အောင်မြတ်သာနှင့်နတ်ဖွက်ပရပိုက်

 " အောင်မြတ်သာနှင့်နတ်ဖွက်ပရပိုက် "

+++++++++++
စာရေးဆရာ--- ဇေယန (ရာမည)
နေ၀င်ရီတရောအချိန်ဖြစ်တာနဲ့အမျှ ရွှေဘုံမြင့်ရွာမှာရှိတဲ့ လူနေအိမ်ခေါင်မိုး‌ထက်ကနေ မီးခိုးတလူတလူတွေ ပျံ့လွင့်နေခဲ့တယ်။
" ဆရာ--- ဟိုးရှေ့မှာမြင်နေတဲ့ ရွာငယ်လေးက အတော်ကိုသာယာလှပါလား.."
" ဟုတ်တယ်မောင်ကောင်း... အဲဒီရွာရဲ့ပတ်၀န်းကျင်အနေအထားက ပန်းချီကားချပ်တစ်ခုလို လှပသလို ရွာမှာရှိတဲ့ သူတွေရဲ့စိတ်ထားတွေကလဲ ရိုးသားကြတယ်လေ"
" ဒါဆို ဆရာက ဒီရွာကို ရောက်ဖူးတာပေါ့"
" ရောက်ဖူးတယ်လို့ပဲ ပြောရမှာပဲ... ကဲ... မိုးမချုပ်ခင်ရွာထဲကိုရောက်အောင် ခပ်သုတ်သုတ်လေး သွားကြရအောင်"
အောင်မြတ်သာတို့လဲ ခပ်ပြပြမြင်နေရတဲ့ ရွှေဘုံမြင့်ရွာဆီကို တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ထွက်လာခဲ့လိုက်တယ်။
ညီညာပြန့်ပြူးနေတဲ့မြေနီလမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ သဘာ၀အလျောက်ပေါက်ရောက်နေကြတဲ့ တောပန်းလေးတွေရဲ့အလှက ရွာအ၀င်လမ်းကိုပိုပြီးပနံသင့်စေခဲ့တယ်။
" ဗျို့ နောင်ကြီး... ဦးမှိုင်းလှုံတို့အိမ်ကိုဘယ်လမ်းကနေသွားရလဲဗျ"
အောင်မြတ်သာက ရွာထိပ်မှာတွေ့လိုက်တဲ့သူကို ဖော်ရွှေတဲ့လေသံနဲ့မေးလိုက်တော့
" ဦးမှိုင်းလုံရဲ့ ဧည့်သည်တွေလားဗျ---"
" ဟုတ်ပါတယ် ... ဦးမှိုင်းလုံနဲ့တွေ့ဖို့လာတာပါ"
" ဒါဖြင့် ကျုပ်နဲ့လိုက်ခဲ့ဗျာ... ကျုပ်အိမ်က ဦးမှိုင်းလုံအိမ်နဲ့ဘေးချင်းကပ်ဗျ"
" အဆင်သင့်လိုက်တာ နောင်ကြီးရယ်..."
" ကျုပ်ကို ဖေတင်လို့‌ပဲခေါ်ပါဗျာ... ဦးမှိုင်းလုံကတော့ ငတင်လို့ခေါ်တယ် ဟဲဟဲ"
ဖေတင်က ရယ်ကျဲကျဲလုပ်ပြီး ရှေ့ကနေ လမ်းပြခေါ်ဆောင်သွားခဲ့တယ်။ လမ်းတစ်လျောက်မှာတွေ့တဲ့သူတွေကလဲ ဖေတင်ကို ရယ်ရယ်မောမောနဲ့ ခေါ်ပြောစနောက်တာမြင်တော့ " ဒီလူက လူချစ်လူခင်များသားပဲ" လို့တွေးမိခဲ့တယ်။
အတန်သင့်ရုံလျောက်လာပြီးတဲ့နောက်မှာတော့ ဝါးလုံးတွေကို နှစ်ခြမ်းစိပ်ပြီး ခြံစည်းရိုးသဖွယ်ကာရံထားတဲ့ ခြေတံရှည်အိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။
" အဘရေ... အဘ... ဧည့်သည်တွေပါလာတယ်ဗျ"
" ဟေ့ ငတင် ... ဘယ်ကဧည့်သည်တွေတုန်း"
အိမ်ပေါ်ကနေ ကွမ်းမြုံ့နေတဲ့အသံနဲ့ လှမ်းပြောရင်းဆင်းလာတဲ့ ဦးမှိုင်းလုံက အောင်မြတ်သာကိုမြင်တော့
" ဆရာလေးပါလား.... ဘယ်ကနေ ဘယ်လိုခြေဦးလှည့်လာတာလဲဗျာ---"
" ဒီကိုပဲ လာတာ ဦးလေးမှိုင်းရဲ့... အရင်တစ်ခါက ရွာထဲမ၀င်လိုက်ရတာမို့ အိမ်မမှတ်မိဘူးဖြစ်နေတာ... ကိုဖေတင်နဲ့တွေ့လို့သာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာပဲ"
" ငတင်... မင်းမပြန်ခင် အိမ်ပေါ်က ရေနွေးကြမ်းပန်းကန်နဲ့ ပဲကြော်ဘူး အောက်ယူခဲ့ပေးပါလား"
" ရတာပေါ့ ဘကြီးမှိုင်းရဲ့ ---"
ဖေတင်က အိမ်ပေါ်ကို တက်သွားတဲ့ချိန် အောင်မြတ်သာတို့က အိမ်ရှေ့ကွပ်ပြစ်မှာထိုင်လိုက်ကြတယ်။ ခဏနေတော့ ဖေတင်က ရေနွေးကြမ်းဗန်းနဲ့ ပဲကြော်ဘူးကိုင်ကာပြန်ဆင်းလာပြီး ရှေ့မှာလာချပေးခဲ့တယ်။
" ဘကြီးနဲ့အေးဆေးပြောလိုက်ကြပါဦး... ကျုပ် အိမ်ပြန်ရေချိုးလိုက်ဦးမယ်"
" ဟေ့ ငတင် ... ရေချိုးပြီးရင် ငါ့သမီးအိမ်ဘက်တစ်ချက်လှည့်၀င်ပြီး ဧည့်သည်တွေစားဖို့ သက်သက်လွတ်ဟင်းစီစဉ်ပေးထားဖို့ပြောလိုက်ဦး"
" ဟုတ်ကဲ့ ဘကြီး... ရေချိုးပြီးတာနဲ့ သွားပြောလိုက်ပါ့မယ်"
ဖေတင်ထွက်သွားတော့ အောင်မြတ်သာက
" ဘကြီးရော ကျန်းမာရေးကောင်းရဲ့လား---"
" ထွေထွေထူးထူးတော့မရှိပါဘူးကွာ... ဒါနဲ့ ဒီကောင်လေးတွေက ဆရာ‌လေး တပည့်တွေများလား"
" ဟုတ်တယ်ဘကြီး... သူက မောင်ကောင်း... သူကတော့ ခွန်းလှလို့ခေါ်တယ်"
" မင်းတို့ဆရာက ငါ့ရဲ့အသက်သခင်ကျေးဇူးရှင်ကွ... သူ့ကြောင့် ငါ့ကိုအကောင်းပကတိမြင်နေရတာ"
ဘကြီးမှိုင်းလုံရဲ့စကားကြောင့် အောင်မြတ်သာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ စိုက်ကြည့်နေခဲ့တယ်။
" ဆရာလေး ကျုပ်နဲ့တွေ့တာ ဒီနှစ်ဆို ငါးနှစ်ပြည့်ပီပေါ့နော်---"
" ဟုတ်တယ် ဘကြီး... လာမယ့် တပို့တွဲလဆို ငါးနှစ်ပြည့်ရောပေါ့"
" ကျုပ်ဖြင့် အဲဒီညကို အမှတ်ရနေသေးတယ်ဗျို့.."
