အောင်မြတ်သာနှင့်ကဝေပျံအညိုး



အောင်မြတ်သာနှင့်ကဝေပျံအညိုး


နေအပူရှိန်အရမ်းပြင်းတဲ့ နေ့လည်ခင်းအချိန်မှာ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်ကတော့ အရိပ်အာဝါသကောင်းတဲ့ ဘုရားစောင်းတန်းလေး တစ်ခုမှာ အနားယူနေခဲ့ကြတယ်။ စောင်းတန်းတစ်လျောက် ရှေးဟောင်းအနုပညာလက်ရာတွေက ဟောင်းနွမ်းနေပေမယ့် တန်ဖိုးမဖြတ်နိုင်လောက် အောင်သေသပ်လှပေနေသေးတာကိုလဲ သတိပြုမိခဲ့ကြတယ်။


မကြာမီ စောင်းတန်းထဲကို ရေးကြီးသုတ်ပြာဝင်လာတဲ့လူအချို့ကိုမြင်တော့ လှဲအိပ်နေတဲ့ တောက်ရက ငေါက်ခနဲထထိုင်လိုက်ပြီး အခြေအနေကို အကဲခတ်လိုက်တယ်။


အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ထားပြီး နှုတ်ခမ်းမွှေးစစနဲ့လူတစ်ယောက်က စောင်းတန်းတစ်လျောက်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်ရင်း အနားယူနေတဲ့အောင်မြတ်သာတို့ကိုမြင်တော့


” ဒီက ဆရာတို့က ပယောဂကုတဲ့သူတွေလား”


” ဆိုပါတော့ဗျာ… ဘာများဖြစ်လို့ပါပဲ”


” အဆင်သင့်လိုက်လေဗျာ…အရင်ကဒီစောင်းတန်းမှာ ပယောဂဆရာတွေအတော်များများနေကြတယ် ဒီကဆရာသမားတွေကိုတော့ အရင်ကမမြင်မိဘူး”


” ကျုပ်တို့က ခရီးသွားရင်း ခဏနားနေကြတာပါဗျာ ..ဒါနဲ့ မိတ်ဆွေက ဘာကြောင့် ပယောဂကုတဲ့ဆရာကိုရှာနေရတာလဲ”


“ဒီလိုဆရာရေ.. ကျုပ်တို့အလုပ်လုပ်တဲ့ ဆေးလိပ်ခုံပိုင်ရှင်ရဲ့သားကို တစ်စုံတစ်ယောက်က ပြုစားထားတာ … တစ်ရက်တစ်ခြား ဗိုက်က အပြင်ကိုပူထွက်လာတာ ..မသိရင် ဗိုက်ကြီးသည်လိုပဲဗျာ”


နှုတ်ခမ်းမွေးစစနဲ့လူရဲ့စကားကြောင့် အောင်မြတ်သာက သက်ခိုင်နဲ့ တောက်ရကို အဓိပ်ပါယျပါပါလှမျးကွည့ျလိုကျတယျ။


” ဒါဖြင့် ရောဂါသည်နေတဲ့အိမ်ကို လမ်းပြပေးပါဦး”


” လာကြ လာကြ ကျုပ်ခေါ်သွားပေးပါမယ်.. ဆရာတို့သာ အကိုလေးရဲ့ရောဂါကိုပျောက်အောင်ကုပေး နိုင်ရင် ကုသကြေးမြိုးမြိုးမျက်မျက်ရမှာဗျ”


အရှေ့ကနေသွားနေရင်းပြောလိုက်တဲ့သူရဲ့စကားကြောင့် အောင်မြတ်သာက နှုတ်ခမ်းလေးတွန့်ရုံတစ်ချက်ပြုံးလိုက်ပြီး အနောက်ကနေလိုက်သွားခဲ့တယ်။ မိနစ်အနည်းငယ်ကြာသွားပြီးတဲ့ အချိန်မှာတော့ ရေနံချေးဝနေအောင်သုတ်ထားတဲ့ ပျဉ်ထောင်အိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။


အောင်မြတ်သာလဲ အိမ်ရှေ့ကိုရောက်တော့ အပေါ်ကိုချက်ချင်းမတက်ပဲ ဘေးဘီကိုအကဲခတ်လိုက်ရာ အိမ်အနောက်ဖက်မှာ အလွန်ကြီးတဲ့ဂိုဒေါင်တစ်လုံးကိုမြင်လိုက်ရတယ်။ ဂိုဒေါင်အနားတစ်ဝိုက်မှာတော့ နေလှန်းထားတဲ့ဆေးလိပ်ရွက်တွေကို သိမ်းတဲ့သူသိမ်း၊ အသစ်လှန်းတဲ့သူလှမ်းနဲ့အလုပ်လုပ်နေကြတဲ့ မိန်းကလေးအချို့ကိုလဲမြင်တွေ့လိုက်ရတယ်။


” ဆရာ… အိမ်ပေါ်တက်ခဲ့ဦးလေ”


နှုတ်ခမ်းမွေးစစနဲ့လူရဲ့စကားကြောင့် အောင်မြတ်သာလဲ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။ အပေါ်ကိုရောက်တော့ အိမ်ဦးခန်းမှာ ဗိုက်ကြီးပူပြီး တစ်အီးအီး တစ်အားအားနဲ့ ညဉ်းညူနေတဲ့ အသက်သုံးဆယ်အရွယ်လူတစ်ယောက်ကိုမြင်လိုက်ရတယ်။


” မောင်စ.. ဒီဆရာတွေကို မင်းခေါ်လာတာလား”

ပိုးသားအင်္ကျီ၊ ဘန်ကောက်ပုဆိုးကို ကျနစွာဝတ်ဆင်ထားတဲ့ အသက် ခြောက်ဆယ်အရွယ်လူကြီးတစ်ယောက်ရဲ့စကားကြောင့် မောင်စ ဆိုတဲ့လူက ပြာပြာသလဲလဲနဲ့


” ဟုတ်ပါတယ် သူဌေး.. ဒီကဆရာတွေကလဲ ပယောဂကုတဲ့သူတွေပါ”


” ဟာ .. ဒီအနားတစ်ဝိုက်က သမ္ဘာရင့်ဆရာတွေတောင် ငါ့သားရောဂါကိုမကုနိုင်တာ ဒီလိုလူငယ်တွေကဘယ်လိုလုပ်နိုင်မှာလဲကွ”


အထင်သေးစွာပြောလိုက်တဲ့စကားကြောင့် အောင်မြတ်သာက ခပ်ထေ့ထေ့လေးပြုံးကာ

” ဒါဆိုလဲ အဘ စိတ်တိုင်းကျတဲ့ဆရာတွေကို ပင့်ပြီး ကုပါ…အော် ဒါနဲ့ နောက်တစ်နာရီဆိုရင် လူနာကိုယ်ကနေ ထူးဆန်းတာတစ်ခုခုဖြစ်လိမ့်မယ်။ သတိထားကြဦးနော်” လို့ပြောပြီး အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။


ခြံဝိုင်းအပြင်ဘက်ကိုရောက်တော့ သက်ခိုင်က

” ဆရာ လူနာပုံစံကိုကြည့်ရတာ အပင်းထည့်ခံထိထားသလိုပဲ၊ သူ့ဗိုက်ကပူထွက်နေတာ မသိရင်ဗိုက်ကြီးသည်လိုပဲဗျ”


