောင်သင်းကြီးဗျ။
ကြောင်သင်းဆိုတာ သင်းထားတဲ့
ကြောင်ကို ပြောတာ။ ကြောင်ထီးကြီးတွေကို
သင်းလိုက်ရင် လွှတ်ဝတာဗျို့။
ထွားလည်း တအားထွားတာ။
တချို့ကတော့ ကိုယ့်ကြောင်ကို ကြီးစေချင်၊
ထွားစေချင်လို့ သင်းကြတာဗျ၊ တချို့ကျတော့လည်း
သနားလို့ မသင်းကြဘူးပေါ့ဗျာ။ ပြီးတော့
ကျုပ်တို့ ရွှေဝါကြီးကို တစ်နှစ်တစ်ခါ
ကွမ်းသီးစိမ်းနဲ့ ထန်းလျက်နဲ့ ထောင်းပြီး
ကျွေးမွေးထားတာဗျ။ အဲဒါ ကြောင်သံချဆေးလေ။
အလုံးလေးလုံးပြီး နှစ်လုံးလောက် လည်ချောင်းထဲ
ရောက်အောင် ထိုးထည့်ပေးရတာပေါ့ဗျ။
အများကြီးတော့ မကျွေးရဘူးဗျ။ လက်သန်းဖျားလောက်
အလုံးလေးပေါ့ဗျာ၊ ကြောင်အားကြီးဝတာဗျို့။
ဒီကောင် ရွှေဝါကြီးရှိတုန်းကတော့ ဝိုင်းထဲကို
ဘာကြွက်မှမလာဝံ့ဘူးဗျ၊ ရွှေဝါသေသွားပြီး
တော်တော်ကြာတော့မှ ကြွက်တွေ
ရောက်လာကြတာပေါ့ဗျာ။
ဝိုင်းထဲမှာ တွေ့သမျှ ကြွက်တွင်းတွေလည်း
ပိတ်ဆို့ပစ်တာပါပဲ။ ဒါလည်း မရဘူးဗျ။
ကြွက်ဆိုတဲ့ အကောင်ကလည်း ဥာဏ်အပြေးသားဗျ။
ဒီတွင်းကို ပိတ်ထားရင် တခြားနေရာမှာ
နောက်တစ်တွင်း ချက်ချင်းထပ်တူးတဲ့ ကောင်မျိုးဗျ။
နောက်ဆုံး ကိုယ့်ဝိုင်းထဲမှာ ကြွက်တွင်းမရှိအောင်
လုပ်ထားလည်း တခြားဝိုင်းကကြွက်က
ရောက်လာတာပဲဗျ။ အဘရဲ့ နှမ်းအိတ်တွေ၊
ပဲအိတ်တွေကို ဖောက်ပြီး စားတာဗျ။
ကျုပ်တို့ အညာကြွက်ကြီးတွေ ဆိုတာ
နှမ်းတွေ၊ ပဲတွေ၊ စားပြီး အဆီတွေ တက်နေသလား
မပြောတတ်ပါဘူးဗျ။ ဝဝလုံးလုံးကောင်ကြီးတွေဗျ။
ကြောင်နက်တစ်ကောင် မွေးဖို့ကျတော့လည်း
ကျုပ်က တော်တော်စိတ်ကုန်သွားပြီဗျ။
ဘာဖြစ်လို့တုန်းဆိုတော့ ရွှေဝါရှိတုန်းကလည်း
ကျုပ် တော်တော် သံယောဇဉ် ဖြစ်မိတာဗျ။
ရွှေဝါဆိုတဲ့ ကောင်ကလည်း လွှတ်လိမ္မာတာဗျာ။
လူနဲ့ အားကြီးနီးစပ်တဲ့ကောင်ပါဗျာ။
အိမ်မှာ ကျုပ်ရှိလို့ကတော့ ကျုပ်နားကကို
မခွာဘဲ ကပ်နေတော့တာဗျို့။ ဒီကောင်သေတော့
ကျုပ်မှာ စိတ်ဆင်းရဲလိုက်ရတာဗျာ မပြောနဲ့တော့။
အဲဒီကတည်းက ကြောင်မွေးဖို့
ကျုပ် စိတ်မကူးရဲတော့တာဗျ။
ကျုပ် ကြောင်ထပ်မွေးချင်မှန်းသိတော့ အဘက
မြို့ကနေ ကြွက်ထောင်ချောက် ဝယ်လာတယ်ဗျ။
ခင်ဗျားတို့လည်း မြင်ဖူးမှာပါ။ သစ်သားပုံး
ကလေးလေဗျာ။ အပေါ်မှာ သံချောင်းလေးတွေ
စီထားတာ။ တံခါးက စပရိန်တပ်ထားတဲ့
ကဲလား တံခါးပေါ့ဗျာ။ အထဲက သံကောက်ကလေးမှာ
အစာချိတ်ထားပြီး အဲဒီသံကောက်နဲ့ပဲ
သစ်သားတံခါးကို ချိတ်ထားရတာဗျ။
ကြွက်က သစ်သားပုံးကလေးထဲကိုဝင်ပြီး
အစာကို ဆွဲလိုက်တာနဲ့ တံခါးကို ချိတ်ထားတဲ့
သံချောင်းကောက်ကောက်ကလေးက လှုပ်သွားပြီး
"ဗြောင်း" ခနဲနေအောင် တံခါးက ပိတ်သွားတာဗျ။
ကြွက်မိပြီပေါ့ဗျာ။ ကြွက်ထောင်တာများတော့
တာတေဆိုတဲ့ကောင်က လွှမ်းကျွမ်းတာဗျ။
အဘက ထောင်ချောက် သုံးပုံးဝယ်ထားတာ။
တစ်ညကို ကြွက်သုံးကောင်တော့ သေချာပေါက်
မိတာပေါ့ဗျာ။ ထောင်ချောက်မိတဲ့ ကြွက်တွေကို
ရွာပြင် ယူသွားပြီး လွှတ်ရတဲ့ အလုပ်ကလည်း
ကျုပ်အတွက် တစ်ခုပေါ့ဗျာ။
ဒါပေမဲ့ ဆက်တိုက်ထောင်လိုက်ရင် ကြွက်တွေ
ပျောက်သွားရောဗျ၊ ဒီတော့ ကြောင်မမွေးတော့ဘဲ
ထောင်ချောက်ထောင်တဲ့နည်းကိုပဲ ကျုပ်သုံးနေတော့တာဗျ။
ရွာပြင်ထွက် ကြွက်တွေ လွှတ်ပြီးရင်
ကြွက်ထောင်ချောက်တွေကို
အိမ်နောက်ဖက်က စတိုခန်းထဲမှာ အမြဲသိမ်းရတယ်
ယခုလည်း ကျုပ်ကြွက်ထောင်ချောက်တွေ
သိမ်းနေတုန်းမှာ …
"တာတေရေ…တာတေ"
ဟင်…အစောကြီး ဘယ်သူများခေါ်နေပါလိမ့်ဆိုပြီး
ကျုပ် စတိုရုံထဲက ထွက်လာတယ်။ ဝိုင်းဝမှာ
မတ်တပ်ကြီးရပ်ပြီး ကျုပ်ကို ခေါ်နေတာ ကိုလိပ်ပုဗျ။
ကိုလိပ်ပုက ဘန့်ဘွေးကုန်းကလေဗျာ။
အရပ်က တော်တော်ပုတာဗျ။ ဒါကြောင့်
သူ့ကို လိပ်ပုလို့ ခေါ်ကြတာ။ ကိုလိပ်ပုရဲ့နာမည်က