ဦးမှိုင်းလုံက အာဘောင်အာရင်းသန်သန်နဲ့ပြောနေရင်း ကွမ်းတစ်ယာကိုပါးစပ်ထဲထိုးထည့်လိုက်တဲ့အချိန် မောင်ကောင်းက
" စကားဖြတ်ပြောတယ်လို့မထင်ပါနဲ့ ဘကြီး... ဟိုလေ ဘကြီးနဲ့ဆရာက ဘယ်လိုဆုံဖြစ်ခဲ့ကြတာလဲ"
" မထင်ပါဘူးငါ့တူရယ်... မင်းတို့သိအောင်ပြောပြရရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကညသန်းခေါင်အချိန် ဘကြီးတစ်ယောက်ထဲ ဟိုဘက်ရွာကနေပြန်လာတာ... ပွင့်ပွင့်လင်းလင်းပြောရရင် အမဲခိုးပေါ်ပြီး ပြန်လာတာကွာ... လက်တစ်ဖက်မှာအမဲသားတွဲကြီးကိုကိုင် ကျန်တစ်ဖက်မှာ အရက်ပုလင်းကိုကိုင်ထားတဲ့ လူမိုက်ကြီးပေါ့ ဟက်ဟက်"
ဦးမှိုင်းလုံက တစ်ယောက်ထဲပြောနေရင်း သဘောကျစွာရယ်လိုက်ပြီး
" အဲလိုနဲ့ ရွာနှစ်ရွာကြားထဲက ညောင်နှစ်ပင်လမ်းခွကိုရောက်လာတယ်... ငါကလဲ လူရွတ်လူတေဆိုတော့ ညောင်နှစ်ပင်အောက်မှာရပ်ပြီး အမဲသားကြိုက်တဲ့သူရှိရင် ငါ့ဆီလာယူကြ... ဒါပေမယ့် ငါ့ကိုကြောက်အောင်ခြောက်မှရမယ်ဆိုပြီး ကြိမ်းဝါးလိုက်တာ... ပြောပြီးမကြာခင်မှာပဲ ညောင်ရွက်တွေက လေမတိုက်ပဲ တရှဲရှဲနဲ့မြည်လာပြီး အရွယ်စုံ ပုံစံစုံ နာနာဘာ၀တွေ တွယ်ဆင်းလာတာငါ့ကောင်ရေ... ငါ့တစ်သက် ဒီလိုမျိုး အုံလိုက်ကျင်းလိုက်ဆင်းလာတာမတွေ့ဖူးတဲ့အတွက် အရက်ခိုးတွေတောင် ဘယ်ပျောက်သွားမှန်းမသိဘူး... ငါလဲ မျက်ဝါးထင်ထင်မြင်တော့ လန့်ပြီးထွက်ပြေးတာ... ဘယ်လိုပြေးပြေး ညောင်ပင်အရိပ်အောက်ကနေ မလွတ်ဘူး... နာနာဘာ၀တွေကလဲ ငါ့ကိုထွက်မရအောင် ဝိုင်းပြီး အမဲသားတွဲကိုလုဖို့ အနားကပ်လာခဲ့တယ်။ အဲဒီအချိန် မင်းတို့ဆရာရောက်လာပြီး မောင်းထုတ်ပေးလို့ အခုထိအသက်ရှင်ကျန်တာ... နောက်ဆို ငါလဲ အဲဒီညောင်ပင်မှာ အစောင့်ဖြစ်နေလောက်ပြီ"
" အဲဒီနောက်ပိုင်းရော ဘကြီး ဘယ်လိုဖြစ်သေးလဲ"
" အဲဒီနေ့ပြီးထဲက သူများအသတ်ကိုရည်ရွယ်ချက်ရှိရှိသတ်တာနဲ့ အရက်သောက်တာကို ဘုရားမှာအပြီးတိုင်လှူပစ်လိုက်တာ ယနေ့အထိပဲ"
" ဦးလေးလဲ ကျွတ်ချိန်တန်လို့ ဆရာနဲ့တွေ့သွားတာပေါ့"
" ဟားဟား မင်းပြောသလိုပဲ ကောင်လေးရေ... အချိန်တန်လို့ထင်ပါရဲ့"
မောင်ကောင်းတို့စကားကောင်းနေတဲ့အချိန် ခြံထဲ၀င်လာတဲ့ဖေတင်ကြောင့် စကားစကိုဖြတ်လိုက်ကြတယ်။
" ဘကြီး... ရွှေရွှေကိုသွားပြောပြီးပြီ... ညကျရင် သူလာပို့ပေးမယ်ပြောတယ်---"
" အေးအေး... ဒါနဲ့ အိမ်နောက်က ရေကပြင်မှာ ခွေးကိုက်လို့သေနေတဲ့ကြက်တစ်ကောင်ရှိတယ်.. မင်းတို့အိမ်အတွက်ဟင်းစားရအောင်ယူသွားလိုက်"
" အတော်ပဲ ဘကြီးရေ... အိမ်မှာဒီနေ့ ဟင်းမကောင်းဘူးဗျ---"
ဖေတင်က သွက်လက်စွာနဲ့ အိမ်နောက်ဖေးဘက်ကို၀င်သွားပြီး သေနေတဲ့ကြက်ကို ကိုင်ကာ ထွက်လာတဲ့အချိန်
" ကတော် ကတော် ကတော် ကွတ်ကွတ်ကွတ်.." ဆိုတဲ့အသံနဲ့အတူ သေနေတဲ့ကြက်က တောင်ပံတဖျတ်ဖျတ်ခတ်ပြီး ခြံထဲပတ်ပြေးနေခဲ့တယ်။
"‌အောင်မလေး... ဘကြီးကြက်က အသက်ရှိနေသေးတယ်ဗျ---"
" ဟေ့ကောင် မဖြစ်နိုင်တာမပြောနဲ့... ကြက်ကလည်တောင်လိမ်နေတာ ဘယ်လိုအသက်ရှိရမှာလဲ... အခုလဲကြည့်လေ ဇက်ကထောင်နေလို့လား"
ဘကြီးမှိုင်းလုံက လည်ပင်းငိုက်စိုက်ကျကာပတ်ပြေးနေတဲ့ ကြက်ကိုကြည့်ပြီးအံ့ဩနေတဲ့အချိန် အောင်မြတ်သာက ထိုင်ရာကနေထပြီး
" မုလပြန်စမ်း..." လို့အမိန့်ပေးလိုက်တော့မှ ကြက်က ဖုတ်ခနဲလဲကျကာ ငြိမ်သက်သွားခဲ့တယ်။
" ဆရာလေး... ဒါ ဒါ ဘာဖြစ်တာလဲ"
" ညနေ‌ နေ၀င်ရီတရောဖြစ်တာရယ်.... ကိုဖေတင်ရဲ့ စကားအမှားရယ်ကြောင့်လို့တော့ထင်တာပဲ"
" ငတင် ... မင်း ကြက်သွားယူတဲ့အချိန် ဘာပြောလိုက်သေးလဲ"
"ဟို... ကြက်ကိုယူတဲ့အချိန် တောင့်တောင့်ကြီးဖြစ်မနေတာကြောင့် မသေပဲသေချင်ယောင်ဆောင်နေတာများလား‌ဆိုပြီးပြောခဲ့မိတယ်"
" စိတ်ထဲမထားပါနဲ့ ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိပါတယ်... ဘကြီးမှိုင်းတို့လဲ ကြုံဖူးတယ်မဟုတ်လား"
" ကြုံဖူးတာပေါ့ဆရာလေးရယ်... ၀က်ကို မှိန်းနဲ့ထိုးသတ်ပြီးတဲ့အချိန် ၀က်ပိုင်ရှင်ရဲ့သားက ဒီ၀က် သေလဲမသေဘူးလို့ ပါးစပ်ဆော့လိုက်တာ သေနေတဲ့ကောင်က ခြံထဲပတ်ပြေးနေတာဗျာ... နောက်ဆုံး လူငါးယောက်လောက်ပိတ်ဖမ်းပြီး နောက်တစ်ကြိမ်ထပ်သတ်လိုက်ရတယ်---"
" ဟုတ်တယ်ဗျ... ဒီလိုနွားရိုင်းသွင်းချိန်ဆို သာမန်လူတွေမမြင်နိုင်တဲ့နာနာဘာ၀တွေပျော်မြူးကြတယ်လေ.. ကိုဖေတင်လဲ နောက်ဆိုသတိထားပေါ့"
ဖေတင်က ကြက်သေကိုကောက်ရနိုးနိုး ပြန်ချရနိုးနိုးလုပ်နေရင်းကနေ
" ဟုတ်ကဲ့ပါဗျာ... ကျုပ်ဖြင့်အတော်ကိုလန့်သွားတာ... ဟူး"
