သူယောင်ဂမုန်း -အပိုင်း(၁)
" သူယောင်ဂမုန်း " -အပိုင်း(၁)
+++++++++++++++++++++
လပြည့်ညဖြစ်သောကြောင့်လမင်းကြီးက
အစွမ်းကုန်တောက်ပနေသည်။ ကျွန်တော်လည်း
အိပ်မပျော်သေး သောကြောင့် ပြတင်းတံခါးကို
ဖွင့်ကာ ဝိုင်းစက် လှပနေသောလမင်းကြီးကိုငေး
ကြည့်နေမိသည်။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သော
ကြောင့် အဝေးဆီမှ ပုဇဉ်းရင်ကွဲကောင်တို့၏
အော်သံမှအပ အတော်ပင် တိတ်ဆိတ်ငြိမ်သက်
နေသည်။
ထိုစဉ် အလွန်မွှေးပျံ့သင်းကြိုင်သော ရနံ့
တစ်မျိုးကိုရှုရှိုက်မိ၏။ ပန်းပေါင်းဆီနံ့လိုရနံ့မျိုး
ဖြစ်သည်။ကျွန်တော်လည်း ရေမွှေးပုလင်း တစ်
လုံးများ ကွဲလေသလားဟုသံသယဝင်ကာ အံဆွဲ
အတွင်းမှ ရေမွှေးပုလင်းများကို ထုတ်ကြည့်မိ
သည်။ ပုလင်းအားလုံးမကွဲပါ ယိုစိမ့်နေသောပု
လင်းပင်မရှိပါ။
ခစ်---ခစ်---ဟင်း---ဟင်း---
ဟင်-------
ကျွန်တော် နားကြားလွဲလေသလား---
မိန်းကလေးတစ်ယောက်၏ ရယ်သံကိုပီပီသသ
ကြားလိုက်ရသည်။
ကျွန်တော် ဝဲယာ လျှောက်ကြည့်မိသည်။
အပြာနုရောင် အုပ်နံရံများမှလွဲ၍ သက်ရှိဆိုလို့
ကြောင်တစ်ကောင်ပင်မတွေ့ရပါ။
ဟင်း---ဟင်း---ခစ်---
ဟင်-----
ကြားရပြန်ပြီ ကျွန်တော် မထိန့်လန့်မိသော်
လည်း အံ့ဩသလိုတော့ဖြစ်မိသည်။ ပန်းပေါင်း
ဆီလို ရနံ့မျိုးကား ပျောက်ကွယ်မသွား သင်းပျံ့
နေဆဲဖြစ်သည်။
အိပ်၍ မပျော်နိုင်သောကြောင့်ဝရံတာဘက်
သို့ ထွက်လာခဲ့သည်။ အမွှေးရနံ့ ဘယ်နေရာမှ
လာသလဲဆိုသည်ကိုပါ သိချင်၍ ဖြစ်သည်။ဝရံ
တာသို့ ဦးတည်း လျှောက်သွားစဉ် ထိုနေရာမ
ရောက်မှီ မှာပင် ကျွန်တော့်၏ ခြေလှမ်းများရုတ်
တရက် ရပ်တန့်သွားခဲ့သည်။အဘယ့်ကြောင့်ဆို
သော် ဝရန်တာတွင် ကျွန်တော့်ထက်အရင် မိန်း
ကလေးတစ်ယောက်က ရောက်နှင့်နေသော
ကြောင့်ဖြစ်သည်။ သူမက အိမ်အတွင်းဘက်ကို
ကျောပေးလျက် ဝရံတာမှ အပြင်ဘက်သို့ကြည့်
နေဟန်ရှိသည်။
သူမ၏ အစိမ်းရောင်ဝတ်စုံမှာ အစိမ်း
ရောင် မီးစုန်းများလို တောက်ပ၍နေသည်။
ပြည့်ဝန်းနေသော လမင်းကြီးကိုနောက်ခံ
ပြုလျက် ကျွန်တော့်ကိုကျောခိုင်းကာ ဝရံတာ
တွင်ရပ်လျှက်အနေအထားဖြင့်ရှိနေသော မိန်း
ကလေးတစ်ယောက် ဖြစ်သည်။ သူမဘယ်သူ
လည်း ကျွန်တော်တွေးမရပါ။ မျက်နှာမမြင်ရ
သော်လည်း ခန္ဓာကိုယ်အချိုးအစားပြေပြစ်လွန်း