” ဟုတ်တယ်လေ သူမကြာခင် မီးဖွားတော့မှာ”


” ဗျာ… ဘယ်လို”


” ထားပါ… ကာယကံရှင်တွေက ငါတို့ကိုမယုံကြည်ဘူးဆိုတော့ ဥပေက္ခာပြုရမယ့်အခြေအနေဖြစ်လာတာပေါ့”


ဆရာတပည့်တွေ စကားတစ်ပြောပြောနဲ့လမ်းလျောက်လာနေတဲ့အချိန်


” ရပ်ပါဦး ဆရာတို့… ရပ်ပါဦး” ဆိုတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ ရထားလုံးကိုဒုန်းစိုင်းမောင်းလာတဲ့ မောင်စ ဆိုသူကိုမြင်လိုက်ရတယ်။


” ဟေ့လူ ခင်ဗျားက ဘယ်လိုဖြစ်လို့ ကျုပ်တို့အနောက်လိုက်လာတာလဲ”


တောက်ရစကားကြောင့် မောင်စက ရထားလုံးပေါ်ကနေခုန်ဆင်းလာပြီး


” အကိုလေး အခြေအနေ မကောင်းတော့ဘူးဗျ… စအိုပေါက်ထဲကနေ သွေးတွေဆင်းနေပြီ”


” အင်း.. ဒီလိုဖြစ်မယ်ဆိုတာ အစထဲကသိပြီးသားပါ”


” တောင်းပန်ပါတယ်ဆရာရယ် … သူဌေးက စကားပြောမတတ်လို့ဖြစ်သွားတာပါ။ အခုသူကိုယ်တိုင်ဆရာတို့ကိုပင့်ခိုင်းလိုက်တာ။ ရထားလုံးပေါ်ကိုတက်ခဲ့ပေးပါဆရာ”


အောင်မြတ်သာလဲ မောင်စရဲ့စကားကြောင့် အသက်တစ်ချောင်းကယ်ကောင်းပါတယ်ဆိုတဲ့အတွေးနဲ့ ရထားလုံးပေါ်တက်ကာ လိုက်လာခဲ့လိုက်တယ်။


အိမ်ရှေ့ကိုရောက်တော့ အိမ်ပေါ်ကနေ ငယ်သံပါအောင် အော်ပြီးပြေးဆင်းလာတဲ့ အိမ်ဖော်ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။


” ဟဲ့ လုံးတင် ဘာဖြစ်တာလဲ”


” အကိုလေး အကိုလေး ဖင်ထဲကနေ ခွေးသားပေါက်တွေ ထွက်လာလို့”


အိမ်ဖော်မလေးစကားကြောင့် အောင်မြတ်သာတို့လဲ အချိန်မဆိုင်းနေတော့ပဲ အိမ်ပေါ်ကိုတက်ကြည့်လိုက်တော့ သွေးအိုင်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ခွေးသားပေါက်သုံးကောင်ကိုတွေ့လိုက်ရတယ်။


“သက်ခိုင် လူနာရဲ့ပတ်လည်ကို သိမ်ဝင်ပရိတ်ကြိုးနဲ့တားလိုက်။ တောက်ရ မင်းက ပရိတ်ကြိုးအပြင်ဘက်ကနေ သုံးကွက်အင်းကိုပြာချထားတဲ့ ပြာမှုန့်ကိုရေနဲ့ရောပြီး စည်းထပ်ထား”


အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရတို့က မိမိတို့လုပ်ရမယ့်တာဝန်တွေကို အလျင်အမြန်လုပ်ဆောင်လိုက်တော့မှ ဗိုက်ကိုကိုင်ပြီးအော်ဟစ်နေတဲ့ လူနာက အသံတိတ်သွားခဲ့တယ်။


အဲဒီတော့မှ အိမ်ပိုင်ရှင်သူဌေးက အောင်မြတ်သာ အနားကိုကပ်လာပြီး

” ဆရာတို့ကိုအပြင်ပန်းကြည့်ပြီး အထင်သေးခဲ့မိတာ တောင်းပန်ပါတယ်။ ကျုပ်သားလေးဖြစ်နေတဲ့ ရောဂါကိုပျောက်အောင်ကုနိုင်မယ်ဆိုရင် ကျုပ်စည်းစိမ်တွေကုန်သွားပါစေ ပေးနိုင်ပါတယ်”


” ဟုတ်ပြီး .. ခင်ဗျား သားဖြစ်နေတဲ့ရောဂါကို အရှင်းပျောက်အောင်ကုပေးမယ်… ဒါပေမယ့် ကုသကြေးကို ရွှေငါးကျပ်သား၊ နွားတစ်ရှဉ်း၊ လယ်ဧက၃၀ပေးရမယ်။ မပေးနိုင်ဘူးဆိုရင် ကျုပ်တို့မကုပေးနိုင်ဘူး”


အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့မျက်လုံးပြူးသွားပြီး တအံ့တဩဖြစ်သွားခဲ့တယ်။


” ဘယ်လိုလဲ… ခင်ဗျား မပေးနိုင်ဘူး မဟုတ်လား.. သက်ခိုင်နဲ့ တောက်ရ ပရိတ်ကြိုးနဲ့ အင်းပြာရည်တွေပြန်ဖျက်လိုက်တော့”


” အဲလိုမလုပ်ပါနဲ့ဆရာတို့ရယ် ပေးဆိုကျုပ်ပေးပါ့မယ် ။ သားလေးရောဂါကိုသာ ပျောက်အောင်ကုပေးပါ ကျုပ်ကတိတည်ပါတယ်”


” ခင်ဗျားကတိပေးပီးပီဆိုတော့ ဒီရောဂါကို ကျုပ်ကုပေးမယ် .. သက်ခိုင် မင်းက အပြင်လူတွေမဝင်နိုင်အောင် ဆေးဖယောင်တိုင်ကိုးတိုင်ထွန်းပြီး စည်းချထား။ ငါ့အမိန့်မရပဲ ဆေးဖယောင်းတိုင်ကို ကျော်ဝင်လာသူ ပညာသည်ဖြစ်ပါက နေရာမှာတင် မီးဟုန်းဟုန်းတောက်လောင်စေ” လို့ပြောပြီး လွယ်အိတ်ထဲမှာရှိတဲ့ ဖယောင်းတိုင်ကိုးတိုင်ကိုထုတ်ကာ သက်ခိုင်ကိုပေးလိုက်တယ်။


” တောက်ရ .. မင်းကတော့ အိမ်ရှေ့အပေါက်ဝကို သိမ်ဝင်ပရိတ်ကြိုးနဲ့တားပြီး အဟန့်အတားဖြစ်အောင်လုပ်ထားပါ”


သက်ခိုင်နဲ့တောက်ရတို့လဲ အောင်မြတ်သာပြောတဲ့အတိုင်းလုပ်ဆောင်ပြီးချိန်မှာတော့ အိမ်ပြူတင်းပေါက်မှာရှိတဲ့ တံခါးနှစ်ချပ်က လေမတိုက်ပဲနဲ့ ဂျိမ်းခနဲပိတ်သွားတာမြင်တော့ အောင်မြတ်သာက