" ကလေးတွေလဲ ဟင်းကောင်းစားချင်နေမှာပေါ့... ဒီကြက်ကို အရသာရှိရှိချက်ကျွေးလိုက်ဦး"
" ဟုတ်ကဲ့... ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်"
ဖေတင်ထွက်သွားတော့ အောင်မြတ်သာက ဦးမှိုင်းလုံကို ကြည့်ပြီး ဘယ်လိုလဲဆိုတဲ့သဘောနဲ့ရယ်ပြလိုက်တယ်။
-----------
ဖယောင်းတိုင်မီးငါးတိုင်ပူဇော်ထားတဲ့ ဘုရားကျောင်းဆောင်ရှေ့မှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေနဲ့ ဦးမှိုင်းလုံက ငြိမ်သက်စွာတရားထိုင်နေခဲ့ကြတယ်။
မောင်ကောင်းတစ်ယောက် နှာသီးဖျားထိပ်ကနေ အေးခနဲ၀င်ရောက်သွားတဲ့ လေရဲ့အထိတွေ့ကိုအာရုံခံနေတဲ့အချိန် ရင်ညွန့်တည့်တည့်ကနေအေးမြတဲ့ ခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့တယ်။
" အိုး... ဒီခံစားချက်ကို ရွှေတွေငွေတွေနဲ့ လဲရမယ်ဆိုရင်တောင် ငါမလဲနိုင်ဘူး"
မောင်ကောင်းရဲ့ စိတ်သန္တာန်ထဲကနေ ဖြစ်ပေါ်လာတဲ့ စကားလုံးရဲ့အဆုံးမှာ အိမ်ဦးတိုင်စိုက်ထားတဲ့နေရာကနေ
" ဆရာလေးတို့ ရွာကိုရောက်လာတာအချိန်ခါကောင်းပဲဗျို့... မကြာခင် ရွာအနောက်ဘက် တောအုပ်ထဲမှာရှိတဲ့ နံ့သာဖြူပင်က အလိုလိုခြောက်သွေ့လာတော့မှာ... အမြန်သွားယူကြပေတော့" ဆိုတဲ့အသံထွက်ပေါ်လာခဲ့တယ်။
တရားဖြုတ်ပီးလို့ ကြားလိုက်ရတဲ့အသံကို ပြန်ပြောပြရာ အောင်မြတ်သာက
" အိမ်စောင့်နတ်က မင်းနဲ့ပဌာန်းဆက်ရှိလို့ အသိပေးတာဖြစ်လိမ့်မယ်---"
" ဟင်.. ဆရာတို့ရော မကြားလိုက်ရဘူးလား"
"ငါတို့အားလုံးရှိနေတာတောင် မင်းတစ်ယောက်ပဲကြားလိုက်ရတာဆိုတော့ ထူးတော့ထူးဆန်းတယ်... နောက်ပြီး နံ့သာဖြူပင်တွေထဲမှာ ဂမ္ဘီရဆန်တဲ့ နတ်သတ်ပင်ဆိုတာ သာမန်လူတွေ ဘယ်လိုမှရှာမတွေ့နိုင်တဲ့အရာပဲ"
" နတ်သတ်ပင်ဆိုတာ ဘယ်လိုမျိုးလဲဆရာ"
" သဘာ၀အပင်ကို နတ်တို့ရဲ့အစွမ်းနဲ့ခြောက်သွေ့အောင် ပြုလုပ်လိုက်ကို နတ်သတ်ပင်လို့ခေါ်တယ်။ နတ်သတ်နံ့သာဖြူပင်ရဲ့အမွှေးရနံ့က တောတောင်တစ်ခွင်လုံးကို ဖုံးလွှမ်းစေတာမို့ နတ်သတ်ပင်ကိုယူဖို့အတွက် လာကြတဲ့ ပုဂ္ဂိုလ်တွေကလဲ ဒုနဲ့ဒေးရှိတာမို့ ပြိုင်ဆိုင်မှုတွေကလဲ ပြင်းထန်လာနိုင်တယ်"
" ကျွန်တော်တော့ စိတ်၀င်စားတယ်ဆရာ... ဆရာသဘောကရော ဘယ်လိုရှိလဲ"
" မင်းနဲ့ပဌာန်းဆက်ပါလို့ နတ်သတ်နံ့သာဖြူပင်အကြောင်းကိုသိရတာဆိုတော့ သွားကြည့်တာပိုသင့်တော်မယ်ထင်တယ်... ဦးမှိုင်းလုံကတော့ အသက်အရွယ်လဲရနေပီမို့ အိမ်မှာပဲစောင့်နေပေးပေါ့"
" ဆရာလေးတို့ စိတ်ဖြောင့်လက်ဖြောင့်သွားကြပါဗျာ... ဒါနဲ့ နတ်သတ်နံ့သာဖြူပင်တွေ့ရင် ကျုပ်အတွက် တစ်ဖဲ့လောက်ယူလာဖို့မမေ့ကြနဲ့ဦး"
အောင်မြတ်သာနဲ့ မောင်ကောင်းတို့ကတော့ ဦးမှိုင်းလုံးစကားကို ပြုံးရယ်တဲ့မျက်နှာထားနဲ့ နားထောင်နေပြီး လိုအပ်တဲ့အင်းမစအချို့ကို လွယ်အိတ်ထဲထည့်နေလိုက်တယ်။
မကြာခင် လူသုံးယောက်က ဓါတ်မီးအလင်းရောင်နဲ့အတူ ဦးမှိုင်းလုံအိမ်ကနေတရွေ့ရွေ့ထွက်ခွာသွားခဲ့ကြတယ်။
-----------
သန်းခေါင်ယံအချိန်ဖြစ်တဲ့အပြင် ‌နက္ခတ်တာရာတွေကလဲ စုံညီနေတဲ့နေတဲ့ကာလမှာတော့ မှိုင်းညို့အုပ်မှိုင်းနေတဲ့ တောတောင်ပေါ်ကနေ ရိပ်ခနဲ ရိပ်ခနဲ ရွေ့လျားနေတဲ့ သဏ္ဍာန်အချို့ကို မြင်တွေ့ရသလို ပန်းပေါင်းရနံ့တွေ သင်းထုံနေတဲ့ အမွှေးရနံ့အချို့ကိုလဲရလိုက်ကြတယ်။
" ဆရာပြောသလိုပဲ... အခြားသူတွေ ဒီနေရာကိုရောက်နေကြပြီထင်တယ်..."
" အခုကစပြီး နတ်သတ်ပင်ဆီမရောက်သရွေ့ သတိဝိရိယနဲ့နေဖို့လိုလိမ့်မယ်... ဒီကိုလာကြတဲ့သူတွေအားလုံးက အဆင့်မြင့်တဲ့ကျင့်စဉ်တွေကိုအောင်မြင်ထားတဲ့သူတွေပဲ"
အောင်မြတ်သာစကားအဆုံးမှာ မလှမ်းမကမ်းမှာရှိတဲ့ သစ်ပင်ပေါ်ကနေ အပေါ်ကိုပျံတက်သွားတဲ့ ဇော်ဂျီတစ်ပါးကိုမြင်တွေ့လိုက်ရတယ်။
" ထန်း ထန်း ထန်း- - - - - "
ကျောက်စိုင်ကျောက်ခဲကို သံတုတ်နဲ့ထုချေ‌နေတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ မဲနက်ပြောင်လက်နေတဲ့ သစ်ကနက်သားတောင်ဝှေးကို တဒေါက်ဒေါက်ထောက်ပြီး လမ်းလျောက်လာတဲ့ ရသေ့တစ်ပါး။
လက်ထဲကိုင်ထားတဲ့တောင်ဝှေးက အောက်မှာရှိတဲ့ ကျောက်တုံးတွေနဲ့ထိလိုက်တာနဲ့ မီးပွားတွေရဲခနဲပွင့်ထွက်လာတာကို ထူးဆန်းစွာမြင်လိုက်ရတယ်။
" ဆရာပြောတဲ့အတိုင်း ဒီကိုလာတဲ့သူတွေက အကုန်ဒိတ်ဒိတ်ကျဲတွေပါပဲလား---"
မောင်ကောင်းက ပါးစပ်အဟောင်းသားနဲ့ရေရွတ်လိုက်တဲ့အချိန် တောင်ဝှေးကိုင်ထားတဲ့ရသေ့က ဂါထာတစ်ပုဒ်ကိုတီးတိုးရွတ်ဖတ်ရင်း အနားကနေ ဖြတ်လျောက်သွားခဲ့တယ်။
