အောင်မြတ်သာနှင့်ဝမ်းတွင်းစုန်း
" အောင်မြတ်သာနှင့်ဝမ်းတွင်းစုန်း "
--------------------------------
ကျွန်တော်တို့၃၃ဆူဘုရားကနေထွက်လာပြီးတော့ ကရင်လက်နက်ကိုင်ခေါင်းဆောင်ဖြစ်သူရဲ့ ရွာကိုဆက်ထွက်ခဲ့ကြတယ်။ရွာကိုရောက်တော့ ရွာထဲမှာရှိတဲ့ ခွေးတွေက ကျွန်တော်တို့သုံးယောက်ကိုစူးစူးဝါးဝါး ထိုးဟောင်ပါလေရော။ ကျွန်တော်ကတော့ ဒါဟာမကောင်းတဲ့နမိတ်တစ်ခုဖြစ်တော့မယ်ဆိုတာကြိုသိနေသလို ဆရာကလဲ တစ်စုံတစ်ခုကိုသိနေတဲ့အနေအထားနဲ့ ကျွန်တော့်ကိုလှည့်ကြည့်တယ်။ ကျွန်တော်တို့ရွာထဲကို ဆက်ဝင်လာတော့ ရွာခံလူထုတွေက ကျွန်တော်တို့ကို မနှစ်မြို့တဲ့မျက်နှာထားတွေနဲ့လှမ်းကြည့်နေကြတာကိုလဲ တွေ့လိုက်ရတယ်။ ဒါပေမယ့် လက်နက်ကိုင်ခေါင်းဆောင်ရဲ့တောင်းဆိုမှုကြောင့်လာခဲ့ရတာဆိုတော့ ဘာမှတော့မပြောကြဘူး။ ရွာအလယ်ကိုရောက်တော့ လူတစ်ဖက်စာလောက်ရှိတဲ့ ကျွန်းတိုင်တွေနဲ့ ဆောက်ထားတဲ့ပျဉ်ထောင်အိမ်မဲမဲကြီးတစ်လုံးကို တွေ့လိုက်ရတယ်။ အိမ်ရှေ့ရောက်တော့ လက်နက်ကိုင်ခေါင်းဆောင်က
" ဆရာတို့ ဒါကကျုပ်အိမ်ပဲ အိမ်ပေါ်မှာ ကျုပ်မိန်းမစောင့်နေတယ် ဆရာတို့သူ့ကိုမြင်ရင် သူ့ပညာအစွမ်းကို ရိပ်မိကြမယ်ထင်ပါတယ် "လို့ပြောပြီး အရှေ့ကနေ တက်သွားတယ်။
ကျွန်တော်တို့လဲသူ့အနောက်ကနေ တက်လာတော့ အိမ်ရှေ့ဧည့်ခန်းမှာထိုင်နေတဲ့ အသက်နှစ်ဆယ်ကျော်မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။ ကျွန်တော်တို့တက်လာတာမြင်တော့ အဲဒီအမျိုးသမီးက ရုတ်ရက်မျက်လွှာကိုချလိုက်တယ်။ ဆရာကတော့ အမျိုးသမီးကိုစေ့စေ့ကြည့်ရင်း ရုတ်တရက်မျက်နှာလွှဲလိုက်တယ်။ ကျွန်တော်လဲထိုအမျိုးသမီးကိုကြည့်လိုက်တော့ ခေါင်းပေါ်မှာ အနက်ရောင်အခိုးငွေ့တွေ ပါးပါးလေးထွက်နေတာကိုမြင်လိုက်ရတယ်။ ဒါဟာ သာမန်လူတွေနဲ့ပညာသည်တွေကို ခွဲခြားထားတဲ့အရာလာတော့ကျွန်တော်မပြောတတ်ပေ။ ကျွန်တော်တို့ဧည့်ခန်းက ဘုရားခန်းရှေ့မှာဝင်ထိုင်လိုက်တော့ အမျိုးသမီးက ကျွန်တော်တို့ရှေ့မှာ ကျုံ့ကျုံ့လေးလာဝင်ထိုင်တယ်။ အမျိုးသမီးလဲအရှေ့ရောက်ရော ခြံဝင်းထဲကို လူတစ်ယောက်ပြေးဝင်လာတာမြင်လိုက်ရတယ်။ ပြေးဝင်လာတဲ့လူက အိမ်တံခါးကိုဒေါသတကြီးကန်ပြီး ဘုရားခန်းထဲပြေးဝင်ဖို့အလုပ် ဆရာက -