” ဒီပညာသည်ရဲ့စက်က အတော်အားကောင်းတာပဲ” လို့ချီးကျူးပြောဆိုခဲ့တယ်။ အားလုံးစီမံပြီးတဲ့အချိန် အောင်မြတ်သာက ဘုရားကျောင်းဆောင်အရှေ့ထိုင်ကာ ဘုရားရှိခိုး၊သီလယူပြီးနောက် အထက်ဆရာကြီးတွေဆီခွင့်ပြုမိန့်တောင်းခံပြီးတာနဲ့ လူနာဘက်ကိုလှည့်ကာ


” သင် ဘယ်လိုခံစားနေရသေးလဲ”


” ဗိုက်ထဲမှာ အကောင်သေးသေးလေးတွေ လှည့်ပတ်သွားတာနေသလိုခံစားနေရတယ်။ နာတာကျင်တာတော့မရှိတော့ဘူး”


” ကျုပ်အမြင်ကိုပြောပြရမယ်ဆိုရင် သင့်ဗိုက်ထဲမှာ ခွေးသားပေါက်၆ကောင်တိတိကျန်နေသေးတယ်”


” ကယ်ပါဦးဆရာရယ် … ကျုပ်ကိုကယ်ပါဦး”


” သင် အရင်က ဘာအမှားတွေလုပ်ခဲ့ဖူးလဲ”


” မလုပ်ခဲ့ပါဘူး .. နေရင်းထိုင်ရင်း ဗိုက်က ပူပူလာပြီး အခုလိုဖြစ်လာခဲ့တာ”


” သင့်ကိုပြုစားထားတဲ့သူက နှယ်နှယ်ရရတော့မဟုတ်ဘူးနော်… သူတို့အရမ်းနာကျည်းလို့သာ ဒီလိုပညာရပ်ကိုသုံးကြတာ..”


” လောလောဆယ် ဗိုက်ထဲမှာကျန်နေတဲ့အကောင်တွေ ထွက်လာအောင် ကျုပ်ပေးတဲ့ရေမန်းကို သောက်လိုက်ပါ”


အောင်မြတ်သာက ပြောရင်းဆိုရင်း ရေခွက်ထဲကို လက်ညိုးနဲ့မွှေပြီးရလာတဲ့ရေကို လူနာကိုသောက်ချခိုင်းလိုက်တယ်။


ရေမန်းသောက်ပြီးတာနဲ့ ဗိုက်အသားပြင်တစ်ခုလုံး လှိုင်းတံပိုးတွေလိုတွန့်လာပြီး စအိုပေါက်ထဲကနေ အသက်မပါတဲ့ ခွေးသားပေါက်တွေ တစ်ကောင်ပြီးတစ်ကောင်ကျလာခဲ့တယ်။


” ကဲ အခု ပြုစားထားတဲ့ပညာတွေကို ထုတ်ပီးပီးဆိုတော့ ပြုစားထားတဲ့သူ ကျုပ်အရှေ့ကိုရောက်စေ” ဆိုပြီး ကြမ်းကိုလက်နဲ့ပုတ်လိုက်တာ ချက်ချင်းဆိုသလို အိမ်နောက်ဖေးကနေ တစ်ဒေါက်ဒေါက်နဲ့ လမ်းလျောက်လာတဲ့ခြေသံကို အောင်မြတ်သာတို့ ကြားလိုက်ရတယ်။


” သက်ခိုင်ရေ… လူမမာဘေးမှာ ကာထားတဲ့ စည်းတွေကိုဖယ်ပေးလိုက်ပါဦး”


သက်ခိုင်လဲ တားထားတဲ့စည်းတွေကိုဖယ်ပေးလိုက်တဲ့အချိန်မှာတော့ ပက်လက်အိပ်နေတဲ့ လူမမာက ဆတ်ခနဲငုတ်တုတ်ထထိုင်ပြီး ကြမ်းပြင်ကိုလက်ဝါးနဲ့ပုတ်ကာ ရယ်ပါလေရော။


” ဆရာတို့ နော် … ဘာကြောင့်ဒီလို အယုတ်တမာကောင်ကိုကယ်ရတာလဲ… ငါက အသေသတ်မလို့လုပ်ထားတာ”


ယောင်္ကျားရင့်မာကြီးတစ်ယောက်ဆီကနေ အဖွားအိုအသံထွက်လာတော့ အိမ်ပေါ်မှာရှိနေတဲ့သူတွေအားလုံး အံ့အားသင့်သွားခဲ့တယ်။


” ကဲ.. သင်လဲ ရောက်လာပြီဆိုတော့ ကျုပ်တို့မေးတာအမှန်တိုင်းဖြေပေး။ ဘာကြောင့် ဒီလူကို အသေသတ်ချင်ရတာလဲ”


” ဆရာလေး နင်မသိဘူးနော်.. ဒီကောင်က လူယုတ်မာ, သူ့ကြောင့်ဘဝပျက်ခဲ့တဲ့ မိန်းကလေးတွေမှအများကြီးပဲ”


” အင်းပါ ဒါတွေကျုပ်အစောကြီးထဲက သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က အထက်လမ်းဆရာတွေလေ။ သဘာဝနဲ့ဆန့်ကျင်တဲ့အရာမှန်သမျှကိုတားဆီးရမယ့်တာဝန်ပါလာတယ်မဟုတ်လား”


” ဆရာလေး နင်တို့ကို ငါ ခွင့်တောင်းမယ် .. ဒီကောင်ကို ငါသတ်ပြီးရင် နင်တို့ငါ့ပညာကိုနှုတ်သွားလိုက်လေ”


” ခက်တော့ခက်နေပြီ … လူသတ်ရင် သင်ငရဲကြီးမှာပေါ့”


” ကြီးကြီးအေ ငါမကြောက်ဘူး… ဒီကောင်ကိုသတ်ကိုသတ်ရမယ်”


” ကျုပ်က သင့်ကိုလေသံပျော့ပျော့နဲ့ပြောနေလို့ ရောင့်တက်နေတာလား”


အောင်မြတ်သာစကားကိုကြားတော့ လူမမာက ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး

” ငါက နင်တို့လိုဆရာတွေကို ထပ်မသတ်ချင်လို့ စကားအေးအေးပြောနေတာကို အဟုတ်ထင်နေတာလားဟဲ့”


ရုတ်တရက်ဆိုသလိုလေသံမာပြီး ဒူးတစ်ဖက်ကို ထောင်တဲ့အနေအထားပြင်လိုက်တာကိုမြင်တော့ အောင်မြတ်သာ ခေါင်းတစ်ဆတ်ဆတ်ညိမ့်ကာသမထအာရုံကိုစုစည်းပြီး ကြည့်လိုက်တော့ လူမမာရဲ့ ဂုတ်ပိုးပေါ်မှာခွလျက်အနေအထားထိုင်နေတဲ့ အဖွားကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။


မျက်ကွင်းတွေက ညိုနေပြီး ကွမ်းဂျိုးတွေအပြည့်နဲ့သွားတွေက နီတဲ့အဆင့်ကိုကျော်လွန်ကာမဲနက်တဲ့ဘက်ကိုရောက်နေခဲ့တယ်။ ဦးခေါင်းထိပ်မှာတော့ နီရဲနေတဲ့အမောက်က အပေါ်ကိုလက်လေးသစ်ခန့် တက်နေတာကိုလဲမြင်လိုက်ရတယ်။


” လက်စသတ်တော့ သင်က ဆယ့်နှစ်ကြိုးကိုလွန်ပြီး ကဝေပျံအဆင့်ထိအောင်ရောက်နေတာကိုး”