တောလမ်းတစ်လျောက်မှာတော့ ပန်းပေါင်းစုံပန်ဆင်ထားတဲ့ဥစ္စာစောင့်မိန်းမပျိုတွေကိုလဲမြင်ရသလို အရူးလို၀တ်စားထားတဲ့သူအချို့ကိုလဲမြင်တွေ့လိုက်ရတယ်။ သူတို့အားလုံးဒီတောထဲကိုရောက်လာတဲ့ရည်ရွယ်ချက်က နတ်သတ်နံ့သာဖြူပင်ကိုရှာဖို့ဆိုတာကလွဲပြီးအခြားမရှိဘူးဆိုတာ အောင်မြတ်သာတို့သိခဲ့ကြတယ်။
" ဆရာ... ကျွန်တော်တို့က ဒီပုဂ္ဂိုလ်တွေနဲ့အပြိုင် နတ်သတ်နံ့သာဖြူပင်ကိုရှာရမှာမဟုတ်လား"
အောင်မြတ်သာက မောင်ကောင်းစကားကို ပြန်မပြောပဲ မျက်လုံးကိုမှိတ်ကာ အသက်ကိုဖြေးဖြေးချင်းရှူသွင်းနေတာကိုမြင်လိုက်ရတယ်။
" အလွန်ကိုမွှေးပျံ့တဲ့ရနံ့ပါလား...ဒါကနတ်သတ်ပင်ဆီကနေထွက်လာတာပဲ... မင်းတို့ရော နံ့သာဖြူနံ့ရကြလား"
မောင်ကောင်းတို့လဲ အောင်မြတ်သာစကားကြောင့် အနံ့ခံကြည့်ရာ အလွန်ကိုချိုအီမွှေးပျံ့တဲ့နံ့သာနံ့ကိုခံစားလိုက်ရတယ်။
" ဆရာ .. ဟိုးမှာကြည့်ပါဦး--- "
ခွန်းလှစကားကြောင့် လှမ်းကြည့်လိုက်ရာ လက်တစ်ဝါးစာအရွယ်တွေနဲ့ဖုံးလွှမ်းနေတဲ့ အပင်ငယ်တစ်ပင်က လူတစ်ယောက်လမ်းလျောက်သကဲ့သို့ ရွေ့လျားနေတာမြင်လိုက်ရတယ်။ မကြာခင် အဆိုပါအပင်နားဆီကို ဆာဒူးကြီးတစ်ပါးရောက်လာပြီး လက်ဝါးဖြန့်ကာမန္တာန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်တယ်ဆိုရင်ပဲ ရွေ့လျားနေတဲ့အပင်ငယ်ရဲ့အရွက်တွေညိုးကျသွားပြီး လက်ကောက်၀တ်လုံးခန့်ရှိတဲ့ပင်စည်ထဲကနေ အစွယ်တကားကားနဲ့ ဘီလူးတစ်ကောင် ခုန်ထွက်လာခဲ့တယ်။
" ဒါက ဘီလူးဂမုန်းပင်ပဲ--- "
အောင်မြတ်သာရဲ့စကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှက ဆာဒူးကြီးနဲ့ ဂမုန်းပင်စောင့်ဘီလူးတို့ရဲ့အခြေအနေကို စိတ်၀င်စားစွာကြည့်နေခဲ့လိုက်တယ်။
ဂမုန်းပင်ထဲကနေ ခုန်ထွက်လာတဲ့ တစ်တောင်သာသာအရွယ်ရှိတဲ့ဘီလူးက သူ့ခြေထောက်သေးသေးလေးနဲ့ မြေကြီးကိုပေါက်ချလိုက်တဲ့အချိန် မြူခိုးနဲ့တူနဲ့အခိုးငွေ့တွေထွက်လာပြီး လူကောင်ကလဲ တစ်ဖြေးဖြေးကြီးထွားလာခဲ့တယ်။
ဆာဒူးကြီးကတော့ အဆမတန်ကြီးထွားလာတဲ့ ဘီလူးကောင်ကို ကြောက်ရွံ့ခြင်းမရှိတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီး ဥုံခံတဲ့ဂါထာတစ်ပုဒ်ကိုသာ ဌာန်နဲ့မာန်နဲ့ရွတ်ဖတ်နေခဲ့တယ်။ ဆာဒူးကြီးရဲ့ မန္တာန်အစွမ်းကြောင့် ဘီလူးကြီးက ရှေ့ကိုဆက်မတိုးနိုင်ပဲ နားနှစ်ဖက်ကို လက်နဲ့ပိတ်ကာ စူးစူးဝါးဝါးအော်ဟစ်ရင်း ဒူးထောက်လျက်အနေအထားဖြစ်သွားခဲ့တယ်။
" ဟော ... ဘီလူးက တစ်ဖြေးဖြေးသေးသွားပါလားဆရာ"
မောင်ကောင်းက အံ့ဩစွာရေရွတ်နေတဲ့အချိန် ဆာဒူးကြီးက တစ်ထွာသာသာခန့်ဖြစ်သွားတဲ့ ဘီလူးရဲ့ခန္ဓာကိုယ်ကို အနီရောင်ချည်မန်းကြိုးနဲ့ရစ်ပတ်လိုက်တယ်ဆိုရင်ပဲ ဂမုန်းပင်က အမြစ်ကနေကျွတ်ထွက်လာခဲ့တယ်။
" လတ်စသတ်တော့ ဆာဒူးကြီးက သိဒ္ဓိ၀င်ဂမုန်းကို လာဖမ်းတာကိုး---"
" ဘီလူးဂမုန်းဆိုတာက မထိန်းသိမ်းတတ်ရင် အရမ်းအန္တရာယ်ကြီးတဲ့ဂမုန်းအနွယ်၀င်ပဲ... ဒီလိုမျိုး ထိန်းသိမ်းလိုက်တာက ပိုသင့်လျော်ပါတယ်"
အောင်မြတ်သာစကားအဆုံးမှာ ဆာဒူးကြီးက စူးရှတဲ့မျက်လုံးတွေနဲ့ဝေ့ကြည့်ပြီး ဂမုန်းပင်ကိုလွယ်အိတ်ထဲထည့်ကာ တောအတွင်းဘက်ကို ထွက်သွားခဲ့တယ်။
မကြာခင်တောတွင်းဘက်တစ်နေရာကနေ ပြိုးခနဲပြက်ခနဲအလင်းရောင်တွေဖြာထွက်လာပြီး ကောင်းကင်ထက်ကိုပျံတက်လာတဲ့ ဇော်ဂျီနှစ်ပါးကို အောက်ကနေလှမ်းမြင်လိုက်ရတယ်။
" ဒီအချိန်က အစွမ်းထက်တဲ့သစ်ဥသစ်ဖုတွေထွက်ပေါ်တဲ့အချိန်မို့ သူ့ထက်ငါအပြိုင်အဆိုင်ရှာဖွေနေကြပီထင်ပါတယ်"
မောင်ကောင်းနဲ့ ခွန်းလှလဲ နတ်သတ်နံ့သာဖြူပင်ကိုရှာဖို့ထက် ကောင်းကင်ယံမှာ သူ့ထက်ငါအပြိုင် တိုက်ခိုက်နေတဲ့ ဇော်ဂျီနှစ်ပါးရဲ့တိုက်ပွဲကို စိတ်၀င်စားစွာကြည့်ရှုနေခဲ့တယ်။ ဇော်ဂျီနှစ်ပါးကလဲ ပညာကုန်သုံးကာ တိုက်ခိုက်နေရင်း ခေါင်းပေါင်းမပါတဲ့ဇော်ဂျီပစ်လွှတ်လိုက်တဲ့ ရောင်စဉ်တန်းက ခေါင်းပေါင်းပါတဲ့ဇော်ဂျီရဲ့ရင်ညွန့်တည့်တည့်ကိုထိပြီး အောက်ကို ထိုးဆင်းလာခဲ့တယ်။
အနိုင်ရရှိသွားတဲ့ဇော်ဂျီက သူ့ရဲ့အဆစ်ကိုးဆစ်ပါတဲ့ တောင်ဝှေးကို စင်္ကြာသဖွယ်ဝှေ့ယမ်းကာ အောင်ပွဲခံရင်း အနီရောင်လွယ်အိတ်ကို ဖွင့်ဟလိုက်ရာ တောထဲမှာ သဘာ၀အလျောက်ပေါက်နေတဲ့ ဆေးမြစ်၊ဆေးပင်တွေလေပေါ်ကိုမြောက်တက်ပြီး လွယ်အိတ်ထဲကိုရောက်လာခဲ့တယ်။
" ငါဟဲ့ ပသဏီဇော်ဂျီ.. ဒီဇဗ္ဗူတစ်ခွင် ငါဖော်တဲ့ဆေးလောက်စွမ်းတာရှိပါ့ဦးမလား ဟားဟားဟား" ဆိုတဲ့အသံနဲ့အတူ လေရဲ့အမြန်နှုန်းနဲ့ပျံသန်းသွားတဲ့‌ ဇော်ဂျီကိုကြည့်ပြီး အောင်မြတ်သာက ခေါင်းကိုဖြေးညှင်းစွာခါယမ်းလိုက်တယ်။