ကိုတင်မောင်လေဗျာ။ ဘန့်ဘွေးကုန်းမှာ
တင်မောင် နှစ်ယောက်ရှိတော့ သူ့ကို
လိပ်ပုတင်မောင်လို့ ခေါ်တယ်။
ဟိုတင်မောင်ကို ရွှေမန်းတင်မောင်လို့ ခေါ်တယ်ဗျ။
ဘာဖြစ်လို့တုန်းဆိုတော့ ရွှေမန်းတင်မောင်က ရွာမှာ
ရှင်လောင်းလှည့်တာတို့၊ ဘုရားလှည့်တာတို့ဆိုရင်
မင်းသားဝတ်နဲ့ ကတာဗျို့။ ဒါကြောင်မို့ သူ့ကို
ဘန့်ဘွေးကုန်းသားတွေက ရွှေမန်းတင်မောင်လို့
ခေါ်ကြတာဗျို့။ ကျုပ်တို့ အညာသားတွေက
နာမည်ပေးတာလည်း ခပ်ကောင်းကောင်းဗျ။
ယခု ကျုပ်တို့ဝိုင်းဝမှာ ရပ်နေတာက အရပ်ငါးပေ
မပြည့်တဲ့ လိပ်ပုတင်မောင်လေဗျာ၊ ကျုပ်ထက်တော့
အသက်ကြီးကြတာပေါ့ဗျာ။
"ဟာ …ကိုလိပ်ပု လာလေ၊ ဝိုင်းဝမှာ မတ်တတ်ကြီး
ရပ်လို့၊ ကျုပ်တို့ အိမ်လာတာပဲ၊ ဧည်သည့်လို
လုပ်နေသေးရော့ဗျာ "
"ဟာ …မဟုတ်ပါဘူးကွ။ တာတေ မင်း ယာထဲများ
ဆင်းသွားပြီလားလို့ပါ၊ မင်း ယာထဲဆင်းရင်လည်း
ငါက ယာထဲအထိ လိုက်ရမှာဟေ့ "
ဝါးဖတ်ခမောင်ကလေးတစ်လုံး ဆောင်းပြီး
ကွတကွတနဲ့ ကျုပ်ဆီကို တန်းလျှောက်လာတဲ့
ကိုလိပ်ပုက ပြောသဗျ။
"လာဗျာ ကိုလိပ်ပု အိမ်ပေါ်တက် "
ကျုပ်က ကိုလိပ်ပုကို အိမ်ပေါ်ခေါ်ပြီး တက်ခဲ့တယ်။
အိမ်ရှေ့က တန်းလျားလေးမှာ ကိုလိပ်ပုက ပင်တိုင်ပင်၊
အရပ်ပုတော့ တန်းလျားမှာ ထိုင်တာတောင်
ခြေထောက်ကလေးက အောက်ကို မထိဘူးဗျ။
လွတ်နေတယ်။ကျုပ်က ကိုလိပ်ပုကို ရေနွေးကြမ်း
ငှဲ့ပေးတယ်။ ပြီးတော့ နဂါးဆေးပေါ့လိပ်ကလေး
မီးညှိပြီး ကမ်းပေးလိုက်တယ်။
ကိုလိပ်ပုက နဂါးဆေးပေါ့လိပ်ကို တစ်ဖွာ နှစ်ဖွာ
ဖွာလိုက်ပြီးတော့ ပြောတယ်ဗျ။
"တာတေတို့ကတော့ကွာ နဂါးမှနဂါးပဲ။
တခြား ဘာမှ မသောက်ဘူးလား "
"ဟာ …ကျုပ်က တခြားဟာတွေ မသောက်ဘူးဗျ။
နဂါးပဲ ကြိုက်တာ"
"ဟား …ဟား …ဟား …အေး …ဟုတ်တော့လည်း
ဟုတ်သားကွ၊ ဆေးလိပ်ဆိုတာလည်း ပြောင်းသောက်လို့
ရတာမျိုး မဟုတ်ဘူးကွ၊ နေပါဦး ဘိုးဥာဏ်တို့
အရီးတို့ရော မမြင်ပါလား "
" ဒီနေ့ ယာထဲမှာ ပေါင်းခံလိုက်ကြမလို့ဗျ။
ခင်ဗျားတို့ ရွာကရော၊ ဒီရွာကရော မီးလောင်ကုန်းကရော
တစ်အုပ်ကြီး လာပြီး ပေါင်းလာကြမှာ။အဘရော၊
အမေရော၊ ယာထဲဆင်းသွားကြပြီ။
ကျုပ်ကို အိမ်စောင့်နေခဲ့ဆိုပြီ ထားခဲ့ကြတာဗျ"
"ဟေ…ဟုတ်လား ။တယ်လည်း ဟန်ကျနေပါလား
တာတေရ "
ကိုလိပ်ပုက ကျုပ်ငှဲ့ပေးထားသော ရေနွေးကြမ်း
ပန်းကန်ကို ဖူးကနဲ ဖူးကနဲ မှုတ်ပြီး သောက်လိုက်တယ်
"ကိုလိပ်ပု စောစောစီးစီး ကျုပ်ဆီရောက်လာတာ
ကိစ္စရှိလို့လားဗျ"
"ကိစ္စရှိလိုက်တာမှ တာတေရာ၊ ငါ့သာ ကြည့်ပေတော့ကွာ "
"ဟင်…ကိုလိပ်ပုက ဘာဖြစ်နေလို့တုံး "
"ဟေ …ငါမျက်တွင်းတွေ ဟောက်ပက်ဖြစ်နေတာလေကွာ
တာတေရာ၊ ညဘက် ကောင်းကောင်း မအိပ်ရတာ
ကြာပြီကွ"
"ဟင်…ဟုတ်လား။ ညဘက် အိပ်မပျော်လို့လား။
ဆရာလေး ဘာလေး ပြကြည့်ပေါ့ဗျာ။ အိပ်ရေး
ပျက်တာကြာရင် သိပ်မကောင်းဘူးဗျ"
"ဟာ…အိပ်မပျော်တာ မဟုတ်ဘူးကွ။မအိပ်ရတာတွေ၊
မအိပ်ရတာ "
"ဗျာ …ဘာလို့ မအိပ်ရတာတုံး ကိုလိပ်ပုရဲ့ "
"သရဲကြောင့်ပေါ့။ သရဲ …သရဲ။ သရဲက
တစ်ညလုံး ခြောက်နေတော့၊ မအိပ်ရတာကွ တာတေရ"
"ဗျာ …သရဲ ဟုတ်လား၊ သရဲကလည်း ဒီလောက်တောင်
ခြောက်နေလို့လားဗျ"
"ခြောက်လိုက်တာမှ မိုးချုပ်ကနေ မိုးလင်းအထိကို
ခြောက်တာဟေ့ "
"နေပါဦး …ကိုလိပ်ပုက ဘယ်က သရဲက ဒီလောက်
ခြောက်နေတာတုံးဗျ"
"ငါ့အရီးလေးရဲ့ယောင်္ကျား ဘထွေးထွန်းကြည်
ဆုံးသွားတာ နှစ်လရှိပြီလေကွာ၊ အခုခြောက်နေတာက
ငါတို့ဝိုင်းနဲ့ကပ်လျက်က အရီးလေးတို့ ဝိုင်းမှာကွ"
"ဟာ…ဟုတ်လား ကိုလိပ်ပုရဲ့။ ဘထွေးထွန်းကြည်များ
မကျွတ်မလွတ်လို့ အလှူအတန်း လုပ်ပေးဖို့
သတိပေးနေတာလားမှ မသိတာ"