” ဟက်ဟက်.. နင်ကဘယ်ဆိုးလို့တုန်း ငါရုပ်အမှန်ကိုမြင်ရသားပဲ”


” နောက်ဆုံးအကြိမ်ကျုပ်မေးမယ်… သင်ပြုစားထားတဲ့အရာတွေကိုပြန်နှုတ်မလား..ကျုပ်ပညာနဲ့သင့်ကိုဆုံးမရမလား”


” နင် ငါ့ကိုတုပ်မိချုပ်မိနိုင်အောင် အရင်လုပ်ပါဦး ဟားဟားဟား”


ကဝေမကြီးက အောင်မြတ်သာကို မထီလေးစားလုပ်ပြီး ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။


” သင် ဒီလိုပြေးလို့မဖမ်းနိုင်ရင် ကျုပ်တို့ဂိုဏ်းတော်ရဲ့သိက္ခာကျသွားမှာပေါ့”ဆိုပြီးရေရွတ်လိုက်တဲ့အချိန် အိမ်အပြင်ဘက်ကနေ ဖုန်တစ်ထောင်းထောင်းထအောင် ဂွေလှိမ့်ပြီးပြေးလာတဲ့ ကလေးနှစ်ယောက်ကိုမြင်လိုက်ရတယ်။


” ဟင် သိဒ္ဓိသီဟနဲ့ သိဒ္ဓိဗလတို့ပါလား”

(သိဒ္ဓိသီဟနဲ့ သိဒ္ဓိဗလဆိုတဲ့နတ်သူငယ်နှစ်ပါးအကြောင်းကိုဖတ်ချင်ရင်တော့ အောင်မြတ်သာနှင့်သိဒ္ဓိညီနောင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)


အောင်မြတ်သာစကားအဆုံးမှာ နတ်သူငယ်နှစ်ပါးက လက်ထဲမှာကိုင်ထားတဲ့ ရွှေကွင်းတွေကို ပခုံးပေါ်လွယ်လိုက်ပြီး


” ဆရာတော်ဘုရားက မင်းတို့ဆရာကို သွားကူညီလိုက်ဦးဆိုပြီးပြောလို့လာခဲ့တာ။ ဘာများကူညီရမလဲ”


” မင်းတို့လက်ထဲကိုင်ထားတဲ့ ရွှေကွင်းကိုအသုံးပြုပြီး ကဝေပျံမကို ငါ့အရှေ့ခေါ်လာခဲ့ပေးပါ”


အောင်မြတ်သာစကားအဆုံးမှာ နတ်သူငယ်နှစ်ပါးက အရှေ့မှာထိုင်နေတဲ့ လူမမာကို ခြေအဆုံးခေါင်းအဆုံးကြည့်လိုက်၊ခေါင်းခါယမ်းလိုက်၊ ထပ်ကြည့်လိုက်လုပ်နေခဲ့တာ သုံးကြိမ်မြောက်ရောက်တော့ နှစ်ကောင်သား တစ်ခစ်ခစ်ရယ်ရင်း ပခုံးမှာလွယ်ထားတဲ့ ရွှေကွင်းကိုဖြုတ်ကာ လူမမာရှိတဲ့နေရာကိုပစ်လွှတ်လိုက်ပါလေရော။


ရွှေကွင်းက လူမမာအရှေ့လဲရောက်ရော အလွန်သေးငယ်တဲ့ကွင်းအဖြစ်ပြောင်းသွားပြီး ပျောက်ကွယ်သွားခဲ့တယ်။ မကြာခင် လူမမာရဲ့ဘေးမှာ လက်နှစ်ဖက် ခြေထောက်နှစ်ဖက်ကို ရွှေကွင်းတွေနဲ့ တုပ်ပြီးချုပ်ပြီးအနေအထားဖြစ်နေတဲ့ ကဝေပျံအဖွားအိုကိုမြင်တွေ့လိုက်ရတယ်။


” အဟား အဟား ဒီ ကဝေမက လူနာရဲ့ တန်ဆာအပေါက်ထဲဝင်ပုန်းနေတာကိုး… အခုတော့ မင်းလွတ်နိုင်သေးလား”


နတ်သူငယ်နှစ်ပါးက ရွှေကွင်းနှစ်ကွင်းထဲမှာ ချုပ်နှောင်ခံထားရတဲ့ ကဝေမကို မထိတထိစနေတာမြင်တော့ အောင်မြတ်သာက

” ဘယ်လိုလဲ အမယ်ကြီး .. အခုကျုပ်က သင့်အမောက်ကိုဖြတ်ပြီး ပညာတွေသိမ်းရမလား ဒီလူနာကို ပြုစားထားတာဖြေလျော့ပေးမလား” ဆိုပြီးမေးတော့ ကဝေမကြီးက


” သူ့ကြောင့် ငါ့မြေးမလေး လူတောမတိုးနိုင်ဖြစ်နေရရှာတယ်.. ငါလဲဒီပညာတွေကိုသုံးချင်လို့သုံးတာ မဟုတ်ဘူး။ ဒီလူယုတ်မာကို လွတ်ထားရင် အခြားမိန်းမပျိုတွေ ဖျက်ဆီးခံနေရမယ် အဲဒါနင်တို့သိလား”


” ကျုပ်တို့နားလည်ပါတယ်… ပညာကိုသာပြန်နှုတ်သွားပါ ၊ ကျန်တာ ကျုပ်တို့ဆက်လုပ်လိုက်ပါ့မယ်”


” ငါက ဒီကောင်ကို ပညာကုန်သုံးပြီးလုပ်တာမို့ ပြန်နှုတ်မရဘူး… ပြန်နှုတ်စေချင်ရင် ငါ့ကိုသတ်မှရမယ်”


” အမယ်ကြီး… ခေါင်းမမာပါနဲ့တော့ , သူ့ကိုလဲ ကျုပ်တို့နားဝင်အောင်ပြောပြီး ဖြစ်ခဲ့တာတွေအတွက် ပြန်တောင်းပန်ခိုင်းပါ့မယ် ၊ ပညာတွေကိုသာပြန်နှုတ်လိုက်ပါ”


အောင်မြတ်သာစကားတွေကြောင့် အမယ်အိုကြီး ခေတ္တစဉ်းစားလိုက်ပြီး


” နင့်လို မေတ္တာတရားကြီးမားတဲ့ဆရာနဲ့တွေ့ရတာ ငါအတော်ကံကောင်းတာပဲအေ၊ ငါ့ကိုတုပ်ပြီးချုပ်ပြီး မိထားတာတောင် နာကျင်အောင်မလုပ်သွားဘူး .. အေး အေး ငါအရှုံးပေးတယ်။သူ သတိပြန်ရလာရင် ငါ့မြေးမလေးကို မိသားဖသားပီပီလာတောင်းရမ်းပါလို့ပြောလိုက်။ ကတိမတည်လို့ကတော့ ငါ့အကြောင်းသိမယ်”