"ရပ်စမ်း ငါ့အမိန့်မရပဲ ဒီကနေတစ်လှမ်းမှမရွေ့နဲ့"လို့ပြောလိုက်တယ်ဆိုရင်ပဲ ပြေးတက်လာတဲ့သူရဲ့ခြေလှမ်းတွေကတု့ံခနဲချက်ချင်းဆိုသလိုရပ်သွားတာမြင်လိုက်ရတယ်။ ဆရာက ဘာမှမပြောသေးပဲ အရှေ့မှာထိုင်နေတဲ့အမျိုးသမီးကိုကြည့်ပြီး
"သင်ဟာ ပညာသည်တစ်ယောက်ဆိုတာ ငါသိတယ်
သင့်ရဲ့ပညာတွေကို စွန့်လွှတ်ဖို့ဆုံးဖြတ်ပြီးပြီလား" လို့မေးတော့အမျိုးသမီးက
"ငါဒီပညာတွေကိုမလိုချင်ပဲရလာခဲ့တာပါ
ငါဒီပညာတွေကို မလိုချင်တော့ဘူး
ငါ့ရဲ့ပညာတွေကြောင့် သမီးလေး ဆုံးခဲ့ရတယ် သမီးလေးဆုံးထဲက ဒီပညာတွေကို စိတ်နာခဲ့တာ ပညာကုန်နှုတ်ပေးနိုင်မယ့်ဆရာမတွေ့သေးလို့သာ သည်းခံပြီးနေခဲ့တာပါ အခုတော့ ငါ့ပညာတွေကို နှုတ်ပေးမယ့်ဆရာတွေနဲ့တွေ့တော့ ဝမ်းသာလှပါပြီ"လို့ပြောရင်း ငိုပါလေရော။ အမျိုးသမီးရဲ့စကားကိုကြားတော့ ဧည့်ခန်းအဝမှာရပ်နေတဲ့လူက
"ဟဲ့ နန်းခင် နင်ကိုငါတို့ရဲ့သခင်မကြီးကိုယ်တိုင် သူ့နေရာဆက်ခံဖို့ရွေးခဲ့တာနော် အခုကျတော့နင်က သူ့ကိုအာခံမလို့လား သူပြန်လာရင်နင်ကိုသတ်မှာမကြောက်ဘူးလား နင်ပညာတွေကိုစွန့်လွှတ်လိုက်ရင် ငါတို့မျိုးရိုးပြတ်ပီလေ ဒါကိုနင်လဲသိရဲ့သားနဲ့ ဘာလို့အခုလိုလုပ်ရတာလဲ"
"အို အဖူးကမှ ကိုယ့်သားသမီးကို ကိုယ့်ရဲ့ပညာနဲ့ပြန်သတ်မိတာမှမကြုံဖူးတော့ အခုလိုပြောတာပေါ့ ငါ့နေရာမှာ ဝင်ခံစားကြည့်ဖူးလို့လား ငါအဲဒီကိစ္စဖြစ်ပြီးထဲက အခုထိကောင်းကောင်းမအိပ်စက်နိုင်သေးဘူး ငါ့သမီးအသံကငါ့နားထဲပြန်ကြားနေရသေးတယ် နင်တို့ ငါ့ကိုမနှောက်ယှက်ကြပါနဲ့တော့ "
အမျိုးသမီးရဲ့စကားအဆုံးမှာ ဧည့်ခန်းဝမှာ ရပ်နေတဲ့ ကရင်အဖိုးကြီးက -