"အေး …ငါတို့လည်း မင်းတွေးသလိုပဲ တွေးတာပဲ
တာတေ၊ အဲဒါနဲ့ တစ်လပြည့်တော့ ဆွမ်းတစ်ခါသွတ်တယ်။
အခု နောက်တစ်လပြည့်တော့ တစ်ခါဆွမ်းသွတ်တယ်။
ဒါလည်း ခြောက်တုန်းပဲကွ၊ ငါတို့စိတ်ထင်တော့
ဘထွေးထွန်းကြည် မဟုတ်လောက်ဘူးထင်တယ်။
တခြားက အမှောင့်ပယောဂ များလားလို့ကွ"
"အင်း …ဖြစ်တော့ ဖြစ်တော့ဖြစ်နိုင်တယ်ဗျ
ကိုလိပ်ပုရဲ့၊ ကျုပ်နည်းနည်းပါးပါး သတင်းကြားဖူးတယ်
ဘထွေးထွန်းကြည်ကလည်း ဆရာတွေနဲ့ ပေါင်းပြီး
သူကိုယ်တိုင်လည်း ဆရာယောင်ယေင်ဆို၊
အင်းတွေ၊ အိုင်တွေလည်း လုပ်တယ်ဆို၊
ကိုလိပ်ပုကတော့ ပိုသိမှာပေါ့ "
"အေး…အဲဒါကြောင့် မင်းကိုလာပြီး တိုင်ပင်တာပေါ့ကွ၊
ငါ့အရီးလေးယောင်္ကျားကလည်း လူစုံ၊ ယောင်ခြောက်ဆယ်ကွ။
အင်းရော၊ ဆေးရော၊ အဂ္ဂိရတ်ရော၊ စုံနေတဲ့လူကွ ။
အဲဒါကြောင့် သူလုပ်ခဲ့တဲ့ အင်းတွေ အိုင်တွေက
အင်းစောင့်တွေ ဆေးစောင့်တွေများ
သောင်းကျန်းနေတာလားလို့ကွ တာတေရ"
"အင်း…ဒါလည်း ဟုတ်တာပဲဗျ။ ဒါနေပါဦး
ကိုလိပ်ပုရဲ့၊ သရဲက ဘယ်လိုခြောက်လို့တုံး"
"ဟာ …ည ၈ နာရီလောက်၊ ကိုးနာရီလောက်ဆိုရင်
ဇာတ်လမ်းက စတော့တာပဲပေါ့။ ခြေသံတရှပ်ရှပ်နဲ့
အိမ်ထဲမှာ လျှောက်သွားပြီး အိမ်ရှေ့ရောက်သွားလိုက်၊
အိမ်ဘေးဘက်က ရောက်သွားလိုက်၊ အိမ်နောက်ဘက်တွေ
ရောက်သွားလိုက်နဲ့ တစ်ချက်မှ မနားတော့ဘူးဟေ့၊
တစ်ညလုံး လျှောက်နေတော့တာကွ"
"အင်း …အဲဒီလို လျှောက်သွားနေပြီးတော့ ဘာတွေ
လုပ်သေးတုံးဗျ"
"တံခါးတွေကို လိုက်တွန်းနေတာကွ၊ တစ်ခါတစ်လေ
ဆိုရင် ပိတ်ထားတဲ့ ပြတင်းပေါက်တံခါးကို 'ဘုန်းဘုန်း '
နဲ့ ရိုက်နေသေးတာကွ၊ တစ်ခါတလေ နံရံတွေကိုလည်း
လက်ဝါးနဲ့ ရိုက်ပြန်တယ် "
"အင်း …အဲဒီလို လျှောက်သွားနေပြီးတော့
ဘာတွေ လုပ်သေးတုံးဗျ"
"တံခါးတွေကို လိုက်တွန်းနေတာကွ၊ တစ်ခါတစ်လေ
ဆိုရင် ပိတ်ထားတဲ့ ပြတင်းပေါက်တံခါးကို 'ဘုန်းဘုန်း 'နဲ့
ရိုက်နေသေးတာကွ။ တစ်ခါတစ်လေ နံရံတွေကိုလည်း
လက်ဝါးနဲ့ ရိုက်ပြန်တယ် "
"ဘထွေးထွန်းကြည်ရဲ့ အိမ်သားတွေရော
တော်တော်ကြောက်နေကြလားဗျ"
"ဟာ …တာတေရာ ကြောက်ပါပြီလားကွာ။
သရဲမကြောက်တဲ့သူဆိုတော့ ဘယ်ရှိမှာတုံးကွာ။
အခြောက်မခံရသေးလို့ မကြောက်တာပါ။
ငါ့အရီးလေးရော၊ သူတို့သားသမီးတွေရော
ငါတို့အိမ်ရောက်နေတာ ကြာပြီလေကွာ၊
သူတို့အိမ်မှာ ဘယ်သူမှ မနေဘူး၊ ညဆိုရင်
ငါနဲ့ ငါ့ညီ တင်အောင်ပဲ သွားပြီး အိပ်ရတာကွ"
"သြော် …ဒါကြောင့် ကိုလိပ်ပု အိပ်ရေးပျက်နေတာကိုး၊
တစ်ညလုံး လျှောက်နေတာပဲလားဗျ"
"ဟာ …လျှောက်လည်းလျှောက်နိုင်တဲ့ သရဲပါကွာ၊
တစ်ညလုံးကို လျှောက်နေတာဟေ့၊ ကြာတော့
ငါလည်း ရိုးနေပြီး အိပ်တော့တာပေါ့ကွာ
အိပ်လို့ တော်တော်ပျော်နေပြီဆိုရင် သရဲက
နံရံတွေ တဘုန်းဘုန်းနဲ့ ပုတ်တော့ နိုးနိုးသွားတာပေါ့ကွာ"
"အင်း…တော်တော်ဆိုးနေတာပဲပေါ့ဗျာ
ဒီသတင်းက ရွာထဲလည်း ပြန့်နေရောပေါ့ "
"ပြန့်နေတာပေါ့ တာတေရာ၊ အရီးလေးတို့ အိမ်ကို
သရဲခြောက်တဲ့ အိမ်ကြီးဆိုပြီး ဟိုလူကရပ်ကြည့်၊
ဒီလူကရပ်ကြည့်ကွ၊ အချို့ကလည်း စကားတွေ
ကားလာတာပေါ့ကွာ၊ ဘထွေးထွန်းကြည်
အိမ်ခေါင်မိုးပေါ်မှာ ဆောင့်ကြောင့်ကြီး ထိုင်နေတာ
တွေ့တယ်ပြောလိုပြော ။ ဆံပင်ဖားလျားနဲ့
သရဲကြီးက အိမ်ခေါင်မိုးပေါ်မှာ မတ်တတ်ကြီး
ရပ်နေသလို ပြောလို့ပြောပေါ့ကွာ "
"အင်း …လူတွေကတော့ ဒီအတိုင်းပါပဲဗျာ "
"အဲဒါ ဘာလုပ်ရမှန်းမသိတော့လို့ မင်းဆီလာပြီး
တိုင်ပင်တာကွ တာတေရ၊ ဆရာခေါ်သင့်ရင်လည်း
ခေါ်ရမှာပေါ့ကွာ ၊ တကယ်လို့ ဆရာခေါ်ရမယ်
ဆိုရင်လည်း မင်းပဲ သင့်တော်ရာရှာပေးပါလို့
ပြောချင်လို့ကွ "
"နေပါဦး ကိုလိပ်ပုရာ။ အရီးလေးလည်း
ပြောလိုက်ပါ၊ ကျုပ်လာပြီး ကြည့်ပါဦးမယ်