အောင်မြတ်သာလဲ အမယ်အိုကြီးစကားအဆုံးမှာ ချုပ်နှောင်ထားတာတွေကို ဖယ်ရှားပေးပြီး ပြန်လွှတ်ပေးခဲ့တယ်။ ဝင်စီးနေတဲ့အစွဲထွက်သွားတာနဲ့လူမမာရဲ့ ဖောင်းနေတဲ့ဗိုက်ကလဲ ချက်ချင်းဆိုသလို မူလအတိုင်းပြန်ဖြစ်သွားပြီး မွေးထားတဲ့ခွေးသားပေါက်တွေကတော့ ရာဘာအတုံးတွေဖြစ်နေတာကိုမြင်လိုက်ရတယ်။


” ကြားတယ်မဟုတ်လား… ဒီကိစ္စက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်လို့သာ ကျုပ်ကဝင်ကူညီတာ ခင်ဗျားတို့ဗျာ ကိုယ့်စီမှာအားကိုးတစ်ကြီး အလုပ်လာလုပ်တဲ့မိန်းကလေးကိုမှ အနိုင်ကျင့်စော်ကားရတယ်လို့ ”


တိတ်ဆိတ်နေတဲ့ အိမ်ခန်းထဲမှာ ခြင်္သေ့ဟိန်းသံလို ထွက်ပေါ်လာတဲ့ အောင်မြတ်သာစကားကြောင့် ဆေးတံကိုခဲနေတဲ့ အိမ်ပိုင်ရှင်သူဌေးမျက်နှာ ကွပ်ခနဲပျက်သွားပြီး အခန်းထဲကိုဝင်သွားခဲ့တယ်။ ခဏနေတော့ အလုပ်သမားတစ်ယောက် ပြန်ထွက်လာပြီး


” ဆရာလေးတို့အတွက် ပညာကြေးလာပေးခိုင်းလို့ပါ”ဆိုပြီးပြောကာ ပဝါတစ်ထည်နဲ့ထုပ်ထားတဲ့ အရာတစ်ခုကိုကမ်းပေးခဲ့တယ်။


ဒီတစ်ခါမှာတော့ အောင်မြတ်သာက ငြင်းဆန်ခြင်းမပြုပဲ ခပ်ပြုံးပြုံးနဲ့လှမ်းယူကာ တစ်ခွန်းတစ်ပါဒမှ မမေးမြန်းပဲအိမ်ပေါ်ကဆင်းလာခဲ့လိုက်တယ်။ အိမ်ခြံစည်းရိုးအပြင်ဘက်ကိုရောက်တော့ အနောက်ကို သမင်လည်ပြန်ကြည့်လိုက်ပြီး

” ဂုဏ်တွေမောက်နေလိုက်ကြတာ… ကိုယ့်ကြောင့် ဘဝတစ်ခုလုံးပျက်စီးသွားတဲ့သူအပေါ်ကိုတော့ စာနာစိတ်လုံးဝမရှိကြပါလား” လို့ပြောကာ ဘုရားတန်ဆောင်းရှိတဲ့ဘက်ကိုပြန်ထွက်လာခဲ့ကြတယ်။


ဘုရားစောင်းတန်းရောက်တော့ ကိုင်လာတဲ့ပဝါကိုဖြေချလိုက်ရာ ရွှေတိုရွှေစအနည်းငယ်နဲ့ငွေအကြွေအချို့ထွက်လာတာမြင်လိုက်ရတယ်။


” တောက်ရရေ … ဒီရွှေတိုရွှေစတွေနဲ့ ငွေတွေကို ဘုရားစောင်းတန်းဘေးမှာခိုကပ်နေကြတဲ့သူတွေကို ဝေမျှပေးလိုက်ကွာ” လို့ပြောလိုက်တော့ တောက်ရက


” ဒီတိုင်းသွားပေးရင် သူကရွှေရတယ် ငါကငွေရတယ်ဆိုပြီး ရန်ဖြစ်နေပါဦးမယ်ဆရာရယ်”


” မဖြစ်အောင် ငါစီမံပြီးသား မင်းသာ ဟိုးအရှေ့က လျောက်လမ်းမှာ အကုန်ကျဲချလိုက်… ထိုက်တဲ့သူက သူနဲ့ထိုက်တဲ့အရာကိုမြင်တွေ့ပြီး ကောက်ယူသွားလိမ့်မယ်”


အောင်မြတ်သာစကားကြောင့် တောက်ရက လက်ထဲကိုင်ထားတဲ့ ရွှေတိုရွှေစနဲ့ငွေအချို့ကို လျောက်လမ်းပေါ်ကိုဖြန့်ကျဲချလိုက်ပြီး ထိုင်ကြည့်နေခဲ့တယ်။


မကြာခင် ခွက်တစ်လုံး၊အထုပ်တစ်ထုပ်နဲ့လျောက်လာတဲ့ သူဖုန်းစားတစ်ယောက်က ကျနေတဲ့ငွေအကြွေအချို့ကိုမြင်ပြီး ဝမ်းသာအားရ ကောက်ယူထွက်သွားခဲ့တယ်။


” ဘယ်လိုလဲတောက်ရ…. ရွှေရောငွေရော ပြန့်ကျဲနေတဲ့အထဲကမှ သူဘာလို့ငွေကိုပဲကောက်တယ်လို့ထင်လဲ”


” ဟဲဟဲ ဒါကတော့ သူနဲ့ငွေပဲထိုက်လို့ပေါ့ဆရာရယ်”


” အေး ဟုတ်တယ် .. လူဆိုတာ ဘယ်အရာမဆို ကိုယ်နဲ့ထိုက်မှရတတ်ကြတယ်ကွဲ့… ”


အောင်မြတ်သာက တောက်ရကို ဆုံးမပြီး မတ်တပ်ရပ်အညောင်းဆန့်ကာ ဘုရားရင်ပြင်ပေါ်ကိုတက်သွားခဲ့တယ်။ ဒီလိုနဲ့ ဘုရားစောင်းတန်းလေးမှာ နေလာခဲ့တာ လေးရက်မြောက်ရောက်တော့


” ဆရာလေးတို့ မပြန်ကြသေးဘူးလား”ဆိုတဲ့အသံကြောင့်လှည့်ကြည့်လိုက်ရာ ပယောဂကုဖို့လာခေါ်တဲ့ မောင်စ ဖြစ်နေတာကိုမြင်လိုက်ရတယ်။


အောင်မြတ်သာက မောင်စကိုမြင်တော့ နှစ်လိုဖွယ်ပြုံးပြလိုက်ပြီး


” ဘယ်လိုလဲ ကိုယ့်လူ… ငါတို့ပြောတဲ့အတိုင်းလုပ်ကြရဲ့လား”


” အဲဒါပြောချင်နေတာဆရာရေ… သူဌေးနဲ့ အကိုလေးက ဆရာပြောတဲ့အတိုင်းမလုပ်ပဲ ဆက်နေနေတာ အခုဆိုရင် နောက်တစ်မျိုးထပ်ဖြစ်နေရောပေါ့”


” ဘယ်လိုနောက်တစ်မျိုးဖြစ်တာလဲ ပြောပါဦး”


” အရင်က ဖြစ်သလိုပဲဆရာ ဗိုက်ကြီးက တစ်ဖြေးဖြေးပြန်ပူလာတယ် နောက်ပြီး စားသမျှအကုန်ပြန်အန်ထွက်တယ်ဆရာ မနက်ကဆို .. ကန်တော့ပါရဲ့ဗျာ မစင်တွေတောင် ပါးစပ်ထဲကနေအန်ထွက်တာ”