" ဆရာ... ဟို ဒဏ်ရာရနေတဲ့ ဇော်ဂျီကို ဘယ်လိုလုပ်မလဲ"
" သိပ်လဲစိတ်မပူပါနဲ့... သူတို့တွေက သေစေလောက်တဲ့အထိ ယှဉ်ပြိုင်တာမျိုးမရှိပါဘူး... ခဏနေသက်သာသွားပါလိမ့်မယ်"
အောင်မြတ်သာစကားမဆုံးခင်မှာပဲ ဒဏ်ရာရနေတဲ့ ဇော်ဂျီက လူးလဲကာထပြီး ကောင်းကင်ခရီးနဲ့ပျံထွက်သွားတာကိုမြင်လိုက်ရတယ်။
- - - - - - - - -
တောတစ်ခွင်လုံးအမှောင်ထုကြီးစိုးနေတယ်ဆိုပေမယ့် သစ်ပင်ကြီးငယ်တွေကြားထဲကနေ မှိန်ပြစွာကျရောက်နေတဲ့ လရောင်ကြောင့် အနီးနားမှာရှိတဲ့ အရာ၀တ္တုတွေကို ရှင်းလင်းပြတ်သားစွာမြင်တွေ့နေခဲ့ရတယ်။ တောအတွင်းနေရာတွေမှာတော့ ဥဒဟိုသွားလာနေကြတဲ့ ပုဂ္ဂိုလ်တွေကိုရိပ်ခနဲ ရိပ်ခနဲမြင်တွေ့နေရတာကလွဲပြီး အခြားထူးခြားတဲ့အရိပ်အယောင်ကိုမတွေ့ခဲ့ရပေ။
" ဟူး... နတ်သတ်ပင်ကိုရှာရတာကလဲ ကောက်ရိုးပုံထဲအပ်ပျောက်ရှာနေသလိုဖြစ်နေပါလားဆရာရယ်---"
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက ပြုံးတဲ့သဏ္ဍာန်ပေါ်ရုံလေးနှုတ်ခမ်းလွှာကိုတွန့်လိုက်ပြီး
" ရှာကလွယ်ကူနေရင် နတ်သတ်ပင်လို့ ဘယ်ခေါ်ပါ့မလဲ... ဒီလိုအပင်မျိုးကိုမြင်တွေ့ခွင့်ကိုတောင် ပဌာန်းဆက်ပါမှ ရတာ---"
" ကျွန်တော်ဖြင့်အရမ်းကြီးလဲမမျှော်လင့်ထားပါဘူး... တစ်သက်မှာ ဒီလိုအပင်မျိုးတစ်ခါမြင်ဖူးရင်ကျေနပ်ပါပြီ"
‌မောင်ကောင်းက သဘာ၀အတိုင်းဖြစ်ပေါ်နေတဲ့ တောလမ်းအတိုင်းလျောက်လှမ်းရင်းပြောလိုက်တော့ အောင်မြတ်သာက ဘေးနားမှာအလေ့ကျပေါက်နေတဲ့ တောပန်းလေးတစ်ပွင့်ကိုခူးယူကာ ကမ်းပေးခဲ့တယ်။
" ဒီပန်းပွင့်က.... ဘာအဓိပ္ပါယ်လဲဆရာ"
" သဘာ၀အတိုင်းဆိုရင် ဒီပန်းက ရနံ့မရှိပေမယ့် အခုကျတော့ နံ့သာဖြူအနံ့ရနေတယ်... ငါ့စိတ်ထင်ပြောရရင် နတ်သတ်ပင်က ဒီအနီးတစ်ဝိုက်မှာပဲရှိရမယ်"
မောင်ကောင်းနဲ့ ခွန်းလှလဲ အောင်မြတ်သာကမ်းပေးတဲ့ တောပန်းကိုနမ်းရှိုက်ကြည့်ရာ အဟုတ်ကို နံ့သာဖြူရနံ့သင်းနေတာကို ခံစားလိုက်ရတယ်။
" ငါတို့အနေနဲ့ သာမန်မျက်စိနဲ့ရှာဖွေနေလို့ ဘာမှမတွေ့တာဖြစ်နိုင်တယ်... အရင်ဆုံး ကိုယ့်စိတ်ကိုစင်ကြယ်အောင်ထားပြီး အာရုံခံကြည့်‌ပါ... ပဌာန်းဆက်ပါတဲ့သူကတော့ ထူးခြားတာတစ်ခုခုမြင်တွေ့ရလိမ့်မယ်"
မောင်ကောင်းနဲ့ ခွန်းလှလဲစကားအဆုံးမှာ စိတ်ကိုဖြေလျော့ပြီး အာရုံကိုစုစည်းကာ ပတ်၀န်းကျင်ကိုကြည့်လိုက်ရာ ခုနက သဘာ၀ပေါက်ပင်တွေနဲ့ ပိတ်ဖုံးနေတဲ့ နေရာရဲ့နောက်မှာ အမှိုက်တစ်စမှမရှိပဲပြောင်ရှင်းနေတဲ့ မြေကွက်လပ်တစ်ခုကိုမြင်လိုက်ရတယ်။
" ဆရာ... ဟို ဟို မဟော်ဂနီပင်အနောက်မှာ တလင်းပြင်လို‌ဖြစ်နေပါလား.... "
" ခွန်းလှရော မြင်ရလား---"
" ကျွန်တော်တော့မမြင်ရဘူးဆရာ... ဒါပေမယ့် နံ့သာဖြူရနံ့ကတော့ အရင်ကထက်ပိုပြီးစူးရှလာတယ်"
" မောင်ကောင်း... မင်းအနေနဲ့ မြင်တွေ့ရတဲ့ မြေကွက်လပ်ထဲကို ရဲရဲသာ၀င်သွားပေတော့... ဘယ်လိုအဟန့်အတားတွေရှိပါစေ ခြေလှမ်းကိုနောက်မဆုတ်မိစေနဲ့"
" ဖြစ်ပါ့မလားဆရာ... တလင်းပြင်မရောက်ခင်မှာ ထူပိတ်နေတော့ ဆူးခြုံတွေရှိနေတယ်"
" ငါပြောတဲ့အတိုင်းလုပ်စမ်းပါ... မင်းရဲ့စိတ်က နောက်တွန့်တာနဲ့ ဒီမြင်ကွင်းကပျောက်ကွယ်သွားလိမ့်မယ်... ခွန်းလှက သူ့အနောက်ကနေ ထပ်ချပ်မကွာလိုက်သွား"
မောင်ကောင်းလဲ ဆရာဖြစ်သူစကားကြောင့် အသက်ကိုပြင်းပြင်းရှူပြီး တလင်းပြင်ရှိတဲ့ဘက်ကို ဦးတည်ကာလျောက်လှမ်းခဲ့တယ်။
လက်သန်းလုံးလောက်ရှိတဲ့ ဆူးတွေနဲ့ပိတ်ဖုံးနေတဲ့ ‌နေရာကိုရောက်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဇွတ်တိုး၀င်ခဲ့ရာ ဆူးနဲ့ထိဖို့ လက်နှစ်လုံးအလိုမှာတော့ အံ့ဩစရာကောင်းလောက်အောင် ဆူးခြုံတွေက ဘေးဘက်ကို ရွေ့လျားသွားခဲ့တယ်။
ခွန်းလှလဲ နွယ်ရှင်တွေလို ရွေ့လျားသွားတဲ့ ဆူးခြုံတွေကိုကြည့်ပြီးအံ့အားသင့်နေတာကြောင့် အောင်မြတ်သာက အနောက်ကနေ တွန်းလိုက်ပြီး
" သတိကပ်ထားစမ်း... မောင်ကောင်းရဲ့ ခြေလှမ်းအတိုင်းမလိုက်နိုင်ရင် ဆူးခြုံတွေအောက်မှာ တစ်ကိုယ်လုံးတစို့ထိုးပီးသားဖြစ်သွားမယ်" လို့ပြောလိုက်တာကြောင့် ခွန်းလှလဲ မောင်ကောင်းနဲ့ ကိုယ်ချင်းထိမတတ်ပူးကပ်ပြီး အနောက်ကနေလိုက်ပါလာခဲ့မိတယ်။
‌ဆူးခြုံတောကိုကျော်လွှားပြီးတဲ့အချိန်မှာတော့ အမှိုက်တစ်စမှမရှိပဲရှင်းလင်းနေတဲ့ မြေကွက်လပ်အစပ်ကိုရောက်လာခဲ့တယ်။
" ဆရာ... ဒီတစ်ခါတော့ အဆင်ပြေပြီထင်တယ်... ရှေ့မှာဘာမှမရှိတော့ဘူး"
" စိတ်မလောနဲ့ဦး... အချို့သောအရာတွေက အမြင်နဲ့ဆုံးဖြတ်လို့မရဘူး"