ပြီး အသားအရေက နှင်းပွင့်လို ဖြူညက်လှပနေ
သောကြောင့် မိန်းမချောတစ်ယောက်ဖြစ်ရမည်
ဟု ကျွန်တော် တွေးမိသည်။
ကျွန်တော်တို့အိမ်တွင် မိန်းမသားဆို၍
အမေ နှင့် အိမ်ဖော်မိလုံးတို့သာရှိသည်။ အမေ
မဟုတ်လျှင် အိမ်ဖော်မိလုံးလား.. လုံးဝမဖြစ်နိုင်
ပါ။ သူမကို ကျွန်တော်သေချာ မကြည့်ခဲ့ဘူး
သော်လည်း ဤ မိန်းကလေးလောက် မလှတာ
သေချာလွန်းလှသည်။ပြီးတော့ အိမ်ဖော်မိလုံး
ကညဖက် အိမ်ပေါ်ထပ်လုံးဝ တက်လေ့မရှိပါ။
လှပလွန်းသော သူမကိုကြည့်ပြီး ကျွန်တော်
ခဏတော့မှင်သက်နေမိသည်။ယခုမှ သတိထား
မိသည် ပန်းပေါင်းဆီလို အမွှေးနံ့က သူမထံမှရ
နေခြင်းဖြစ်သည်။
ကျွန်တော်အတွေးများနေဆဲမှာပင် သူမက
ထိုနေရာမှ ညှင်သာစွာ ရွေ့လျှားပျောက်ကွယ်
သွား၏။
ကျွန်တော်လည်း နံရံ အကွယ်ဘက်သို့ အ
လျှင်အမြန် ပြေး၍ လိုက်ကြည့်မိသည်။
ဟင်-------
သူမ မရှိတော့ပါလား-------
ကျွန်တော် ဝရံတာအဆုံးမှ ပုန်း၍ ရနိုင်သော
ထောင့်ချိုးအားလုံးကို လိုက်ကြည့်သည်။ သူမ
ကို အစအန ပင်ရှာမတွေ့တော့ပါ။
ကျွန်တော် ဝိညာဉ် လောက ကိုယုံကြည်လှ
သည် မဟုတ်သော်လည်း ယခုကိစ္စသည် တစ္ဆေ
ချောက်ခြင်း ဖြစ်နိုင်လေသလောဟု သံသယဝင်
မိပါသည်။
ကျွန်တော်အိပ်ယာ ဆီပြန်လာခဲ့ပြီး အိပ်
ပျော်အောင်ကြိုးစားသော်လည်း တော်တော်
နှင့်အိပ်မရနိုင်သေးပါ။ ခုန ကတွေ့လိုက်သော
မိန်းကလေးသည် ကျွန်တော်မကြာခင်က ရရှိ
ထားသော ဂမုန်းပင်လေးတစ်ခုနှင့် ပတ်သတ်နေ
လေသလားဟု စဉ်းစားနေမိသည်။
လွန်ခဲ့သော တစ် ပတ်ခန့်ကဖြစ်သည်။
+++++++++++
ထိုနေ့က ကျွန်တော်တို့သူငယ်သုံးယောက်
ရုပ်ရှင်ကြည့်ရန် ဖုန်းဆက်ချိန်းကြပြီး ကိုယ်စီ
အိမ်မှ ထွက်လာကြသည်။
ကျွန်တော်၊ မေရန်ငြိမ်း နှင့် ရှိုင်းနေ တို့ဖြစ်
သည်။ သုံးယောက်စလုံး ငယ်သူငယ်ချင်းများ
ဖြစ်ပြီး ပြောမနာဆိုမနာ စိတ်တူကိုယ်တူများ
ဖြစ်ကြသည်။
ထိုနေ့က ရုပ်ရှင်ကြည့်ရန် ထွက်လာကြပြီး
မှ ရုပ်ရှင်လက်မှတ်က ဝယ်မရတော့သဖြင့် သုံး
ယောက်သား ညစ်ညစ်နှင့်အိမ်ပြန်လာကြသည်။
လမ်းတွင် အဖိုးအို တစ်ဦးနှင့် အမှတ်မထင်
ဆုံလေသည်။
"ငါ့မြေးတို့--- ဖိုးကအထက်အညာဘက်
ကပါ ရန်ကုန်က ပရဆေးဆိုင်တစ်ခုမှာ ဆိုင်ရှင်
မှာထားတဲ့ဆေးလာရောင်းတာ ဒါပေမယ့် အဲဒီ
ဆိုင်က ပိတ်သွားပြီ မရောင်းတော့ဘူးတဲ့.... အ
ဖိုးလည်းအဲဒါ ပြန်စရာ လမ်းစရိတ် အခက်အခဲ
ဖြစ်နေလို့ အဖိုးမှာပါတဲ့ ပရဆေးပစ္စည်းတွေ
လိုက်ရောင်းနေတာ ဘယ်ဆိုင်ကမှလည်း ဟုတ်
တိပတ်တိ မဝယ်ကြဘူးကွယ်-----"
"အဲဒါ....ငါ့မြေးတို့များစိတ်ဝင်စားမလားလို့"
ရှိုင်းနေက အဖိုးအို၏ ပရဆေးပင်များကို
စိတ်မဝင်စားဟန်ဖြင့်
"ကျွန်တော်တို့ အဲ့ဒီ ဆေးပစ္စည်းတွေအ
ကြောင်းနားမလည်ဘူးဗျ ဝယ်ပြီးဘယ်လိုသုံး
ရမှန်းလည်းမသိဘူး-----"
အဖိုးကြီကပြုံးလိုက်ပြီး သူ၏လွယ်အိတ်
ထဲမှ ဂမုန်ဥ တစ်လုံးကိုထုတ်ပြလေသည်။ဂမုန်း
ဥ ၏ ပုံသဏ္ဍာန်မှာ လူသားမိန်းမပျိုတစ်ယာက်
နှင့် အလွန်တူလှပေသည်။
"ဒီမှာ ငါ့မြေး ဒါကရှားပါးဂမုန်းဥ တစ်မျိုး
ပဲ သူ့ကို သေရည်နဲ့စိမ်သောက်ရင် ခွန်အားတိုး
စေတယ် ပြီးတော့ သူ့ကို မှန်မှန်မှီဝဲ ရင် ပီယသိ
တ္ထိ ပြီးစေတယ်လို့ပြောကြတယ်ကွ "
ရှိုင်းနေက ဂမုန်းဥကိုကြည့်လိုက်ပြီး---
"ဟား--- ဟား---မလိုပါဘူးအဖိုးရယ် ကျွန်
တော်တို့ သူငယ်ချင်းသုံးယောက် စလုံးက စော်
ကြည် ဘဲကြည်တွေချည်းပဲ ဝိုင်းဝိုင်းကိုလည်လို့
အဖိုးရဲ့ပီယဆေးမလိုပါဘူးဗျာ"
မေရန်ငြိမ်းက ရှိုင်းနေကိုလက်တို့လိုက်ပြီး
"နောက်တီးနောက်တောက်နဲ့ လူကြီးကိုဘာတွေ
ပြောနေတာလဲ"
ကျွန်တော်လည်း အဖိုးကြီးလက်ထဲမှ ဂမုန်း
ဥကို ယူကြည့်လိုက်ပြီး---
"ဒါလည်း ဂမုန်းမျိုးနွယ်တစ်ခုပါပဲ ဒါပေမယ့်
ဒါက သူ့ရဲ့ ပုံစံအမှန်မဟုတ်ပါဘူး အဖိုး ဟုတ်
တယ်မှတ်လား "
"လူရုပ်နဲ့တူတဲ့ပုံစံခွက် နှစ်ခုနဲ့ညှုပ် ချီထားပြီး
ပုံစံသွင်းစိုက်ပျိုးထားတာပါ ကျွန်တော်ပြောတာ
ဟုတ်လားအဖိုး---"
အဖိုးကြီးက ကျွန်တော့်ကိုကြည့်ကာပြုံးပြ
လာချေပြီး
"ဟား---ဟား---ငါ့မြေးကဘယ်ဆိုးလို့တုန်း
ကွ ဗဟုသုတ ရှိသားပဲ"
"ကျွန်တော်လည်း အညာဘက်က သူငယ်
ချင်းတစ်ယောက် လုပ်တာတွေ့ဖူးလို့သိတာပါ
ကဲပါ အဖိုးရယ် အဖိုးလမ်းစရိတ်လိုတယ်ဆိုရင်
ကျွန်တော်တို့ တတ်နိုင်သလောက်ပေးလိုက်ပါ့
မယ် "
ပြောရင်းနှင့်ပင် ကျွန်တော်အဖိုးကြီးအ
တွက် ငွေ ၃ သောင်းထုတ်ပေးလိုက်သည်။
မေရန်ငြိမ်း က ၁ သောင်းခွဲပေးပြီး ရှိုင်းနေက
၁ သောင်းပေးလေသည်။
အဖိုးကြီးက ကျွန်တော်တို့သုံးယောက်ကို
ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြော၍ ဆုများ
လည်းတောင်းပေးသေးသည်။
ကျွန်တော်တို့လည်း အဖိုးကြီးကိုနှုတ်ဆက်
ကာသွားမည် ဟန်ပြင်စဉ်မှာပင် -