မောင်စ စကားကိုကြားတော့ အောင်မြတ်သာက မအံ့ဩတဲ့ပုံစံနဲ့

” ဒီလိုဖြစ်လာမယ်ဆိုတာ အစထဲက ကြိုတွက်ပြီးသားပါ”


” ကျွန်တော်လဲ ကိုယ့်အလုပ်ရှင်ဆိုတော့ ဆရာလုပ်လို့မရဘူးလေဗျာ .. ဒါကြောင့်စိတ်ညစ်ညစ်နဲ့ ဘုရားပေါ်တက်လာတာဆရာတို့နဲ့တွေ့တာပဲ”


” နေပါဦး ကျုပ်မသိလို့မေးပါရစေ။ ခင်ဗျားတို့ အလုပ်ရှင်ရဲ့သားက မိန်းကလေးတွေကို အခုလိုလုပ်နေတာ ဘယ်လောက်ကြာနေပြီလဲ”


” အရင်ကတော့ သတင်းသဲ့သဲ့ကြားမိတာတော့ရှိတယ်.. ခြေတော်တင်ပြီးရင် ငွေလေးမစို့မပို့လောက်ပေးပြီး ရွာပြန်လွှတ်လိုက်တာပဲ… အခုကောင်မလေးနဲ့ကျမှ လိမ့်နေအောင်ခံရတာပဲဗျို့”


” အခုနောက်ဆုံးပြန်လွှတ်လိုက်တဲ့မိန်းကလေး နာမည်က ဘယ်လိုခေါ်လဲ”


” မြရင် လို့ခေါ်တယ်ဆရာလေး.. ”


” မင်းအခု ဒီကနေပြန်ရင် အကိုလေးဆိုသူကိုပြောလိုက် … ကိုယ်ဖျက်စီးခဲ့တဲ့ဘဝကို တာဝန်မယူဘူးဆိုရင် ထပ်ဖြစ်လာမယ့်ကိစ္စတွေက အဆိုးတွေပဲဖြစ်လိမ့်မယ်လို့”


မောင်စကတော့ အောင်မြတ်သာပြောသမျှကို သေချာနားထောင်ပြီး ခေါင်းတစ်ညိမ့်ညိမ့်လုပ်ကာ ပြန်ထွက်သွားခဲ့တယ်။


” သက်ခိုင် … ဒီည လူခြေတိတ်ချိန် ဘုရားပေါ်က စနေထောင့်ကို ကဝေမတစ်ကောင်စက်ကြိုးစီးပြီး ပျံလာလိမ့်မယ်။ သူလာတာနဲ့ နာနာဘာဝတွေအားလုံး ကြောက်လန့်ပြီး လူနေရပ်ကွက်တွေထဲဝင်ပြေးတာတွေဖြစ်လာနိုင်တယ်။ ဒီတော့ မင်းတို့နှစ်ယောက်က ဘုရားစောင်းတန်းပတ်ပတ်လည်မှာရှိတဲ့ လမ်းဆုံလမ်းခွတွေမှာ သုံးကွက်အင်းကိုမြုပ်ထားပေးပါ။ ငါဘုရားပေါ်ကပြန်မဆင်းလာမချင်း မင်းတို့လိုက်မတက်လာပါနဲ့” လို့မှာကြားပြီး ပုတီးစိပ်ဖို့ ဘုရားပေါ်တက်သွားခဲ့တယ်။


ညအမှောင်ကတစ်ဖြေးဖြေး နက်လာသလို ဘုရားပေါ်မှာလဲ တိတ်ဆိတ်ခြင်းဆိုတဲ့အရာက ကြီးစိုးလာခဲ့တယ်။ ရင်ပြင်ပေါ်မှာ သက်ရှိဆိုလို့ တနင်္ဂနွေထောင့်မှာ ပုတီးစိပ်နေတဲ့ အောင်မြတ်သာကလွဲလို့ အခြားဘယ်သူမှမရှိ။


အောင်မြတ်သာလဲ သတ်မှတ်ထားတဲ့ပုတီးအပတ်ရေပြီးလို့ အမျှဝေပြီးတဲ့အချိန် မြောက်အရပ်ကနေ တက်လာတဲ့ စက်လှိုင်းအချို့ကိုသတိထားမိခဲ့တယ်။ မကြာခင် ဘုရားရင်ပြင်ပေါ်မှာ ဝရုန်းသုန်းကား ထွက်ပြေးကြတဲ့ခြေသံတွေအပြင် အော်ဟစ်ကြိမ်းမောင်းသံအချို့ကိုပါကြားလိုက်ရတယ်။


မိနစ်ပိုင်းအတွင်းမှာတော့ လှုပ်ရှားမှုတွေငြိမ်သက်သွားပြီး နှာခေါင်းထဲကို ညှီစို့စို့အနံ့ကြီးဝင်လာခဲ့တယ်။ အောင်မြတ်သာလဲ အခြေအနေကို ရိပ်စားမိတာမို့ သမထအမြင်အာရုံတွေကို စုစည်းပြီးကြည့်လိုက်တော့ စနေထောင့်ဘုရားရဲ့အောက်ခြေခုံမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။


သစ်ခေါက်ဆိုးရောင်ထဘီနဲ့အင်္ကျီကို ဝတ်ထားပြီး ဆံပင်ဖားလျားချထိုင်နေတဲ့မိန်းမက အောင်မြတ်သာကြည့်နေတာလဲသိရော မျက်နှာချင်းဆိုင်ထိုင်နေရာကနေ တစ်ဖြေးဖြေးဘေးကိုလှည့်သွားခဲ့တယ်။


” ဟိတ် သင်ကဘယ်သူလဲ … ဘာအကြောင်းကြောင့် ဒီကိုရောက်လာခဲ့တာလဲ”


” ဆရာက ခေါ်တော့လဲ မနေနိုင်လို့ ရောက်လာခဲ့တာလေ”


” ဒါဆို သင်က မြရင်ရဲ့အဖွားလား”


” အေး ဟုတ်တယ် ငါက မြရင်ရဲ့အဖွားပဲ”


” ကဲ အဖွား … သူတို့ဘက်က ကတိမတည်ခဲ့တာကိုလဲ ကျုပ်သိပါတယ်။ အခုအဖွားကို မေတ္တာရပ်ခံချင်တာက ဒီတစ်ကြိမ်ထပ်ပြီးအလျော့ပေးလိုက်ပါ။ ဒါပြီးလို့မှ မလာရင် ကျုပ်ဝင်မပါတော့ဘူး”


” အဟက်အဟက် ပထမတစ်ခါ ငါအလျော့ပေးပြီး ပညာတွေပြန်နှုတ်ခဲ့တယ်နော် ဒါပေမယ့် သူတို့မလာတာတော့ မတတ်နိုင်ဘူး”


” ဂိုဏျးဝောာျရဲ့တာဝနျပေးအပျခွငျးခံထားရတဲ့သူ တစ်ယောက်အနေနဲ့ နောက်ဆုံးအကြိမ်မေတ္တာရပ်ခံပါမယ်။ သင်ပြုစားထားတာတွေကို ဒီတစ်ကြိမ်ပြန်ရုပ်သိမ်းပေးပါ”