ဒီည ကျုပ်လာခဲ့မှာပါ ။ ကြည့်ပြီးတော့မှ
ဘာလုပ်ရမယ်ဆိုတာ ကျုပ်ပြောမှာပေါ့ဗျာ "
"ဟာ …ဝမ်းသာလိုက်တာကွာ။ မင်း ဒီည
ဆက်ဆက်လာနော်။ ငါရော၊ ခင်အောင်ရော
စောင့်နေမယ် "
"စောင့်နေ စောင့်နေ။ ကျုပ် ဆက်ဆက်လာခဲ့မယ် "
ကျုပ်တို့ရွာနဲ့ ဘန့်ဘွေးကုန်းက ဝေးတာမှ
မဟုတ်တာဗျ။ နာရီဝက်လောက်လျှောက်ရင်
ရောက်တာပါ။ ည ၈နာရီလောက် ကျုပ်ရောက်သွားတော့
ကိုလိပ်ပုတို့ ညီအစ်ကို ကျုပ်ကို စောင့်နေကြတာဗျ။
ကျုပ်ကိုတွေ့တော့ သူတို့နှစ်ယောက်စလုံး
ဝမ်းသာသွားကြတယ်။
ကိုလိပ်ပုတို့အိမ်ကို ဝင်ပြီး ကိုလိပ်ပုတို့
မိဘတွေကို နှုတ်ဆက်ပြီး အရီးလေး မဖြူကို
အားပေးစကား ပြောရတာပေါ့ဗျ။
ည ကိုးနာရီထိုးတော့ ကိုလိပ်ပုညီတင်အောင်
အိမ်ပေါ် တက်လာတယ်ဗျ။
"ကိုတာတေရေ ဟိုဘက်အိမ်မှာတော့
လုပ်ငန်းစနေပြီဗျို့"
"ဟေ …ဟုတ်လားကွ တင်အောင် ။
ကဲ …ဒါဆိုရင် သွားကြစို့ ကိုလိပ်ပုရေ"
ကျုပ်ရယ် ၊ တင်အောင်ရယ် ကိုလိပ်ပုရယ်
အရီးလေး မဖြူတို့ ဝိုင်းထဲကို ဝင်လာခဲ့တယ်ဗျ။
ကျုပ်က မိုးချုပ်မှ ဘန့်ဘွေးကုန်းကို ရောက်လာတာ
ဆိုတော့ ကျုပ်ရောက်နေတာကို ဘန့်ဘွေးကုန်းက
သူငယ်ချင်းတွေ သိပုံမပေါ်ဘူးဗျ။
ကျုပ်ကလည်း တိုးတိုးတိတ်တိတ်ပဲ နေနေတာဗျ။
ကျုပ်ရောက်နေမှန်းသိရင် ဘန့်ဘွေးကုန်းက
ကောင်တွေ ကျုပ်ဆီကို အုပ်စုလိုက် ရောက်လာ
ကြမှာဗျို့။ ဒါဆိုရင် အရီးလေးအိမ်က ကိစ္စကို
တစ်ရွာလုံး မောင်းခတ်လိုက်သလို ဖြစ်သွားမှာပေါ့ဗျာ။
ကိုလိပ်ပုက အိမ်တံခါး ဖွင့်လိုက်တယ်။
"မီးထွန်းလိုက်ရမလား တာတေ"
"ထွန်းလေဗျာ။ ခါတိုင်း ကိုလိပ်ပုတို့
လာအိပ်သလိုပဲနေလေ"
ကိုလိပ်ပုက မှန်အိမ်ကလေး တစ်လုံးကို
မီးထွန်းလိုက်တယ်၊ အိမ်ကြီးထဲမှာ မှိန်ပျပျ
အလင်းရောင်လေး ဖြာထွက်သွားတယ်
ကျုပ်ရယ်၊တင်အောင်ရယ်၊ ကိုလိပ်ပုရယ်
အိမ်ရှေ့ကတန်းလျားလေးမှာ ထိုင်ပြီး
စကားမပြောဘဲ ငြိမ်နေကြတယ်
ကျုပ်ကတော့ ရွာက ထွက်လာကတည်းက
မျက်ကွင်းဆေး ကွင်းလာခဲ့တာဗျ။
"ရှပ် ရှပ် ရှပ် ရှပ် "
ဟော ခြေသံဗျ။ ပီပီပြင်ပြင်ကို ကြားနေရတာဗျို့
"ကြားလား တာတေ၊ အိမ်ပေါ်ထပ်မှာ လျှောက်နေတဲ့
အသံ ကြားလား "
ကိုလိပ်ပုက လေသံတိုးတိုးလေးနဲ့ ကျုပ်ကို
ပြောတာဗျ။
"ကြားတယ် ၊ ကြားတယ်၊ အိမ်ပေါ်တက်ကို
တက်ကြည့်ကြမလား "
ကျုပ်ကလည်း လေသံလေးနဲ့ပဲ ပြန်မေးလိုက်တယ်။
"ဟော …မကြည့်နဲ့ တာတေ၊ ခဏနေရင်
အောက်ထပ်ကို ဆင်းလာမှာ ခဏစောင့်နေ "
"ဒုန်း …ဘုန်း …ဘုန်း "
ဟာ…ဟုတ်သားပဲဗျ၊ အပေါ်ထပ်က ပြတင်းပေါက်
တံခါးတွေကို တွန်းနေတာဗျ။ နံရံကိုလည်း
တဘုန်းဘုန်းနဲ့ ထုနေတာဗျို့။
"ရှပ်… ရှပ်… ရှပ် …ရှပ်"
အိမ်ပေါ်ထပ်မှာ အနှံ့လျှောက်သွားနေတဲ့ ခြေသံဗျ။
"ဒုန်း …ဒုန်း "
ဟော …ပြတင်းပေါက်တွေကို လိုက်တွန်းနေတာ
ထင်တယ်ဗျို့။
"ရှပ် …ရှပ် …ရှပ် …ကျွိ…ကျွိ…"
ဟော…ဟော …လှေကားထစ်က ဆင်းလာခဲ့တဲ့အသံဗျ။
"ကြားလား တာတေ။ လှေကားက ဆင်းလာပြီ"
လှေကားကို စိုက်ကြည့်လိုက်တယ်။ ဟာ …ဟုတ်တယ်ဗျို့။
ဟုတ်တယ်၊ လှေကားကနေ ဆင်းလာတာဗျို့။
အိမ်ပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းလာတာဗျို့။
ဟော…ဖြူဖြူကြီးဗျ။ ဟော --- နောက်ဖေး
မီးဖိုချောင်ကို ဝင်သွားတယ်။
"ဒုန်း …ဒုန်း "
တံခါးတွေ လိုက်ပြီး တွန်းကြည့်နေတာဗျ။
ဟာ…ဘထွေးထွန်ကြည်ပါလား။
နောက်ဖေး မီးဖိုချောင်က ပြန်ထွက်လာတော့မှ
ကျုပ်က သေသေချာချာ မြင်ရတာဗျ။
ပထမတော့ ဖြူဖြူအရိပ်တစ်ခုလို မြင်ရတာ။
တဖြည်းဖြည်းနဲ့ ပုံပေါ်လာတာ။
ဘထွေးထွန်းကြည်ပဲဗျာ။ ဟော --- ပြတင်းပေါက်တွေကို
လိုက်တွန်းကြည့်နေတာဗျ။ ဘာလုပ်နေတာတုံးတော့
ကျုပ်လည်း မသိဘူး။
ဘထွေးထွန်းကြည်သရဲက ကျုပ်တို့ကို