အောင်မြတ်သာက မောင်ကောင်းကို သတိပေးပြီး အနားမှာရှိတဲ့ ‌သစ်ကိုင်းခြောက်ကိုချိုးကာ မြေကွက်လပ်ပေါ်ကို ပစ်ချလိုက်တယ်ဆိုရင်ပဲ ချောမွေ့ပြေပြစ်နေတဲ့ မြေကြီးက တစ်မဟုတ်ချင်း ပျော့အိလာပြီး နွံတွေအဖြစ်ပြောင်းကာ သစ်ကိုင်းခြောက်ကို အောက်ခြေထိရောက်အောင် ဆွဲခေါ်သွားတာကိုမြင်လိုက်ရတယ်။
" ဟာ.... ဒါက ဘယ်လိုမြေမျိုးလဲ... မသိပဲနင်းမိရင် အော်ချိန်တောင်ရလိုက်မှာမဟုတ်ဘူး"
" အတော်ကိုကြောက်ဖို့ကောင်းပါလားဆရာ... ဒါနဲ့ ဆရာက ဘယ်လိုကြိုသိနေတာလဲ"
" မင်းတို့စဉ်းစားကြည့်လေ... ဒီလောက်သစ်ပင်တွေ ထူထပ်နေတဲ့နေရာမှာ သစ်ရွက်သစ်ခက်တစ်ခုမှမရှိဘူးဆိုထဲက သာမန်မဖြစ်နိုင်ဘူးမဟုတ်လား... ငါ့ဆရာနဲ့ မဟာမြိုင်တောအတွင်းဘက်သွားတုန်းကလဲ ဒီလို မြေစုန်းမျိုးကြုံခဲ့ဖူးတယ်... ဒါကြောင့် သတိထားမိခဲ့တာ"
" ကျွန်တော်တို့ ဒီကနေ ဘယ်လိုဖြတ်ကြမလဲဆရာ"
" ဒါကတော့ သိပ်မခက်ပါဘူး... သစ်ရွက်ခြောက်တွေကြွေကျနေတဲ့မြေနေရာကနေ‌ ကွေ့ပတ်ပြီးသွားရမှာပေါ့"
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှရဲ့လက်ကိုဆွဲပြီး သစ်ရွက်ခြောက်တွေဝေကျနေတဲ့ မြေဘက်ခြမ်းကနေ ကွေ့ပတ်သွားခဲ့လိုက်တယ်။
ဒုတိယအတားအဆီးကိုကျော်ဖြတ်ပြီးတဲ့ချိန်မှာတော့ နံ့သာဖြူပင်တွေထူထပ်စွာပေါက်နေတဲ့ နေရာတစ်ခုကိုမြင်တွေ့လိုက်ရတယ်။
" ဒါ ဒါက နံ့သာဖြူတောမဟုတ်လားဆရာ--- "
" ဟုတ်ပါ့နော်... ဘယ်လိုကြောင့် ဒီလိုတောထဲမှာ နံ့သာဖြူပင်တွေ ထူထပ်စွာပေါက်နေတာလဲ... ထူးဆန်းလိုက်တာ"
" အမြင်အာရုံတွေကို မယုံကြည်ကြနဲ့ဦး... ဒါက အာရုံလှည့်ဖျားမှုတစ်ခုလို့ထင်တယ်"
အောင်မြတ်သာက ဘေးဘီကိုအကဲခတ်ပြီး လက်ဝါးဖြန့်ကာ ဂါထာတစ်ပုဒ်ကိုရွတ်လိုက်တဲ့အချိန် သျောင်တစ်စောင်းထုံးထားတဲ့အဖိုးအိုရုပ်ထုပါတဲ့ ဆင်စွယ်ရောင်ကညစ်တံတစ်ချောင်းပေါ်လာခဲ့တယ်။
" မောင်ကောင်း... အင်းဆွဲကညစ်တံကိုဆင့်ခေါ်ထားလိုက်တော့... မကြာခင် နတ်သတ်ပင်ကို အခြားသူတွေနဲ့လုရတော့မယ်ထင်တယ်"
အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ ဂါထာတစ်ပုဒ်ကိုဌာန်ကရိုင်းကျကျရွတ်ဖတ်လိုက်ရာ ယက္ခရုပ်ထုပါတဲ့ကညစ်တံတစ်ချောင်း ပေါ်လာခဲ့တယ်။
(ကညစ်တံရခဲ့တဲ့အကြောင်းကိုတော့ အောင်မြတ်သာနှင့် ကလိန်ငါးဆင့်တောင်၀တ္တုမှာဖတ်ရှုနိုင်ပါသည်)
" ဒီကညစ်တံက ရှေးခေတ်အဆက်ဆက် ဆရာတွေစီရင်ထားတဲ့အရာမို့ အင်းဆွဲကညစ်တံအဖြစ်သုံးလို့ရသလို လက်နက်အဖြစ်လဲသုံးလို့ရတယ်... ဒီမှာကြည့်"
အောင်မြတ်သာက ကညစ်တံမှာရေးထားတဲ့ ဂါထာတိုလေးတစ်ခုကို ကိုးခေါက်တိတိရွတ်ဖတ်လိုက်ရာ တစ်ထွာသာသာရှိတဲ့ကညစ်တံက တစ်တောင်လောက်အထိ ကြီးမားလာတာကိုမြင်တွေ့လိုက်ရတယ်။
မောင်ကောင်းလဲ အောင်မြတ်သာလုပ်တဲ့အတိုင်း ကညစ်တံမှာပါတဲ့ ဂါထာကို ကိုးခေါက်ရွတ်ဖတ်လိုက်ရာ ထူးဆန်းစွာပင် ရှည်ထွက်လာတာကိုမြင်တွေ့လိုက်ရတယ်။
" ဒီဂါထာကို ၁၈ခေါက်ရွတ်ရင် ကညစ်တံရဲ့အရွယ်က နှစ်ဆကြီးလာမှာပေါ့နော်"
" ဟုတ်တယ်... ကညစ်တံရဲ့အောက်ဘက်မှာတော့ ချုံ့လို့ရတဲ့ဂါထာရှိသေးတာမို့ ကိုယ်လိုချင်တဲ့အရွယ်ရောက်အောင် ချုံ့လို့ရတယ်"
မောင်ကောင်းက တစ်တောင်သာသာအရွယ်ရှိတဲ့ ကညစ်တံကို သဘောကျစွာကြည့်နေတဲ့အချိန် အရပ်ရှစ်မျက်နှာကနေ ထိုးဆင်းလာတဲ့ ပုဂ္ဂိုလ်တွေကိုမြင်တွေ့လိုက်ရတယ်။
အိန္ဒိယဆာဒူးကြီးတွေ၊ သိုက်နန်းရှင်တွေ၊ ရသေ့ပုံစံ၀တ်ဆင်ထားတဲ့သူတွေအပြင် သာမန်လူပုံစံ၀တ်ဆင်ထားတဲ့သူတွေ နံ့သာဖြူတောထဲကိုရောက်လာတဲ့အချိန်လူကြီးတစ်ဖက်ခန့်ရှိတဲ့ နံ့သာဖြူပင်တွေဆီကနေ အခိုးငွေ့တွေထွက်လာပြီး ဟုန်းခနဲမီးထတောက်ပါလေရော။
မျက်စိတစ်ဆုံးရှိနေတဲ့ နံ့သာဖြူပင်တွေက ကွမ်းတစ်ယာညက်ခန့်အချိန်တွင်းမှာပင် ပြာမှုန်တောင်မကျန်ပဲ လောင်ကျွမ်းသွားခဲ့ပေမယ့် နံ့သာဖြူပင်တစ်ပင်ကတော့ ခြောက်သွေ့စွာကျန်ရှိနေခဲ့တယ်။
အောင်မြတ်သာတို့လဲ ကျန်နေတဲ့အပင်က နတ်သတ်ပင်ဆိုတာသိတာနဲ့ ရှေ့ကိုတိုးဖို့ဟန်ပြင်လိုက်ရာ မမြင်ရတဲ့ တွန်းကန်အားတစ်ခုက မျက်နှာကိုလာရိုက်ခတ်တာကို သတိထားမိခဲ့တယ်။
" မောင်ကောင်း... ရှေ့မတက်သွားနဲ့"
အောင်မြတ်သာစကားမဆုံးခင်မှာ ကညစ်တံနဲ့ကာပြီး ရှေ့တက်သွားတဲ့ မောင်ကောင်းက ဝုန်းဆိုတဲ့အသံနဲ့အတူ အနောက်ကိုဆယ်ပေလောက်လွင့်ထွက်သွားခဲ့တယ်။ အလားတူ အခြားပုဂ္ဂိုလ်တွေလဲ အနောက်ကိုလွင့်စင်ထွက်ပြီး ဖရိုဖရဲဖြစ်နေတာကို မြင်တွေ့လိုက်ရတယ်။
အဲဒီအချိန် -