” ဟားဟားဟား … ဒီတစ်ခါတော့မရတော့ဘူး နင်လဲဆရာတစ်ယောက်ဖြစ်သလို ငါလဲ ပညာသည်တစ်ယောက်ပဲ။ အေး နင်ပညာစွမ်းတယ်ဆိုရင် ငါ့ကို အနိုင်တိုက်စမ်း။ ငါသေရင်တော့ ဟိုခွေးကောင် အသက်ရှင်မယ်။ ငါမသေဘူးဆိုရင်တော့ ဟင်းဟင်း”


” ကောင်းပြီ ကျုပ်ဂိုဏ်းပညာကိုစတင်ယူစဉ်အချိန်က ကျုပ်ရဲ့ဆရာဖြစ်ခဲ့တဲ့သူက စကားတစ်ခွန်းပြောခဲ့တယ်။ ပညာသည်ရဲ့အသက်နဲ့ ပြုစားခံရတဲ့သူရဲ့အသက်ကိုလဲရမယ်ဆိုရင် ပြုစားခံရတဲ့သူကိုသာကယ်ပါတဲ့။ ဒါကဘာကိုဆိုလိုတယ်ဆိုတာ သင်သဘောပေါက်မှာပါ”


” ဒါဖြင့် စမ်းကြည့်လိုက်လေ … သိမ်ဝင်သပိတ်ကွဲတို့ သိမ်ဝင်ပရိတ်ကြိုးတို့လောက်နဲ့ မလာနဲ့နော် သွေးပွက်ပွက်အန်ပြီး အသေထွက်ထွက်သွားနေဦးမယ် ဟားဟားဟား”


အညိုးကြီးလွန်းတဲ့ကဝေမကြီးရဲ့စကားကိုကြားတော့ အောင်မြတ်သာ အနုနည်းနဲ့ပြောမရတော့ဘူးဆိုတာသဘောပေါက်သွားပြီး ထိုင်တဲ့နေရာအရှေ့တစ်လံအကွာကို လက်ညိုးနဲ့စည်းတားကာ


” နတ်သူငယ်နှစ်ပါးရဲ့ရွှေကွင်းအချုပ်နဲ့ ဒီကဝေပျံမကို ဖမ်းချုပ်စေ” လို့အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ ကျောအနောက်ဘက်ကနေ ရုတ်တရက်ရောက်လာတဲ့ ရွှေကွင်းနှစ်ကွင်းက ကဝေမကိုယ်ကို ဖမ်းဆီးချုပ်နှောင်လိုက်ကြတယ်။

” ဟဲ့ ဟိုနေ့က ငါ့မြေး မျက်နှာမငယ်ရအောင် အလျော့ပေးဟန်ဆောင်ပြီး အမိခံခဲ့တာ.. အခုတော့ ဒီလိုရရိုးလား”ဆိုပြီးကြိမ်းဝါးကာ ကိုယ်ကိုဆွဲလှည့်လိုက်ရင်ပဲ ချုပ်ထားတဲ့ရွှေကွင်းတွေ အပိုင်းပိုင်းအစစဖြစ်ကာ လွှင့်ထွက်သွားတယ်။


နတ်သူငယ်နှစ်ပါးလဲ အောင်မြတ်သာဘေးမှာရပ်နေရင်း အပိုင်းပိုင်းအစစဖြစ်သွားတဲ့ ရွှေကွင်းအပိုင်းအစတွေကို လေချွန်ကာခေါ်ပြီး လက်နဲ့သပ်ချလိုက်တာ အကောင်းတိုင်းပြန်ဖြစ်သွားခဲ့တယ်။


” သင့်ပညာက ကဝေပျံထဲမှာ အဆင့ျအတနျးတောျတောျမွင့ျဝာာပဲ … ကဲ အခု ကျုပ်တစ်ကြိမ်တိုက်ပြီးပြီဆိုတော့ သင်ကျုပ်ကိုဘယ်လိုပြန်တိုက်မလဲ ကြည့်ချင်သေးတယ်”


အောင်မြတ်သာက တင်ပလ္လင်ခွေထိုင်ပြီး လည်ပင်းမှာတပ်ထားတဲ့ ကြယ်သီးကိုဖြုတ်ကာပြောလိုက်တဲ့အချိန် အပေါ်ကနေ ရုတ်တရက်ကျလာတဲ့ လက်ဝါးမဲမဲကြီးတစ်ခုကို ရိပ်ခနဲမြင်လိုက်ရတယ်။


” ဖြောင်း…. ဝုန်း….. အားးးးးး အမလေး ပူတယ် ပူတယ်”


လက်ဝါးက အောင်မြတ်သာခေါင်းပေါ်ကိုရောက်ဖို့ တစ်လံလောက်အကွာမှာတော့ မီးစနဲ့တို့ခံလိုက်ရသလိုဖြစ်ကာ အသံနက်နဲ့အော်ဟစ်ရင်း ထွက်ပြေးသွားတဲ့ သဘက်ကြီးတစ်ကောင်ကိုမြင်လိုက်ရတယ်။


သဘက်ကြီးထွက်ပြေးတာကိုသိတဲ့ ကဝေမကြီးက သူ့ရဲ့ညာဘက်လက်ကို လေထဲဝှေ့ရမ်းပြီး ပါးစပ်ကနေ ကျားဟိန်းသံလိုအော်လိုက်တဲ့အချိန် အောင်မြတ်သာအရှေ့ကို ကျားနှစ်ကောင်ကအစွယ်အဖွေးသားနဲ့ ကိုက်မယ့်ဟန်ပေါ်လာခဲ့တယ်။


” ဟာ ဒီကဝေမကတော့ မင်းညီနောင်ရဲ့စီးတော်ကျားတွေကိုပါ ခေါ်လိုက်ပါလား “ဆိုပြီးပြောရင်း ကိုက်ဖို့ပြေးဝင်လာတဲ့ ကျားနှစ်ကောင်ရဲ့ဂုတ်ကို ဖိထားဟန်ပြုလိုက်တော့ ကိုးတောင်ကျားနှစ်ကောင်က လည်ကုတ်ကိုဖိကိုင်ခံရတဲ့ကြောင်တွေလို ယက်ကန်ယက်ကန်ဖြစ်သွားခဲ့တယ်။


” ဟဲ့ စီးတော်ကျားတွေ ဒီနေရာက နင်တို့နေရာမဟုတ်ဘူး လာရာလမ်းအတိုင်းပြန်သွားစမ်း” လို့အမိန့်ပြန်လိုက်တော့မှ အရိုင်းစိတ်ဝင်နေတဲ့ ဟန်ပန်ကနေ အယဉ်စိတ်ပြန်ဝင်လာကာ အမှောင်ထုထဲ ခုန်ဝင်ပျောက်ကွယ်သွားခဲ့တယ်။


” ကဲအခု သင့်ပညာတွေလဲ သုံးသင့်သလောက် သုံးပြီးပြီဆိုတော့ ကျုပ်အလှည့်ရောက်ပြီ … ” လို့ပြောကာ လွယ်အိတ်ထဲထည့်ထားတဲ့အင်းပြားတစ်ချပ်ကို လက်ညိုးနဲ့တောက်ထုတ်လိုက်ရာ အင်းပြားက လေထဲမှာတင် တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ ကျားတစ်ကောင်ဖြစ်သွားပြီး ကဝေမဘေးမှာ လှည့်ပတ်ကာ မာန်ဖီပါလေရော။