တွေ့ပုံမရဘူး၊ ကျုပ်တို့ထိုင်နေတဲ့ အနားအထိ
ရောက်လာသေးတယ်။ သူ့မျက်နှာက
တစ်ခုခုကို မကျေနပ်နေတဲ့ပုံဗျ။
ပြီးတော့ တစ်ခုခုပျောက်လို့ လိုက်ရှာနေတဲ့ပုံပဲ။
အိမ်ထဲမှာ ဟိုကြည့်၊ ဒီကြည့်နဲ့ လျှောက်လုပ်နေတာဗျ။
လူတွေကို ခြောက်လှန့်နေတဲ့ပုံစံတော့ မဟုတ်ဘူး၊
သူ့ဟာသူပဲ ကိစ္စတစ်ခုခု၊ အကြောင်းတစ်ခုခု
ရှိနေတဲ့ပုံဗျ။ ပြီးတော့ ဒီအိမ်ကြီးထဲမှာ
သူတစ်ယောက်တည်း ရှိနေသလိုကြီးပဲဗျ။
လူတွေကိုလည်း သူမြင်ရပုံမပေါ်ဘူး။
သူတစ်ယောက်တည်း ကိစ္စတစ်ခုခုကို
လုပ်နေတဲ့ သဘောဗျ။
"ရှပ် ---ရှပ် ---ရှပ် ---ရှပ် ---"
ဘထွေးထွန်းကြည်သရဲက အိမ်နောက်ဖေးကို
ဝင်သွားပြန်ပြီဗျ။
"ကဲ --- ကိုလိပ်ပု တံခါးတွေ အကုန်လုံး လိုက်ဖွင့်ထားဗျာ "
ပြောပြောဆိုဆိုနဲ့ ကျုပ်တို့သုံးယောက်
အိမ်ရှေ့တံခါးမကြီးရော၊ ဘေးပြတင်းပေါက်တွေရော
အကုန်လုံး လိုက်ဖွင့်ထားလိုက်တယ်
ပြီးတော့ စောစောက ကျုပ်တို့ နေထိုင်တဲ့
တန်းလျားမှာ ပြန်ပြီး ထိုင်နေလိုက်တယ်။
"ရှပ် --- ရှပ် --- ရှပ် --- ရှပ် "
ဟော …ဘထွေးထွန်းကြည် သရဲက
ပြန်ထွက်လာပြန်ပြီဗျ။ ကျုပ်တို့ ဖွင့်ထားတဲ့
ပြတင်းပေါက်တွေကို လိုက်ကိုင်ကြည့်တယ်။
ဟော ---ဟော --- အိမ်ရှေ့တံခါးပေါက်ကို
တန်းသွားနေပြီဗျို့။ ဟော ---ထွက်တော့မယ်။
ထွက်တော့မယ်။ အပြင်ကို ထွက်ဖို့ ခြေလှမ်း
ပြင်နေပြီ။ ဟော ---ထွက်ပြီ ---ထွက်ပြီ။
"ဘုန်း "
"ဝုန်း "
ဟာ ---ဘထွေးထွန်းကြည် သရဲကို တစ်ယောက်ယောက်က
အိမ်ထဲကို ဆောင့်တွန်းပြီး ပြန်သွင်းလိုက်တဲ့ပုံပဲဗျ။
တော်တော်ဝေးဝေးကို လွင့်သွားတာ။ ဟော ---
ပြန်ထွက်လာပြီ။ သရဲ ပြန်ထလာပြီဗျို့။
ဟာ---သွားပြန်ပြီ။ အိမ်ရှေ့တံခါးကြီးဆီကို
ပြန်သွားပြန်ပြီ။ ဟော --- ဟော --- ခုနကလိုပဲ
အပြင်ကို တိုးထွက်သွားတယ်။
"ဘုန်း --- ဝုန်း "
ဟာ--- အပြင်က ဆောင့်တွန်းလိုက်တာဗျို့။
ဘထွေးထွန်းကြည်သရဲ အိမ်ထဲကို လွင့်ပြီး
ဝင်လာတာဗျို့။ ကိုလိပ်ပုနဲ့ တင်အောင်ကတော့
ဘာမှ မမြင်ရတော့ အသံပဲ နားထောင်နေရတာပေါ့ဗျာ။
ဟော--- ဘထွေးသရဲ ပြန်ထလာပြန်ပြီဗျို့။
"ရှပ် --- ရှပ် --- ရှပ် --- ရှပ် "
ဟော --- ထလျှောက်သွားပြန်ပြီ။ ခြေသံကိုတော့
ကိုလိပ်ပုတို့ ကြားတယ်ဗျ။
"ဟော --- တာတေ---ကြားလား။လျှောက်သွားနေပြန်ပြီ။
ဘာတွေ ဖြစ်နေပြန်ပြီ ဘာတွေဖြစ်နေတာလဲ မသိဘူးကွ "
ကိုလိပ်ပုတို့က ကျုပ် မျက်ကွင်းဆေးကွင်းတာတို့
သရဲကို မြင်နေရတာတို့ ဘယ်သိမှာတုံးဗျာ။
ကျုပ်လည်း သူတို့လိုပဲ အသံလောက်
ကြားတယ် ထင်နေကြတာဗျ။
ဟော--- ဘထွေးထွန်းကြည်သရဲက
ပြတင်းပေါက်တစ်ခုဆီကို လျှောက်သွားနေတာဗျို့
ဟာ …သရဲက ပြတင်းပေါက်ကို ကျော်တက်နေတာဗျ။
ဒီပြတင်းပေါက်ကနေ သူ အပြင်ကို ခုန်ထွက်မယ်နဲ့
တူတယ်ဗျ။
"ဝုန်း ---ဒုန်း "
ဟာ---ဆောင့်တွန်းလိုက်ပြန်ပြီဗျို့။ အပြင်ကနေ
တွန်းနေတာ ဘယ်လိုအင်အားစုမှန်းတော့
ကျုပ်မသိဘူးဗျ။ ဘထွေး သရဲကတော့
အိမ်ထဲကို ပြန်ပြီးလွင့်ကျလာတာဗျို့
ကျုပ်တွေးကြည့်တယ်။ ဒါ ဘာဖြစ်တာတုံး ဆိုတာ။
ဘထွေးသရဲက မသွားတော့ဘူးဗျ။
တံခါးပေါက်တို့ ပြတင်းပေါက်တို့ကို
မသွားတော့ဘူး၊ တိုင်ကိုမှီပြီး ထိုင်နေပြီဗျို့။
အိမ်ကြီးထဲမှာလည်း ဘာသံမှ မကြားရတော့ဘူးဗျ။
"တာတေ --- သရဲ ဘယ်ရောက်သွားလည်း
မသိဘူးကွ ။ ငြိမ်သွားပြီဟေ့ "
ကျုပ် ကိုလိပ်ပုတို့ကို အမှန်အတိုင်း မပြောရက်ပါဘူးဗျာ။
ဒါပေမဲ့ ဒီလူကိုတော့ ကျုပ်ချီးကျူးတယ်ဗျာ။
ညတိုင်း ဒီအသံတွေ ကြားနေတာတောင်မှ
ဒီအိမ်မှာ ဆက်အိပ်နေရဲတာ။ မကြောက်တတ်လို့
ဖြစ်မှာပေါ့ဗျာ။ နောက်တစ်ခုက သရဲကလည်း
သူတို့ကို မြင်ပုံမပေါ်ဘူးဗျ။ သူ့ကိစ္စ သူလုပ်နေတာ