"နင်ဒီလမ်းကိုရွေးလိုက်တော့လဲ နင့်ကိုအပြစ်ပေးရမှာပေါ့ ငါ့တို့သခင်မကြီးရဲ့သစ္စာခံလူတွေမကြာခင် နင့်ဆီရောက်လာကြတော့မယ် နင်အပြစ်အတွက် ပြင်ဆင်ထားတော့"လို့ပြောပြီး ပြတင်းပေါက်ကနေ လှစ်ခနဲ ခုန်ချပြီး ထွက်ပြေးသွားတယ်။ အရွယ်နဲ့မလိုက်အောင်ပေါ့ပါးနေတဲ့ ကရင်အဖိုးကြီးကိုမြင်တော့ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ်။ဆရာက အ့ံသြဟန်မပြပဲ အမျိုးသမီးကိုကြည့်ပြီး -
"အမိဖြစ်စဉ်အစအဆုံးကို ကျုပ်ကိုပြောပြပါ ဒါမှကျုပ်ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်လို့ရမှာ"လို့ပြောတော့ အမျိုးသမီးက ပါးထက်မှာကျနေတဲ့ မျက်ရည်တွေကိုသုတ်လိုက်ပြီး -
"ငါကဒီရွာမှာပဲမွေးတာ ငါမမွေးခင်က ငါ့အမိုးက ဒီရွာရဲ့အကြီးအကဲတစ်ယောက်ပဲ ငါတို့ငယ်ငယ်တုန်းက ဒီနေရာကိုအပြင်လူသူစိမ်းတွေဝင်လို့မရဘူး ဝင်တာနဲ့သတ်ပြစ်ကြတယ် ငါ့အမိုးကိုဆိုရင် ရွာကလူတွေကြောက်ကြတယ် ငါ့အမိုးရဲ့စကားက အရမ်းအစွမ်းထက်တယ် သူစိတ်ဆိုးလို့ပြောလိုက်တဲ့စကားတိုင်း တကယ်ဖြစ်တယ် ငါ့အပါးကိုလဲသူပဲသတ်ခဲ့တာ ငါမှတ်မိနေသေးတယ် အဲဒီနေ့က ငါအိမ်အောက်မှာ.ကစားနေတယ် အမိုးနဲ့အပါး ရန်ဖြစ်တော့ အမိုးက အပါးကို နင်တောထဲသွားရင် ကျားကိုက်ပြီးသေပါစေလို့ ပြောခဲ့တယ် အပါးလဲ နောက်နေ့တောထဲထင်းခုတ်သွားတော့ အမိုးပြောတဲ့အတိုင်း.ကျားကိုက်ပြီးသေခဲ့တယ် အဲဒီထဲက ငါအမိုးကိုကြောက်ခဲ့ရတယ် ငါ့အသက်၁၀နှစ်လောက်ရောက်တော့ အမိုးက ငါ့ကိုပြောတယ် လာမယ့်လပြည့်နေ့ မအိပ်နဲ့တဲ့ သန်းခေါင်ကြက်တွန်တာနဲ့ ငါလာခေါ်မယ်လို့ပြောတယ်။ လပြည့်နေရောက်တော့ မနက်ထဲက အမိုးကို ငါမတွေ့ရဘူး ငါလဲ ကြောက်ကြောက်နဲ့ မအိပ်ရဲပဲ ထိုင်စောင့်နေခဲ့တယ်။ ညသန်းခေါင်ကြက်တွန်တဲ့အသံကြားပြီးတာနဲ့ ငါတို့အိမ်ရဲ့ခေါင်မိုးပေါ်မှာ လူတစ်ယောက်လမ်းလျောက်နေတဲ့အသံကို ငါကြားလိုက်ရတယ် ခြေသံက ခေါင်မိုးပေါ်ကနေ တစ်ဖြေးဖြေးဆင်းလာပြီး ပြတင်းပေါက်နားရောက်တော့ ခြေသံမကြားရတော့ဘူး ငါလဲကြောက်ကြောက်နဲ့ ပြတင်းပေါက်အနားသွားကြည့်တော့ ခေါင်မိုးပေါ်ကနေ ဇောက်ထိုးကြီးဆင်းလာတဲ့ အမိုးကိုမြင်လိုက်ရတယ် ငါလဲရုတ်တရက်ဆိုတော့ လန့်ပြီးသတိလစ်သွားတယ် ငါသတိရလာတော့ ကွင်းပြင်ကြီးတစ်ခုရဲ့အလယ်ကိုရောက်နေပီ။ အမိုးက ငါ့ပခုံးကိုကိုင်ပြီး မီးတိုင်လေးခုရဲ့ အဘယ်မှာမတ်တပ်ရပ်နေတယ် မီးတိုင်လေးတိုင်ရဲ့အပြင်မှာတော့ လူအယောက်၁၀၀လောက်ထိုင်နေကြတာ ငါမြင်လိုက်ရတယ်။ အဲဒီထဲမှာ ငါတို့ရွာက လူတစ်ချို့ကိုလဲ ငါမြင်လိုက်ရတယ်။ အမိုးက ဘာမှမပြောပဲ ငါ့ပခုံးကိုပဲကိုင်ထားတယ် အဲဒီအချိန် ငှက်ဆိုးတစ်ကောင်ရဲ့ အော်သံကိုငါကြားလိုက်တယ် ငှက်ဆိုးအော်သံအဆုံးမှာတော့ အမိုးက ငါ့လက်နှစ်ဘက်ကို ကိုင်မြှောက်ပြီး အောက်မှာထိုင်နေတဲ့သူတွေနဲ့ တစ်ယောက်ချင်းမိတ်ဆက်ပေးခဲ့တယ်။ ငါတို့ပညာရဲ့သဘောက ကြိုက်တဲ့သူကိုလွှဲပေးလို့ရတာပဲ။ အမိုးက သူ့ပါးစပ်ထဲက နီရဲနေတဲ့အလုံးတစ်လုံးကို အန်ထုတ်ပြီး ငါ့ပါးစပ်ထဲကို ထည့်ပေးခဲ့တယ်။ ငါ့ဗိုက်ထဲအဲဒီအလုံးရောက်တာနဲ့ အမိုးကအရုပ်ကြိုးပြတ်လဲကျသွားတယ် နောက်မှငါသိရတာက အမိုးကငါ့ကိုသူ့ပညာတွေလွှဲပြီး ရွာနီးချုပ်စပ်က ပညာသည်တွေကို အုပ်ချုပ်ခိုင်းခဲ့တာ အဲဒီနေရာမှာပဲ အမိုးသေသွားတယ် ငါလဲပညာတွေကိုဘယ်လိုသုံးရမှန်းမသိခဲ့ဘူး အမိုးကသူ့ပညာတွေအကုန်ပေးသွားတယ်လို့ အဖူးထီးကော်ပြောတယ်.ခုနကလာတဲ့အဖူးက ငါ့အမိုးရဲ့ လက်ရင်းတပည့်ပဲ နောက်တော့ ငါက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရခဲ့တယ် ငါ့စကားကိုဆိုရင် တစ်ရွာလုံးနာခံကြတယ် ငါ့ကိုမခန့်လေးစားလုပ်တဲ့သူဆိုရင် အဖူးထီးကော်က မှတ်သားလောက်အောင် ဆုံးမတတ်တယ် ဒီလိုနဲ့ငါကလေးမွေးပြီး သုံးနှစ်လောက်မှာ အဖူးထီးကော်က ငါ့ကိုပြောတယ် ငါ့ပညာတွေသုံးပြီး လူ၁၂ယောက်ကိုသတ်ရမယ်တဲ့ အဲဒါမှငါက ဝမ်းတွင်း၁၂ကြိုးဖြစ်မယ်လို့ပြောတယ် ငါအဲလိုလူမသတ်ချင်ဘူး ငါမလုပ်နိုင်ဘူးပြောတော့ အဖူးထီးကော်က နင်မလုပ်လဲ နင့်ရဲ့နှုတ်ကအလိုလိုလုပ်သွားမယ်လို့ပြောတယ် အဲဒီနေ့ကစပြီး ငါ့စိတ်ကအလိုလို ဒေါသထွက်လာမိတယ် ငါ့ယောကျၤားက အဲဒီအချိန် တောထဲရောက်နေတယ်.အိမ်မှာဖိုးမူနဲ့ငါနဲ့ပဲကျန်ခဲ့တယ် အဲဒီနေ့က.ဖိုးမူကအရမ်းငိုတယ် ငါကလဲဒေါသထွက်နေတဲ့အချိန် ဖိုးမူက လဲငိုတော့ ဒီကလေးသေကိုမသေနိုင်ဘူး မြန်မြန်သေ ငါနားတွေပူလှပီလို့ ပါးစပ်ကရုတ်တရက်ထွက်သွားတယ် ငါလဲအမှုမဲ့အမှတ်မဲ့နေလိုက်တာ