" တယ်.... ရာရာစစ ... ကိုယ်နဲ့မထိုက်တဲ့အရာကို လိုချင်တဲ့သူတွေ... အခုတော့ ဘာတတ်နိုင်သေးလဲ" ဆိုတဲ့အသံကို ကြားလိုက်ရတယ်။
အောင်မြတ်သာလဲအသံကြားရာကိုကြည့်လိုက်ရာ ဒေါက်ချာဆောင်းထားတဲ့ရသေ့တစ်ပါးက သစ်ကိုင်း‌ခြောက်တောင်ဝှေးကိုကိုင်ကာ မာန်ပါပါရပ်နေခဲ့တယ်။
ရသေ့ကြီးက နတ်သတ်ပင်အောက်မှာရပ်နေရင်း မောင်ကောင်းကိုမြင်တော့ -
" ဟိုကောင်လေး.... နင်ကဒီအပင်နဲ့မဆိုင်ဘူး..... အနားကပ်ဖို့မစဉ်းစားနဲ့" ဆိုပြီးကြိမ်းမောင်းသလို အခြားပုဂ္ဂိုလ်တွေကိုလဲ လက်ညိုးငေါက်ငေါက်ထိုးကာ မောင်းထုတ်နေခဲ့တယ်။
အောင်မြတ်သာလဲ ရသေ့ကြီးရဲ့အစွမ်းကိုမြင်လိုက်ရတဲ့အပြင် နတ်သတ်ပင်မှာ သတ်မှတ်ထားတဲ့ပိုင်ရှင်ရှိနေတာကိုသိလိုက်ရတဲ့အတွက် လဲကျနေတဲ့မောင်ကောင်းကိုတွဲထူကာ အနောက်ကိုခေါ်သွားခဲ့တယ်။
" မောင်ကောင်း မင်းပါးစပ်မှာသွေးတွေနဲ့ပါလား---"
" ကျွန်တော်တို့ လှည့်စားခံလိုက်ရပြီထင်တယ်... ဆရာ.. အဟွတ်အဟွတ်"
" အခြားကိစ္စတွေ မတွေးနေနဲ့... ခွန်းလှ သူ့ကိုတစ်နေရာမှာပေးနားဖို့လုပ်ရမယ်---"
ခွန်းလှလဲ မောင်ကောင်းကို ပေးမှီဖို့နေရာလိုက်ရှာကြည့်တာ မြေကြီးပေါ်လဲကျနေတဲ့ သစ်ပင်တစ်ပင်ကိုမြင်လိုက်ရတော့ အသာဆွဲထူပြီး ပေးမှီစေခဲ့တယ်။
" ကျွန်တော် ရင်ထဲကပူနေတယ်ဆရာ... အဟွတ်"
" မင်းကပညာနုသေးတော့ နတ်သတ်ပင်စောင့်ရသေ့ရဲ့ ဒဏ်ကိုမခံနိုင်ဘူးဖြစ်သွားတာပါ--- "
" ကျွန်တော်နဲ့ပဌာန်းဆက်ပါတယ်လို့ပြောတဲ့ အိမ်စောင့်နတ်... ဒင်းနဲ့တွေ့ဦးမယ်"
မောင်ကောင်းက ပါးစပ်ထဲကစီးကျနေတဲ့သွေးကိုလက်ခုံနဲ့ယူပြီး မှီနေတဲ့သစ်တုံးပေါ်ကိုသုတ်လိုက်တယ်ဆိုရင်ပဲ စိုထိုင်းနေတဲ့သစ်တုံးက ရုတ်တရက်ခြောက်သွေ့လာပြီး သစ်ခေါက်ဖတ်တွေကွာကျလာခဲ့တယ်။
" ခွန်းလှ နောက်ဆုတ်.... အနောက်ကိုဆုတ်လိုက်---"
ခွန်းလှလဲ ရုတ်တရက်မို့ ကြောင်အအနဲ့ အနောက်ကိုဆုတ်ပြီးကြည့်လိုက်ရာ မောင်ကောင်းမှီထားတဲ့ သစ်တုံးက တစ်ဖြေးဖြေးပက်ကြားအက်လာပြီး အမွှေးရနံ့တွေထွက်ပေါ်လာခဲ့တယ်။
" ဒီသစ်တုံးက တမဟုတ်ချင်း ခြောက်သွေ့သွားပါလား"
ခွန်းလှက သစ်ခေါက်ဖတ်တွေကွာကျနေတဲ့ သစ်တုံးကို အံ့ဩစွာကြည့်ပြီးရေရွတ်နေသလို အောင်မြတ်သာနဲ့ မောင်ကောင်းကတော့ အမွှေးရနံ့တွေသင်းထုံနေတဲ့ သစ်တုံးကို စိုက်ကြည့်နေခဲ့တယ်။
" လူလေး ဒဏ်ရာက နာကျင်နေသေးလား"
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ ဖြူ‌ဖွေးနေတဲ့မုတ်ဆိတ်မွေးနှုတ်ခမ်းမွေးတွေနဲ့အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။
" အဖိုးက ဘယ်သူပါလိမ့်"
" ကျုပ်က ဒီသရက္ခံသစ်တုံးကိုစောင့်ရှောက်နေတဲ့သူပါ... လူလေးအနေနဲ့ အခြားသူပိုင်တဲ့ပစ္စည်းကို အမှတ်မှားပြီးသွားယူတော့ ခုလိုမထင်မှတ်ထားတာတွေဖြစ်ကုန်တာပဲ... ကဲ.. ဒီနားကိုလာ"
အဖိုးအိုက မောင်ကောင်းကိုအနားခေါ်ပြီး ရင်ညွန့်တည့်တည့်ကို ဖြူဖွေးသွယ်လျတဲ့လက်ချောင်းတွေနဲ့ ဖိကပ်လိုက်ရာ ခံစားနေရတဲ့ဝေဒနာတွေချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့တယ်။
" နာကျင်တဲ့ဝေဒနာခံစားရသေးလား"
" မခံစားရတော့ဘူး အဖိုး... လူက နဂိုကထက်ပိုပြီးနေလို့ကောင်းလာတယ်"
" အိမ်း... ဒဏ်ရာလဲသက်သာပြီဆိုတော့ ဒီသရက္ခံတုံးကို လူလေးလက်ထဲအပ်ခဲ့တော့မယ်... ဉာဏ်ရှိသလိုအသုံးချပါ‌လေ"
အဖိုးအိုက မောင်ကောင်းကို နွေးထွေးပျူငှာတဲ့မျက်နှာထားနဲ့ကြည့်ပြီး သရက္ခံတုံးကိုပေးကာ ပျောက်ကွယ်သွားခဲ့တယ်။
" ဆရာ... ဒီလောက်ကြီးတဲ့ သရက္ခံသစ်တုံးကို ဘယ်လိုသယ်ရမလဲ"
" မင်းနဲ့ထိုက်တဲ့ပစ္စည်းမို့ ကိုယ်ဆန္ဒရှိတဲ့အတိုင်း လုပ်ဆောင်ပါလို့အကြံပေးချင်တယ်"
မောင်ကောင်းလဲ အောင်မြတ်သာစကားကြောင့် ချိုအီမွှေးပျံ့နေတဲ့သရက္ခံတုံးကို သေချာစွာကိုင်တွယ်ကြည့်နေတဲ့အချိန် ပင်စည်ထဲကနေ အံဝှက်သဖွယ်ပြုလုပ်ထားတဲ့နေရာတစ်ခုကို မြင်လိုက်ရတယ်။
" ဒါက ဘာများပါလိမ့်"
မောင်ကောင်းက အံဝှက်နေရာကို လက်နဲ့ဆွဲထုတ်လိုက်ရာ တစ်တောင်သာသာရှိတဲ့ သရက္ခံသေတ္တာတစ်လုံး ထွက်လာခဲ့တယ်။ သေတ္တာရဲ့အပေါ်မှာတော့ လက်ရာမြောက်တဲ့အင်းစမပုံစံပန်းပုတွေထုလုပ်ထားပြီး သေတ္တာရဲ့အနားကွပ်လေးခုနေရာမှာတော့" ၀.ယ.မ.ပ"ဆိုတဲ့အက္ခရာရေးထွင်းထားတာကိုမြင်လိုက်ရတယ်။
" ဒီသေတ္တာက ကျွန်တော်ပိုင်ဆိုင်တဲ့အရာထင်တယ်"
မောင်ကောင်းက အောင်မြတ်သာကို ၀မ်းသာအားရလှမ်းပြောပြီး သေတ္တာကိုဖွင့်ကြည့်လိုက်ရာ အထဲမှာတော့ သရက္ခံသားကိုပါးလွှာစွာပြုလုပ်ထားတဲ့ ပရပိုက်တစ်ထုပ်ကိုမြင်တွေ့လိုက်ရတယ်။