ဘယ်သူ့ကိုမှ ခြောက်လှန့်နေတာ မဟုတ်ဘူးဗျ။
ကျုပ်တွေးမိတာ တစ်ခုရှိတယ်ဗျ။
ဘထွေးထွန်းကြည် သရဲဟာ အိမ်ပြင်ကို ထွက်ဖို့
ပြင်နေတာဗျ။ အပြင်က တစ်ခုခုက ပြန်ပြီး
တွန်းထည့်နေတာဗျ။ ဒီသရဲ ဘာဖြစ်လို့
ဒီအိမ်ထဲကနေ အပြင်ကို ထွက်လို့မရမှန်း
ကျုပ် မတွေးတတ်ဘူး။ ကျုပ် ဘာလုပ်ရမလဲဆိုတာ
တွေးကြည့်တယ်။ နောက်ဆုံးတော့လည်း
ကျုပ် ကိုလိပ်ပုကို ဖွင့်ပြောရတော့တာပေါ့ဗျာ။
ကျုပ် ကိုလိပ်ပုနဲ့ တင်အောင်ကို အိမ်အပြင်
ခေါ်ထုတ်လိုက်ပြီးမှ ပြောတယ်
"ကိုလိပ်ပု ကျုပ်ပြောမယ် ။သရဲက တခြားက
မဟုတ်ဘူးဗျ။ ခင်ဗျားတို့ ဘထွေးထွန်းကြည်ပဲ "
"ဟေ ---ဟုတ်လား၊မင်းသိတယ် ဟုတ်လား တာတေ"
"သိလို့ ပြောတာပေါ့ ---ကိုလိပ်ပုရာ"
"အင်း---ဒါကြောင့်လည်း မင်းနာမည်က
ကျော်ကြားနေတာပဲကိုး၊ အေး ---ဆက်ပြောပါဦး
တာတေရ"
"ဘထွေးသရဲက တံခါးပေါက်တွေ၊ ပြတင်းပေါက်
တွေကနေ အပြင်ထွက်ဖို့ ကြိုးစားနေတာဗျ။
ဒါပေမဲ့ အပြင်က တစ်ခုခုက သူ့ကို အပြင်အထွက်
မခံဘူး။ ဆောင့်တွန်းပြီး အိမ်ထဲကို ပြန်ပို့နေတာဗျ။
ဘထွေးသရဲက ပြတင်းပေါက်ကနေ ထွက်ဖို့
ကြိုးစားတာတောင် ထွက်လို့မရဘူးဗျ"
"ဟေ--- ဟုတ်လား၊ ဒီအပြင်ကနေ ထွန်းထည့်နေတာ
ဟုတ်လား"
"ဟုတ်တယ်ဗျ၊ ဒီအပြင်မှာကျတော့လည်း
ဘာမှမရှိပြန်ဘူးဗျ၊ ကျုပ်လည်း အဲဒါကို
အတွေးရ ခက်နေတာ ကိုလိပ်ပုရ "
ကျုပ်တို့ စကားပြောနေတုံးမှာ ဝိုင်းထဲကို
လူတစ်ယောက် ရပ်ကြည့်နေတယ်ဗျ။
ကျုပ် သေသေချာချာ ကြည့်လိုက်တော့
သူလည်း တစ္ဆေဗျ။ ဒါပေမဲ့ ဒီတစ္ဆေက
ပုဆိုးနဲ့ မဟုတ်ဘူးဗျ။ ဘောင်းဘီပွပွကြီး
ဝတ်ထားတာ။
သူဝတ်ထားတဲ့ဘောင်းဘီက ဝပ်ရှော့မှာ
စက်ပြင်ဆရာတွေ ဝတ်တဲ့ ဘောင်းဘီမျိုးဗျ။
ခပ်ပွပွကြီး။ ဒီတစ္ဆေက အိမ်ထဲကို လှမ်းကြည့်တယ်။
သေသေချာချာကို ကြည့်နေတာဗျ။
ဟော--- အပြင်က ဘောင်းဘီပွပွနဲ့
တစ္ဆေက အိမ်ထဲက ဘထွေးကို တွေ့သွားပြီဗျ။
လက်ယက်လှမ်းခေါ်တယ်။ အိမ်ထဲက
ဘထွေးထွန်းကြည်တစ္ဆေကတော့
တိုင်ကို မှီပြီ ထိုင်နေတာ မထတော့ဘူးဗျ။
အိမ်ပြင်က တစ္ဆေက ဘထွေးကို
စကားစမြည် ပြောချင်လို့ ထင်ပါရဲ့ဗျာ။
ကားရားကားရာနဲ့ အိမ်ပေါက်ဝကို
လျှောက်သွားတယ်။ ပြီးတော့
အိမ်ထဲကို ခြေလှမ်းပြီး ဝင်လိုက်တယ်။
"ဘုန်း --- ဝုန်း "
ဟာ--- လွင့်သွားပြီဗျို့ ။ မြေကြီးပေါ်မှာ
တစ္ဆေပက်လက်ကြီး လဲနေတယ်ဗျ။
တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်တဲ့ပုံပဲဗျ။
လွင့်ကို ထွက်လာတာ ။ ဟော ---
ဘောင်းဘီပွ တစ္ဆေ ကုန်းရုန်းထတယ်ဗျ။
ဟာ ---အိမ်ပေါက်ဝကို တစ်ခေါက်
ထပ်သွားပြန်ပြီဗျို့။ ဝင်တော့မယ်။
အိမ်ထဲဝင်တော့မယ်။
"ဘုန်း ---ဝုန်း "
ဟာ --- ဒီတစ်ခါတော့ ဝိုင်းဝအထိကို
လွင့်သွားတာဗျို့၊ တစ္ဆေပက်လက်ကြီး
လဲနေတယ်။ ချက်ချင်း ပြန်မထနိုင်တော့ဘူးဗျို့။
"တာတေ --- မင်း ဘာကိုကြည့်နေတာတုံး"
ကျုပ် ကြည့်နေတာကိုတွေ့တော့ ကိုလိပ်ပုက
မေးတယ် ။
"ဝိုင်းထဲကို တခြားတစ္ဆေတစ်ယောက်
ဝင်လာတာဗျ၊ အိမ်ထဲက ဘထွေးကို တွေ့လို့
ဝင်မလို့ လုပ်တာ။ တစ်ယောက်ယောက်က
ဆောင့်တွန်းလိုက်သလို လွင့်သွားတာဗျ"
"ဟေ .--- တွန်းပြန်ပြီ ဟုတ်လား။ ဘယ်လိုဟာတုံးကွ၊
ဒီဟာက အထဲတွန်းလိုက်၊ အပြင်တွန်းလိုက်နဲ့
ဘာသေဘာတုံးကြ "
"အင်း ဘာသဘောတုံးဆိုတာတော့ ကျုပ်လည်း
မသိဘူးဗျ။ ဒါပေမဲ့ ကျုပ်တွေးမိတာ တစ်ခုကတော့
ဒီအတိုင်း ကြာလာရင် ဝိုင်းထဲမျာ တစ္ဆေတွေ
ပြုံပြီး ရောက်လာလိမ့်မယ်ဗျ"
"ဟေ ---ဟုတ်လား၊ လုပ်ပါဦးတာတေရယ်
တစ္ဆေတွေ အများကြီးရောက်လာရင် ဒုက္ခပဲ "
"ဒီလိုလုပ်ဗျာ၊ ဒီည ခင်ဗျားတို့နှစ်ယောက်
ဒီအိမ်မှာ မအိပ်နဲ့၊ မှန်အိမ်မီးငြိမ်းခဲ့ပြီး ခင်ဗျားတို့