နောက်နေ့လဲရောက်ရော ငါ့သမီးက အပြင်းဖျားရော ဘယ်ဆရာနဲ့မှကုမရဘူး ရောဂါလဲရှာမရဘူး ငါလဲ ဘာကြောင့်ဖြစ်တယ်ဆိုတာမသိခဲ့ဘူး နောက်ဆုံးတော့ ငါ့သမီးလေးသေခဲ့ရတယ် ငါ့သမီးလေးသေတဲ့နေ့မှ အဖိုးထီးကော်က နင့်နှုတ်ကထွက်တဲ့စကားကြောင့် နင့်သမီးသေတာလို့ပြောတယ် ငါလဲဘာလို့ငါ့ကိုမပြောလဲလို့မေးတော့ သူ့မှာပြောခွင့်မရှိဘူးတဲ့ ငါ့ရဲ့အမိန့်ကိုဘယ်သူမှပြန်ပြောပိုင်ခွင့်မရှိဘူးလို့ပြောတယ် အဲဒီနေ့ထဲက ငါလူတွေနဲ့စကားမပြောပဲနေလာခဲ့တာ ငါ့ယောကျၤား နင်တို့ကိုဖမ်းလာတော့ နင်တို့ကိုယ်ထဲက ထွက်တဲ့အလင်းက ငါ့ကိုလာထိတယ် အဲဒီထဲက နင်တို့ဆရာတွေဆိုတာရိပ်မိခဲ့တယ် ဒါကြောင့် နင်တို့ကိုငါစမ်းခဲ့တာ နင်တို့ဆီပို့ခဲ့တဲ့ ဟင်းတွေက ငါမပြောင်းမချင်း ဘယ်ပညာသည်မှပြောင်းလို့မရဘူး ဒါပေမယ့် နင်တို့က လက်ဖဝါးနဲ့သပ်ချရုံနဲ့ သိခဲ့တယ် ဒါကြောင့် နင်တို့ကိုဒီကိုခေါ်လာဖို့ ပြောခဲ့ရတာ ။ ငါ့ပညာတွေကို ထုတ်ပေးကြပါ ငါသာမန်လူလိုပဲနေချင်တယ် အခုဆို ငါကလေးထပ်မယူရဲဘူး ငါအရင်လိုပြောမိမှာကြောက်နေတယ် ငါ့ကိုကူညီပေးကြပါ"လို့ပြောတော့ ဆရာက -
"အမိရဲ့ပညာကိုထုတ်ဖို့ကတော့ လွယ်ပါတယ်
ဒါပေမယ့် အမိရဲ့ပညာကိုယူရင် အမိရဲ့ငယ်သားတွေကအုံကြွလာလိမ့်မယ် အဲဒီပြသနာကိုငါတို့ဖြေရှင်းကြရမယ် အမိကိုတစ်ခုပြောချင်တာက အမိရဲ့ပညာကိုနှုတ်ဖို့သေချာခဲ့ရင် ဒီစည်းဝိုင်းထဲကနေ အပြင်ကို မထွက်ပါနဲ့ - ဖြစ်နိုင်ရင်မျက်လုံးကိုသေချာစည်းထားပေးပါ ဘာသံကြားကြား လုံးဝဖွင့်မကြည့်ပါနဲ့" လို့ပြောတော့
နန်းခင်ဆိုတဲ့အမျိုးသမီးက -
"ဆရာတို့ပြောတဲ့အတိုင်း ငါလုပ်မှာငါသာမန်လူပြန်ဖြစ်ရင်ရပီ" လို့ပြောတော့ဆရာက
"ဒါဆိုရင်စကြမယ် မစခင် အမိလုပ်ရမှာက မေးတာကို မလိမ်ဘဲမှန်မှန်ကန်ကန်ဖြေပေးဖို့ပဲ အမိ ဒီပညာရပ်တွေကို အမှန်တကယ်စွန့်လွှတ်ဖို့ဆန္ဒရှိလား"
"ဟုတ်တယ် ငါစွန့်လွှတ်ဖို့ဆန္ဒရှိတယ်"