"ငါ့မြေးတို့ နေကြပါဦးကွ အဖိုးမှာအင်မ
တန်အဖိုးတန်တဲ့ သူယောင်ဂမုန်းဥ ရှိတယ်
ပြောရရင် ဒီ ဂမုန်းပင်လေးက အဖိုးနဲ့ရေစက်
ကုန်နေပြီ အခု သူနဲ့ထိုက်တန်တဲ့ ပိုင်ရှင်အသစ်
ကို အဖိုးတွေ့ပြီ "
အဖိုးကြီးက စကားဆုံးသည်နှင့် သူ၏
လွယ်အိပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်
ပြန်သည်။ ဒီတစ်ကြိမ်လည်း လူသားမိန်းမပျို
သဏ္ဍာန် ဂမုန်းဥ တစ်ခုဖြစ်သည်။ဂမုန်းဥ ၏
အပေါ်ပိုင်းကတော့ အစိမ်းရင့်ရင့် ပေါ်တွင်အ
နက်ပျောက်တို့ရှိပြီး သာမာန် ရွက်လှပန်း တစ်
မျိုး၏ အရွက်နှင့် ခပ်ဆင်ဆင်တူလေသည်။
"ဒီ ဂမုန်းဥလေးက တန်ဖိုးကြီးလွန်းလို့ အ
ဖိုးဆီကနေ သိန်းဆယ်ချီပေးပြီးတော့တောင်
လာဝယ်ကြတာမြေးတို့ရဲ့ အဖိုးကလည်းလာ
ဝယ်တဲ့သူတွေထဲမှာ ဒီ ဂမုန်းပင်နဲ့ ထိုက်တန်သူ
ကိုမတွေ့လို့ ရောင်းလို့မရဘူးလေ "
"ငါ့မြေးခုနကပြောတဲ့ ပုံစံခွက်နဲ့စိုက်တဲ့ ဂ
မုန်းမဟုတ်ဘူးနော် ဒီအပင်က လုံးဝအစစ်ပါ"
"အခု ဟောဒီ ကငါ့မြေးကို အဖိုးဒီ ဂမုန်းဥ
လေးကိုလက်ဆောင်ပေးမယ် ပိုက်ဆံပေးစရာ
မလိုဘူးနော်ငါ့မြေး လက်ဆောင်ပေးတာပါ
ဒီအပင်လေးကို ဆောင်ထားရင် အရာရာကံ
ကောင်းစေပြီး ဘေးအန္တရာယ် ကင်းစေတယ်ကွ"
အဖိုးကြီးကပြောပြီး ကျွန်တော့်အား ကမ်း
ပေးလာလေသည်။ ကျွန်တော်လည်းအားနာ
သည်နှင့် ---
"ဟာ---နေပါစေအဖိုး---ကျွန်တော်မလိုချင်ပါ
ဘူး--- "
"ဘယ်ဟုတ်ပါ့မလဲ ငါ့မြေးရယ် ငါ့မြေးနဲ့
ထိုက်လို့ရတယ် လို့မှတ်ပါ ယူပါကွာ မယူရင်
အဖိုးစိတ်မကောင်းဖြစ်ရလိမ့်မယ်---"
စိတ်ဝင်တစား လိုချင်မှုမရှိသော်လည်း
နောက်ဆုံးတော့ အားနာသည်နှင့်
အဖိုးကြီးပေးသော သူယောင်ဂမုန်းပင်ဟုခေါ်
သောအပင်လေးမှာ ကျွန်တော့်အိမ်သို့ပါလာခဲ့
တော့သည်။
အိမ်သို့ရောက်ပြီး အိပ်ခန်းထဲရောက်၍
ရေချိုးခန်း ဝင်ကာနီးတွင် ထိုဂမုန်းပင်လေးကို
နီးစပ်ရာ စားပွဲခုံပေါ်သို့အမှတ်မထင် ပစ်တင်
လိုက်မိသည်။
ဝှက် ---ဘုတ်---အ!!!
ဟင်---
" အ " ဟုနာကျင်စွာအော်လိုက်သော
မိန်းကလေးတစ်ယောက်၏ အာမေဋိတ်သံကို
ကျွန်တော်ကြားလိုက်ရသည်။
ဝဲ ယာ သို့ကြည့်မိသည် အခန်းထဲမှာ
ကျွန်တော်တစ်ယောက်တည်းသာရှိနေ၏။
နားကြားလွဲတာပင်ဖြစ်မည်ဟု အမှုမထားဘဲ
တွေးလိုက်မိသည်။
ဇာမဏီ
(အပိုင်း(၂)ဆက်လက်ဖတ်ရှုပါရန် -)
Comments
Post a Comment