အိမ်မှာသာ ပြန်အိပ်ကြပေတော့။ တံခါးတွေလည်း
ပိတ်သာထားလိုက်တော့ "
"ဟေ ---ဟုတ်လား၊ မင်းက ငါတို့နဲ့ လိုက်အိပ်မှာမို့လား"
"ဟာ ---ကျုပ်က ပြန်မှာပေါ့ ကိုလိပ်ပုရ "
"ဟေ ---ပြန်မယ်ဟုတ်လား တာတေ၊
မင်းကွာ ညကြီး မိုးချုပ် ဒီမှာပဲ အိပ်လိုက်ပါကွာ"
"ဟာ --- မအိပ်ပါဘူးဗျ၊ ကိုလိပ်ပုရ၊ ဘာဆိုတာ
ကျုပ်သိသွားပြီပဲ၊ ဘယ်လိုလုပ်ရမယ်ဆိုတာသာ
ကျုပ်သိအောင်လုပ်ရမှာလေဗျာ၊ ကျုပ်ပြန်ပြီး
လုပ်ရဦးမှာပေါ့ဗျ"
"ဒါဆိုလည်း ငါလိုက်ပို့မယ် "
"ဗျာ --- လိုက်ပို့မယ်ဟုတ်လား ကိုလိပ်ပု။
ခင်ဗျားပြန်တော့ တစ်ယောက်တည်း
ပြန်ရဲပါ့မလား "
"ဟေ ---အေး ဟုတ်သားပဲ၊ တစ်ယောက်တည်းတော့
ငါမပြန်ရဲဘူးကွာ၊ အဲ --- နေဦး။ တင်အောင်
မင်းပါလိုက်ခဲ့လေကွာ၊ ဒါဆိုရင် ပြန်ရဲတယ်ကွ "
"ဟာ --- ကိုကြီးလိပ်ပုကလည်း ခင်ဗျားက
ပြန်ရဲပေမယ့် ကျုပ်က မပြန်ရဲဘူးဗျ"
"ကဲ --- ကောင်းရောကွာ "
"ဟား ဟား ဟား ဟား ဘာမှမပူပါနဲ့ဗျာ။
တာတေက ဒီလမ်းတွေကို နေ့ရော ညရော
သွားနေကျပါဗျ။ အဲ --- အရီးတို့ကိုသာ
ပြောလိုက်၊ ကျုပ်ပြန်ပြီ "
ပြောပြောဆိုဆို ကျုပ်ထွက်ချလာခဲ့တယ်ဗျ။
အိမ်ပြန်ရောက်တော့ သန်းခေါင်ကြက်တောင်
မတွန်သေးပါဘူးဗျာ။ ကျုပ် အိပ်ရာမဝင်ခင်
နဂါးဆေးပေါ့လိပ်ကလေး သောက်ရင်း
ထိုင်ပြီး စဉ်းစားတယ်ဗျ။ ဒါ ဘာသဘောလဲပေါ့ဗျ။
လူတစ်ယောက်သေပြီး အစွဲအလမ်း တစ်ခုခုကြောင့်
တစ္ဆေဖြစ်နေတယ်ဗျ။သူတစ်နေရာကို သွားချင်နေပုံပဲဗျ။
ဒါပေမဲ့ သူ့ကို တစ်ယောက်ယောက် သွားခွင့်
မပေးတဲ့ပုံပဲဗျ။ ဒီဘထွေးထွန်းကြည်
တစ္ဆေဖြစ်လောက်အောင် စွဲလန်းတဲ့ အရာက
ဒီအိမ်နဲ့ မပတ်သက်တာတော့ သေချာတယ်ဗျ။
ပြီးတော့ အပြင်ကဝင်လာတဲ့ တစ္ဆေကိုလည်း
အိမ်ထဲ အဝင်မခံဘူးဗျ။ ဒါဆိုရင်တော့
တစ်ယောက်ရှိတာ သေချာတယ်ဗျာ။
ဒါပေမဲ့ ခက်တာက အဲဒီတစ်ယောက်ယောက်ကို
ကျုပ် မမြင်ရဘူးဗျ။ နောက်ဆုံးတော့
ကျုပ် မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို
ကိုင်ပြီး မဖဲဝါကို တိုင်တည်လိုက်တယ်။
ဒီကိစ္စကို ဘယ်လိုရှင်းရမယ်ဆိုတာ ပြောဖို့ပေါ့ဗျာ။
ပြီးတော့ ကိုယ်ခွဲရုပ်ကလေးကို ကျုပ်
ခေါင်းအုံးအောက်မှာ ထားပြီး အိပ်လိုက်တယ်။
"ဟဲ့ ---တာတေ---ထွန်းကြည်က လူစုံဟဲ့ "
ကျုပ်ရှေ့ခပ်လှမ်းလှမ်းမှာ ဟော်လန်ပန်း
အဝါလေးပန်ထားတဲ့ ကောင်မလေးကို
တွေ့နေရတယ်။ ကျုပ် သိပြီးသားပေါ့ဗျာ။
ဒါ မဖဲဝါ ရုပ်ပြောင်းထားတာလေ။
သူ့နဂိုရုပ်ဆိုရင် ကျုပ်လန့်သွားမှာ
စိုးလို့ပေါ့ဗျာ။
"အခု သူ ဘာဖြစ်နေတာတုံးဗျ"
"ဒီကောင်က ဆရာတွေနဲ့ ပေါင်းပြီး သူ့အိမ်ကို
သရဲ တစ္ဆေမဝင်နိုင်အောင် ဆိုပြီးတော့ အိမ်ရဲ့
ထောင့်လေးထောင့်မှာ အင်းတွေမြှုပ်ထားတာ။
အင်းတွေက အင်းကောင်းတွေဆိုတော့
အင်းစောင့်တွေက စောင့်နေတာလေ။
အခုတော့ ဒီကောင် သူ့အတတ်နဲ့ သူ့စူးတာပေါ့။
သူသေလို့ တစ္ဆေဖြစ်တော့ အိမ်ထဲကနေ
အိမ်ပြင်ကို ထွက်လို့ မရတော့ဘူးလေ။
အင်းစောင့်က သူစောင့်နေတဲ့ စည်းကို
အကျော်မခံဘူးလေ။ အပြင်က တစ္ဆေကို
အဝင်မခံသလို အတွင်းက တစ္ဆေလည်း
ဒီစည်းကို အကျော်မခံဘူးဟဲ့ တာတေရဲ့ "
"ဟာ ---ဒါဆိုရင် ဒီအိမ်ကြီးက ကြွက်ထောင်ချောက်လို
ဖြစ်နေတာပေါ့ဗျ"
"အေး…---ဟုတ်တယ်။ တစ္ဆေထောင်ချောက်ပေါ့
တာတေ၊ အထဲမှာ တစ္ဆေ ပိတ်မိနေတာပေါ့ "
"မဖဲဝါ ထောင်ချောက်ထဲမှာ မိနေတဲ့ ကြွက်ဆိုရင်
ကျုပ် လွှတ်ပေးလို့ ရတာပဲဗျ။ ထောင်ချောက်
မိနေတဲ့ တစ္ဆေကိုရော လွှတ်ပေးလို့ မရဘူးလား"
"ရတာပေါ့ တာတေရ။ မြှုပ်ထားတဲ့ အင်းတွေကို
ရှာပြီး နင်ဖော်ပစ်လိုက်လေ။ ဒါဆိုရင် မိနေတဲ့
တစ္ဆေ လွတ်သွားမှာပေါ့ "
"သြော် ---ဒီလိုလား "
ကျုပ် မနက်မိုးလင်းလို့ အိပ်ရာနိုးလာတော့