” ကဲ သင်တာဝန်က ဒီကဝေမရဲ့ အမောက်ကို ကိုက်ဖြတ်ဖို့ပဲဖြစ်တယ်။ သင့်ကိုယ်ထဲမှာ ငါ့ရဲ့အမိန့်အာဏာတွေထည့်ပေးထားတာမို့ ရဲရဲဝံ့ဝံ့ လျင်လျင်မြန်မြန်တာဝန်ထမ်းစေ” လို့အမိန့်ပေးပြီး ရင်ပြင်ကိုလက်ဝါးနဲ့ရိုက်ချလိုက်တဲ့အချိန် ကျားဖြူကြီးက ကဝေမထံကို ခုန်ဝင်ကာ ကိုက်ခဲပါလေရော။


ကျားဖြူရဲ့ကိုက်ခဲမှုဒဏ်ကိုမခံနိုင်တဲ့ ကဝေမက စက်ကြိုးစီးပြီးထွက်ပြေးဖို့အလုပ် အောင်မြတ်သာက သန်လျက်စက်ဖြတ်စမကို လက်ဝါးပေါ်တင်ပြီး ကြိုးတွေကိုလက်ဝါးစောင်းနဲ့ဖြတ်သလို ဖြတ်ချလိုက်တော့ လူတစ်ရပ်စာလောက်အပေါ်ကိုရောက်နေတဲ့ ကဝေမကြီးက ဗိုင်းခနဲပြန်ကျလာခဲ့တယ်။


” အမလေး… ငါ့အမောက်ကို ကျားစားသွားပြီ ။ လုပ်ကြပါဦး အမောက်မရှိရင် ငါ့အစွမ်းတွေလျော့ပြီပေါ့ဟဲ့။ ပြောတော့ သနားကြင်နာတဲ့ဆရာပါဆို ။ မေတ္တာရပ်ခံပါတယ်ဆိုပြီးမှ လုပ်ရက်လေခြင်း”


” တိတ်စမ်း.. အခုမှ ပလီပလာတွေ လာမပြောနေနဲ့ ။ သင့်ကိုမေတ္တာရပ်ခံတုန်းက အလျော့ပေးခဲ့လို့လား ဟမ်”


” လုပ်ကြပေါ့အေ လုပ်ကြပေါ့… ငါတို့ဘဝတွေက အမြဲတမ်းအဖိနှိပ်ခံတွေပါ”


” စကားတတ်တိုင်းလျောက်ပြောမနေနဲ့… သင်သတ်ခဲ့တဲ့လူအရေအတွက်နဲ့နှိုင်းယှဉ်ရင် ဒါကမပြောပလောက်ဘူး။ သင် ကျုပ်နဲ့တွေ့တာ အတော်ကံကောင်းတယ် ၊ အခြားဆရာတွေဆိုရင် သင့်ခေါင်းရှစ်စိပ်ကွဲအောင် လုပ်ခိုင်းနေလောက်ပြီ။ ကဲ အခု သင်အလျော့ပေးပြီလား ”


” ငါကဘာကိုအလျော့ပေးရမလဲ… အမလေး နင့်ကျားကို ပြန်ခေါ်ပါတော့ ငါ့အမောက်တွေကုန်ပါပြီ”


” ကဲ အင်းကျားဖြူရေ ဒီကဝေမ အလျော့မပေးရင် တစ်ကိုယ်လုံးကိုသာ ကိုက်စားလိုက်ပေတော့ ”


” ပေးမယ် ပေးမယ် အီးဟီးဟီး ငါ့ဘေးက ကျားကိုပြန်ခေါ်ပါတော့ ငါကတိပေးတယ် ပညာတွေလဲ ပြန်နှုတ်ပေးမယ်။ ငါ့ကိုပြန်ခွင့်ပေးပါတော့”


” ကောင်းပြီနော် သင်ကတိမတည်လို့ကတော့ နောက်ထပ်ခေါ်ပြီး ကျားနဲ့ကိုက်ခိုင်းမယ် နောက်သုံးရက်အတွင်း သင့်ဆီကို ကန်တော့ပွဲနဲ့ မြေးကိုလာတောင်းလိမ့်မယ်။ လာတောင်းတဲ့အခါ ပြုစားတာတွေဘာတွေ မလုပ်နဲ့ ကြားလား”


” အေးပါ အေးပါ ငါမလုပ်ပါဘူး။ သူတို့ဘက်က ကောင်းရင် ငါဘက်က ကောင်းပါတယ်”


” ဒါဆိုရင် သစ္စာရေသောက်ပြီးမှပြန်..နင့်ကိုစိတ်မချဘူး”


” မသောက်ပါရစေနဲ့ …. ငါကတိပေးတယ်လေ သစ္စာရေတော့မသောက်ခိုင်းနဲ့တော့”


” တယ် စကားများသကိုး… ဒီတစ်ခါ ခေါင်းကိုဆင်နဲ့နင်းခိုင်းလိုက်ရမလား”


” အမလေး အနိုင်ကျင့်လို့ရတဲ့သူဆိုတော့ လုပ်ကြပေါ့အေ… ဘယ်မလဲ သစ္စာရေ …”


အောင်မြတ်သာလဲ ကဝေမကြီးကို သစ္စာရေတိုက် ကတိအထပ်ထပ်တောင်းကာ ပြန်လွှတ်ပေးခဲ့လိုက်တယ်။ ကိစ္စတွေအားလုံးပြီးလို့ စောင်းတန်းပေါ်ကနေဆင်းလာတော့ သက်ခိုင်နဲ့တောက်ရတို့ကမ်းပေးတဲ့ ရေနွေးခွက်ကိုယူကာ တစ်ကျိုက်မော့လိုက်ရင်း


” ဒီတစ်ခါတော့ သူလဲအသိတရားရလောက်ပြီထင်ပါတယ်”လို့ပြောလိုက်တော့ သက်ခိုင်က


” ဆရာ ဒီတစ်ကြိမ်မှ သူတို့ဘက်က ကောင်မလေးဘက်ကိုမသွားဘူးဆိုရင် ဘာဆက်ဖြစ်နိုင်မလဲ”


သက်ခိုင်ရဲ့အမေးကို အောင်မြတ်သာဘာမှပြန်မဖြေပဲ တန်ဆောင်းအပေါ်ကိုတက်ကာ လှဲချအနားယူလိုက်တယ်။အဲဒီအချိန် နားထဲမှာ


” ချပ် ချပ် ချပ် ချပ်” ဆိုတဲ့နာရီစက်သံတစ်ခုဝင်လာခဲ့တယ်။ အောင်မြတ်သာလဲ နာရီစက်သံကို အာရုံစိုက်နားထောင်နေရင်း ရုတ်တရက် ထထိုင်ကာ


” နာရီကသွေးတောင်းနေတယ်… ဒီလိုမျိုးဖြစ်ရပ်ကိုသာမထိန်းနိုင်ရင် လူတွေဒုက္ခရောက်ကုန်တော့မှာပဲ”လို့ရွေရွတ်လိုက်တာကို မအိပ်သေးတဲ့ သက်ခိုင်ကအမှတ်မထင်ကြားမိသွားခဲ့တယ်။ဒီအကြောင်းအရာ ကိုတော့ အောင်မြတ်သာနှင့်သွေးဆာနေသောနာရီဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။


လေးစားစွာဖြင့်

ဇေယန(ရာမည)

Comments

Popular posts from this blog

သရဲပေတိုး

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

စောရဦးခေါင်း