" ဆရာ... ပရပိုက်ထဲမှာ ကျွန်တော်မမြင်ဖူးတဲ့ အင်းမစတွေအများကြီးပဲဗျ---"
အောင်မြတ်သာက မောင်ကောင်းကိုင်ထားတဲ့ ပရပိုက်ကို မျက်လုံးဝေ့ကြည့်လိုက်ပြီး
" မင်းနဲ့ထိုက်လို့ရတာဖြစ်လို့ ဒီပုရပိုက်ကို အကျိုးရှိရှိအသုံးချဖို့လိုလိမ့်မယ်"
" ကျွန်တော်က ဉာဏ်ပညာနည်းတဲ့အတွက် ဆရာအနေနဲ့ အနားကနေ ကူညီပေးဖို့တောင်းဆိုပါရစေ.. နောက်ပြီး ခွန်းလှကလဲ သိနားလည်သလောက် ဝိုင်း၀န်းအကြံပေးစေချင်တယ်"
အောင်မြတ်သာနဲ့ခွန်းလှက မောင်ကောင်းရဲ့ ပျော်ရွှင်နေတဲ့မျက်နှာကိုကြည့်ပြီး ပြိုင်တူခေါင်းညိမ့်ကာ သဘောတူခဲ့ကြတယ်။
" မင်းအနေနဲ့ ဒီသရက္ခံတုံးကို မယူတော့ဘူးလား"
" ကျွန်တော်အတွက် ဒီပုရပိုက်သေတ္တာရှိနေပြီပဲ... ကျန်တာမလိုချင်တော့ပါဘူး"
မောင်ကောင်းစကားအဆုံးမှာ သရက္ခံတုံးရဲ့ အနားသားတွေကနေတစ်ဆင့် မီးတောက်တွေထလာပြီး မျက်စိရှေ့မှာတင်ပြာမှုန်အဖြစ်လွင့်ပျံပျောက်ကွယ်သွားခဲ့တယ်။
.....
မနက်အရုဏ်တက်ချိန်အရောက်မှာတော့ ဦးမှိုင်းလုံ နိုးလာပြီး မျက်နှာသစ်ဖို့ ထလိုက်ရာ အိမ်ရှေ့ဘုရားခန်းရှေ့မှာတရားထိုင်နေကြတဲ့ အောင်မြတ်သာတို့ဆရာတပည့်တွေကို မြင်တွေ့လိုက်ရတယ်။
" ဒီလူတွေ ဘယ်အချိန်ထဲကပြန်ရောက်နေကြလဲမသိဘူး---"
ဦးမှိုင်းလုံက မျက်နှာသုတ်ပဝါကိုယူရင်း အံ့ဩစွာရေရွတ်ကာ အိမ်နောက်ဖေးရေကပြင်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ မျက်နှာသစ်ပြီးလို့ ပြန်ထွက်လာချိန်မှာတော့ ဘုရားကျောင်းဆောင်ရှေ့မှာ ဘယ်သူ့ကိုမှမတွေ့ရတော့ပဲ သေချာစွာခေါက်ထားတဲ့ မိုင်းကိုင်စက္ကူတစ်ခုကိုသာမြင်တွေ့လိုက်ရတယ်။
ဦးမှိုင်းလုံလဲ စက္ကူကိုဖွင့်လိုက်ရာ အထဲမှာတော့ ပြာမှုန်အချို့ကိုမြင်လိုက်ရပြီး စက္ကူအတွင်းပိုင်းမှာတော့ " ဖျားနာပါက ဆေးပြာကို ကွမ်းရိုးနဲ့တို့ပြီး စားပါ"ဆိုတဲ့ စာသားကိုမြင်လိုက်ရတယ်။
- - - - - - - - -
တစ်ပတ်ခန့်အကြာ----
" အဘရေ... အဘ... "
" ဟေ့ ငတင်... ဘာဖြစ်တာတုန်း"
" အဘ ဒါကိုကြည့်ပါဦး--- "
ဖေတင်က လုံချည်နဲ့ထည့်လာတဲ့အရာကို ဖွင့်ပြလိုက်ရာ အထဲကနေ အရမ်းကိုမွှေးကြိုင်တဲ့နံ့သာဖြူတုံးတစ်ခုထွက်လာခဲ့တယ်။
" ဟေ... မင်းယူလာတာ နံ့သာဖြူတုံးမဟုတ်လား... ဘယ်ကနေရလာတာလဲ"
" ပြောရရင် အဘယုံမှာမဟုတ်ဘူး... လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက ရသေ့တစ်ပါးအိမ်မက်ထဲကိုလာပြီး နံ့သာဖြူပင်ရှိတဲ့နေရာကိုခေါ်သွားတာ... အဲဒီအိမ်မက်က နေ့တိုင်းလိုလိုမက်နေတော့ ဒီမနက်အိပ်ယာကနိုးတာနဲ့ သူခေါ်သွားတဲ့ နေရာကိုသွားကြည့်လိုက်တာ အဟုတ်ကိုတွေ့တာပဲဗျို့... အဲဒါကြောင့် ကျွန်တော်လဲ နိုင်သလောက်ခုတ်ပြီးသယ်လာတာ..."
" မင်း ဒီအကြောင်း ဘယ်သူ့ကိုပြောမိသေးလဲ"
" မပြောပါဘူး... အဘကိုဦးဆုံးလာပြောတာ"
" မင်းနဲ့ထိုက်လို့ရတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှလျောက်မပြောနဲ့... ငါ့တစ်သက် ဒီလောက်မွှေးတဲ့နံ့သာဖြူမျိုးမတွေ့ဘူးဘူးဟ"
ဦးမှိုင်းလုံက လုံချည်နဲ့ထုပ်ထားတဲ့ နံ့သာဖြူတုံးကို ပွတ်သပ်နမ်းရှုံ့နေတာမြင်တော့ ဖေတင်က
" အဘလိုချင်ရင် ဒီအတုံးကိုယူလိုက်လေ"
" အဲလိုတော့မယူချင်ပါဘူးကွာ တစ်ဖဲ့လောက်ဆိုရပါပီ"
" ဟဲဟဲ... ယူပါအဘရယ်... ကျုပ်အခုယူလာတဲ့အတုံးက ကိုင်းဖျားကိုင်းနားပဲရှိသေးတာဗျ"
" ဟေ--- "
ဦးမှိုင်းလုံတစ်ယောက် အာမေဋိတ်အသံထွက်တဲ့ထိ အံ့ဩသွားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဖေတင်ယူလာတဲ့အတုံးက တစ်ပွေ့စာအရွယ်ဖြစ်နေလို့ပဲ။
" တစ်ပွေ့စာအရွယ်က ကိုင်းဖျားကိုင်းနားဟုတ်လား"
" ဟုတ်တယ်အဘ... ကျုပ်တွေ့ခဲ့တဲ့အပင်ရဲ့ ပင်စည်က လူကြီးသုံးဖက်စာလောက်ကြီးသဗျ"
ဖေတင်က နံ့သာဖြူတုံးကိုပတ်ထားတဲ့လုံချည်ကို ဆွဲယူရင်း ရယ်ကျဲကျဲလုပ်ကာ ခြံဝိုင်းထဲကနေ ထွက်သွားခဲ့တယ်။
- - - - - - - - -
အောင်မြတ်သာတို့အနေနဲ့ သရက္ခံသားနဲ့ပြုလုပ်ထားတဲ့ ပရပိုက်ကိုရရှိပြီးနောက်ပိုင်း တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ပုရပိုက်ပါပညာရပ်တွေကို ပြန်လည်ဖော်ထုတ်ဖို့ကြိုးစားခဲ့ကြတယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် တောက်မည့်မီးခဲတရဲရဲဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Comments

Popular posts from this blog

သရဲပေတိုး

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

စောရဦးခေါင်း