ထမင်းကြမ်းစားတယ် ။ အဘနဲ့ အမေကို
လုပ်ပေးစရာတွေ လုပ်ပေးလိုက်တယ်
နွားစာကုန်နေတာနဲ့ ကျုပ်ပြောင်းရိုးတွေ
စဉ်းလိုက်သေးတယ်ဗျ။
နွားတွေကို အစာကျွေး၊ ရေတိုက်ပြီးမှ
ကျုပ်ဘန့်ဘွေးကုန်းကို ထွက်လာခဲ့တယ်
ကိုလိပ်ပုတို့အိမ်ကို ကျုပ်ရောက်တော့
သူတို့မိသားစုတွေ ဝိုင်းပြီး ထိုင်နေကြတာဗျ။
"တာတေ ငါတို့ ဘယ်လိုလုပ်ရမှာတုံး "
အရီးလေးမဖြူက မျက်ရည်လေးစမ်းစမ်းနဲ့
ပြောရှာတယ်ဗျ။
"ဘာမှမပူနဲ့ အရီးလေး၊ ကျုပ် ဘာလုပ်ရမယ်
ဆိုတာ သိလို့ အခု ပြန်လာတာဗျ"
"ဟေ ဟုတ်လား။ လုပ်ပါ တာတေရ၊
မြန်မြန်သာ လုပ်ပေးလိုက်ပါဟာ ။
နင်ပြောသလိုဆိုရင် နင့်ဘထွေးခမျာ
အိမ်ထဲက ထွက်လို့ မရဘူး ဖြစ်နေတာပေါ့"
"ဟုတ်တယ် အရီးလေး ။ဒါပေမဲ့ မပူနဲ့
ကျုပ် အခုပဲ သွားလုပ်မှာပါ၊ ကဲ …ကိုလိပ်ပု
လာဗျာ၊ ခင်ဗျားနဲ့ ကျုပ် လုပ်ကြမယ်
ဟိုကောင် တင်အောင်ရော "
"တင်အောင် ယာထဲဆင်းသွားတယ်ကွ တာတေရ "
"သြော် ---ဟုတ်လား၊ ကဲ ---ဒါဆိုလည်း ခင်ဗျားနဲ့
ကျုပ်နဲ့ လုပ်ကြတာပေါ့ဗျာ၊ ကဲ ---တူရွင်းလေး
ဘာလေး ယူခဲ့ဗျာ "
ကိုလိပ်ပုက ဝိုင်းနောက်ဘက်ကို ဝင်သွားပြီး
တူရွင်းတစ်ချောင်း ယူတယ်။ ကိုလိပ်ပု
ပြန်ထွက်လာတော့ ကျုပ်တို့ နှစ်ယောက်ယောက်
ဘထွေးထွန်းကြည်တို့ ဝိုင်းကို ကူးလာခဲ့တယ်။
မဖဲဝါ ညက အိပ်မက်ပေးတဲ့အထဲမှာ
ပါတယ်ဗျ။ တိုင်ခြေနဲ့ တစ်တောင်ကွာမှာ
အင်းမြှုပ်ထားတာတဲ့ဗျ။
ကျုပ်က ကိုလိပ်ပုကို အကျိုးအကြောင်း
ပြောပြလိုက်တယ်။ ကိုလိပ်ပုကလည်း
သဘောပေါက်ပြီး ပြောတယ်ဗျ။
"မင်းပြောတာ ဟုတ်မယ်ကွ တာတေရ။
ငါ့ဘထွေးက လူစုံကွ။ ဆေးရော၊ အင်းရော၊
ဓါတ်ရော အို--- စုံနေအောင် လုပ်တဲ့လူကွ၊
မင်းပြောတာ ဖြစ်လောက်တယ် "
ကိုလိပ်ပုက တိုင်ခြေကို တစ်တောင်ခွာပြီး
တူးတော့တာပဲဗျို့။ခေါင်းရင်းဘက်ကတိုင်ကို
စတူးတာဗျ။ အိမ်က ကျွန်းအိမ်ကြီးလေဗျာ။
ကျွန်းတိုင်ကို အုတ်ခံပြီးဆောက်တာဗျ။
အုတ်တိုင်နဲ့ တစ်တောင်ခွာပြီး ကျုပ်တို့
တူးတာပေါ့ဗျာ။
"ဒုတ် "
"ဟော ---တွေ့ပြီဟေ့၊ ဒါ ထင်တယ် "
"ကော်ထုတ်လိုက်၊ ကော်ထုတ်လိုက်။
ဟာ ---ဟုတ်ပဗျာ။ ဒါ ကျောက်သင်ပုန်းမှာ
ချတဲ့အင်းပဲ။ ဒါ ရိုးရိုးကျောက်သင်ပုန်း မဟုတ်ဘူး။
သိမ်ကိုးသိမ်ဝင်တဲ့ ကျောက်သင်ပုန်းဗျ။
ကျုပ် ဆရာကြီးတွေ ကျုပ်ကို ပြောဖူးတယ် "
"ဟေ---ဟုတ်လား။ ဒါကြောင့် စွမ်းတာကိုး "
"လာဗျာ ။ ခြေရင်းအောက်ကတိုင်ကို တူးရအောင်"
ကျုပ်နဲ့ ကိုလိပ်ပု တစ်ယောက်တစ်လှည့်
တူးကြတာပေါ့ဗျာ။ ခြေရင်းတိုင်ကလည်း
တစ်ချပ်တွေ့တယ်။ အိမ်နောက်ဘက်က
တိုင်တွေရဲ့ အခြေမှာလည်း ကျုပ်တို့
နှစ်ယောက်တူးတာ အင်းတွေ တွေ့တယ်ဗျ။
အားလုံး အင်းလေးချပ်ဗျ။
တိုက်ကြည့်တော့ အင်းဆံတွေက အတူတူချည်းပဲ။
ကျုပ်က ကျုပ်ဆရာတွေသင်ပေးထားတဲ့
အင်းသက်နုတ်တဲ့ ဂါထာကို ရွတ်ပြီး
အင်းတစ်ချပ်စီကို အင်းသက်နုတ်လိုက်တယ်။
ပြီးတော့ အိမ်တံခါးတွေ အကုန်ဖွင့်ခိုင်းထားလိုက်တယ်။
ကိစ္စပြီးတော့ အင်းချပ်တွေ ယူပြီး
ကျုပ် ထနောင်းကုန်းကို ပြန်ခဲ့တာပေါ့ဗျာ။
နောက်တစ်နေ့ မနက် စောစောမှာ ကိုလိပ်ပု
ရောက်လာတယ်ဗျ။
"တာတေရေ---ညကတော့ ဘာသံမှကို
မကြားရတော့ဘူးဟေ့။ ဘထွေးထွန်းကြည်တော့
သွားပြီထင်တယ်ကွ။ အရီးလေးတို့
သားအမိတွေတောင် သူတို့အိမ်ကို
ပြန်သွားကြပြီ"
"အင်း ---ဒါဆိုရင်တော့ ကိစ္စပြီးသွားပြီ
ကိုလိပ်ပုရာ"
ကိုလိပ်ပုလည်း ကျုပ်နဲ့ တစ်နာရီလောက်
ကြာအောင် စကားထိုင်ပြောပြီးမှ
ပြန်သွားတယ်ဗျ။
မူရင်းရေးသူ ဆရာ တာတေ

Comments

Popular posts from this blog

သရဲပေတိုး

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

စောရဦးခေါင်း