ဆရာကသုံးကြိမ်တိတိမေးတော့ နန်းခင်က သုံးကြိမ်တိတိပြန်ဖြေတယ်။ သုံးကြိမ်ပြီးတဲ့အချိန်မှာတော့ ဆရာက နန်းခင်ကိုစည်းထဲဝင်ခိုင်းပြီး.မျက်လုံးကို အဝတ်စနဲ့စည်းခိုင်းထားလိုက်တယ်။ စည်းထဲရောက်တာနဲ့ ဆရာက အထက်ဆရာကြီးတွေနဲ့ ဂိုဏ်းစောင့်ပုဂ္ဂိုလ်အပေါင်းကိုတိုင်တည်ပြီး ရေတစ်ခွက်ကို မန်းလိုက်တယ်။ မန်းလို့ရတဲ့ရေကို နန်းခင်ကိုတိုက်ဖို့ ကျွန်တော့့ကိုခိုင်းတယ်။ ကျွန်တော်လဲနန်းခင်ကိုရေမန်းတိုက်ပြီးအခြေအနေကို စောင့်ကြည့်နေလိုက်တယ်။ ရေမန်းတိုက်ပြီးခဏနေတော့ နန်းခင်လှုပ်လှုပ်ရွရွဖြစ်လာတယ်။ လက်တစ်ဖက်က ရင်ဘတ်ကိုဖိပြီး ပျို့သလိုဖြစ်လာတာမြင်လိုက်ရတယ်။ သိပ်မကြာခင် ပါးစပ်ထဲက အချွဲတွေထွက်လာပြီး တစ်စုံတစ်ခုကိုအံထုတ်လိုက်တယ်။ အန်ထွက်လာတဲ့အရာက ဘာလဲဆိုတာကိုကြည့်လိုက်တော့ သွေးစိမ်းရှင်ရှင်ဖြစ်နေတဲ့အမဲသားတုံးကြီး၊ လက်သီးဆုပ်လောက်ရှိတဲ့အမဲသားတုံးကြီးက အခုမှဖျက်ထားသလို သွေးသံတရဲရဲဖြစ်နေတာကို မြင်လိုက်ရတယ်။ ပထမအတုံးထွက်လာတဲ့အချိန်မှာပဲ အိမ်အပြင်ဘက်မှာ ရုတ်တရက်ဆိုသလို အော်ဟစ်ကြိမ်းဝါးသံတွေ ထွက်ပေါ်လာတယ်။ ကျွန်တော်လဲအိမ်အပြင်ဘက်ကိုချောင်းကြည့်လိုက်တော့ အရွယ်စုံယောကျၤားမိန်းမတွေကို တွေ့လိုက်ရတယ်။ အားလုံးက အိမ်ပေါ်မှာရှိနေတဲ့ ကျွန်တော်တို့ကို မီးပွင့်မတတ်စိုက်ကြည့်ပြီး အံကြိတ်ထားကြတာကိုမြင်လိုက်ရတယ်။ ကျွန်တော်က ယောက်ယက်ခတ်နေပေမယ့် ဆရာကတော့ သူ့ရဲ့အလုပ်ကိုဆက်လုပ်နေတယ်။ ရေစင်တစ်ခွက်တိုက်ပြီးတိုင်း အမဲသားတစ်တုံးက နန်းခင်ရဲ့ပါးစပ်ကနေ အန်အန်ထွက်လာတာ အခုဆိုရင် သုံးတုံးဖြစ်နေပီ။ လေးတုံးမြောက်မှာတော့ အိမ်အောက်ကလူအုပ်ထဲကနေ " နန်းခင် နင်ကငါတို့နဲ့မသက်ဆိုင်တော့ဘူး -
နင့်ကိုလဲငါတို့လက်မခံတော့ဘူး နင့်ကိုအခုလိုလုပ်ပေးတဲ့သူတွေလဲ ဒီရွာကနေပေးမထွက်နိုင်ဘူး နင့်လင်ကိုရော နင့်ကိုရော အကုန်လုံးကိုငါတို့သတ်မယ် ငါတို့ရဲ့မျိုးနွယ်အတွက်အရှက်ရစေတဲ့နင်တို့ကို ငါတို့သတ်မယ်" လို့အော်ဟစ်ပြီး အိမ်ပေါ်ကိုပြေးတက်လာခဲ့တယ်။ အိမ်ပေါ်လှေကားသုံးဆင့်လောက်လဲရောက်ရော "ဖောင်း"ဆိုတဲ့အသံနဲ့အတူ တက်လာတဲ့သူနောက်ပြန် ပစ်လဲကျပါလေရော။ ဆရာက ပညာမထုတ်မှီ အိမ်လှေကားတစ်ဝိုက်ကိုစည်းချထားပြီပြီဆိုတာ ကျွန်တော်သိလိုက်ရတယ်။ ကျွန်တော်လဲ ဘာဆက်ဖြစ်မလဲ ဆက်ကြည့်နေလိုက်တယ်။ နန်းခင်ရဲ့ ပညာတွေက တစ်တုံးချင်းကျလာလေလေ အိမ်အောက်က လူတွေက ပိုပြီးသောင်းကျန်းလာလေလေပဲ။ ခြောက်တုံးမြောက်အန်ကျတဲ့အချိန်မှာတော့ ကျွန်တော့်နားထဲမှာ ဝှီးဝှီးဝှီးဆိုတဲ့လေတိုးသံတွေကို ကြားလိုက်ရတယ်။ မရှေးမနှောင်းမှာပဲ အိမ်ခေါင်မိုးပေါ်ကို ကျလာတဲ့ ခဲလုံးတွေ၊ ခဲလုံးတွေက တောင်ထန်းလက်မိုးထားတဲ့ အိမ်အမိုးကိုဖောက်ပြီး ကျွန်တော်တို့နဲ့မလှမ်းမကမ်းနေရာအထိ ရောက်လာခဲ့တယ်။ ဆရာကတော့ ဂရုမစိုက်ပဲ ရေစင်ကိုသာ တစ်ခွက်ပြီးတစ်ခွက်မန်းပေးနေတယ်။ ကျွန်တော်နဲ့တောက်ရကတော့ ပတ်ဝန်းကျင်ကိုကြည့်လိုက် နန်းခင်ကိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။ လူအုပ်ကြီးကတော့ တားထားတဲ့စည်းထဲကိုဝင်လို့မရပဲ အပြင်ကနေအရာဝတ္တုတွေနဲ့လှမ်းပစ်နေခဲ့တယ်။ ဆရာလဲ.လူအုပ်ကြီးကိုအလေးမထားပဲ နန်းခင်ရဲ့ပညာတွေကုန်အောင်သာထုတ်ပေးနေခဲ့တယ်။ နန်းခင်ကိုယ်ထဲကနေ အန်ထွက်လာတဲ့အမဲသားတုံးတွေက စုစုပေါင်း၈တုံးတိတိရှိနေခဲ့ပြီ၊ အခုလဲနောက်တစ်ကြိမ်ထပ်ပြီးပျို့နေသေးတယ်။ ကျွန်တော်လဲဘယ်နှစ်တုံးလောက်ထပ်အန်ထွက်မလဲကြည့်နေတဲ့အချိန် "ဝေါ့"ဆိုတဲ့အသံနဲ့အတူ အမဲသားတစ်တုံးထပ်ပြီးအန်ထွက်လာခဲ့တယ်။ အမဲသားတုံးထွက်ပြီးတာနဲ့တစ်ပြိုင်နက် ညိုပုတ်ပုတ်အရည်တွေကပါ ဝေါခနဲ ဝေါခနဲ အန်ထွက်လာတာကိုမြင်လိုက်ရတယ်။ ဆရာကတော့ နန်းခင်ကိုကြည့်ပြီး" အမိ မင့်ပညာတွေကုန်ပြီလား"လို့မေးတော့
နန်းခင်က "ကုန်လောက်ပီလို့ထင်တယ် ငါရင်ထဲပေါ့သွားပြီ"လို့ပြန်ဖြေတယ်။ ဆရာလဲ ရေခွက်ထဲမှာ ကျန်တဲ့ရေစက်တွေနဲ့ နန်းခင်မျက်နှာကိုလှမ်းတောက်လိုက်တယ်။ ဒါပေမယ့်နန်းခင်က ဘာမှမဖြစ်တာမြင်တော့ ဆရာက" အမိ အခုချိန်ကစပြီး ဝမ်းထဲမှာဘာပညာမှမရှိတော့ဘူး သာမန်လူတစ်ယောက်ဖြစ်သွားပြီ သာမန်လူတစ်ယောက်ဖြစ်သွားတယ်ဆိုပေမယ့် အမိကိုဒေါသထွက်နေကြတဲ့ အိမ်အောက်ကလူအုပ်ကြီးရဲ့ အန္တရာယ်ကရှိသေးတယ် အမိတို့လင်မယား ကောင်းမွန်တဲ့ ဘဝကိုတူတူဖြတ်သန်းကြပါ"လို့ပြောပြီး လွယ်အိတ်ထဲကနေ ကြေးပြားလေးနှစ်ခုကိုထုတ်လိုက်တယ်။ ထုန်လိုက်တဲ့ကြေးပြားလေးကိုမန်းပြီး လင်မယားနှစ်ယောက်ကို တစ်ယောက်တစ်ခုဆီပေးလိုက်တယ်။ နန်းခင်တို့လင်မယားလဲ ကြေးပြားလေးကိုယူပြီး လက်ထဲမှာဆုပ်ကိုင်ထားလိုက်ကြတယ်။ နန်းခင်တို့လက်ထဲ ကြေးပြားလေးရောက်တာနဲ့ဆရာက "အမိတို့လင်မယား ဒီအိမ်ပေါ်ကနေ တစ်လက်မမှမရွေ့ကြနဲ့ အိမ်အောက်မှာရှိတဲ့ သူတွေကိုဆုံးမဖို့ကျန်သေးတယ် သူတို့ရှိနေသရွေ့အမိတို့အသက်အန္တရာယ်ကိုဒုက္ခပေးကြလိမ့်မယ်"လို့ပြောတော့ နန်းခင်ရဲ့ယောကျၤားဖြစ်သူက "ဒီလူတွေထဲမှာ ရွာကမဟုတ်တဲ့သူတွေလဲပါတယ် အရင်ကသူတို့ကိုမမြင်ဘူးဘူး အဖူးထီးကော်ဆိုတာလဲ အရင်က နန်းခင်ကိုထိန်းလာတဲ့သူဆိုတော့ အသက်ကိုရန်ရှာမယ်ဆိုတာဖြစ်နိုင်ပါ့မလား"လို့မေးတော့ဆရာက "မယုံရင်ဆင်းသွားကြည့်လေ အခုချိန်က သူတို့ရဲ့မျိုးနွယ်ထဲကနေထွက်ခွာသွားတဲ့အတွက် သူတို့ရဲ့စည်းမျဉ်းစည်းကမ်းအရ နန်းခင်ကိုသတ်ကြမှာပဲ နန်းခင်ပဲလားဆိုတော့မဟုတ်သေးဘူး မင်းကိုရော ငါတို့ကိုပါသတ်ချင်နေကြတာ အဲဒါကြောင့် ဒီပြသနာတွေကို ရှင်းမှ ငါတို့ဆက်လက်ရှင်သန်နိုင်မှာ"လို့ပြောတော့ လက်နက်ကိုင်ခေါင်းဆောင်က ငြိမ်ကျသွားတယ်။ ဆရာက စည်းအတွင်းကနေအပြင်ကိုမထွက်ဖို့နဲ့ ကျွန်တော်တို့ကိုလဲ နန်းခင်တို့လင်မယားအနားမှာပဲနေဖို့မှာကြားပြီး အိမ်ပေါ်ကနေ တစ်ယောက်ထဲဆင်းသွားတယ်။ ကျွန်တော်လဲ တောက်ရကိုလှည့်ကြည့်ပြီး "တောက်ရ ငါတို့တော့ပွဲကြီးပွဲကောင်းတော့မြင်ရပြီ ဒါမျိုးကမြင်ရခဲတယ် ကြည့်ထား"လို့ ပြောလိုက်မိတယ်။
ဆရာက အိမ်ပေါ်ကနေ ဖြေးဖြေးချင်းဆင်းသွားတာမြင်တော့ လူအုပ်ကြီးက ပိုပြီးလှုပ်ရှားလာတယ်။ ကရင်လိုအော်ဟစ်နေတဲ့အသံတွေက ဆူညံလာခဲ့တယ်။ ဆရာလဲအိမ်လှေကားအောက်ကိုရောက်ရော လူအုပ်ထဲက ထွက်လာတဲ့ စက်တွေ။ ရွှီး ရွှီး ရွှီးနဲ့ ဆရာဆီကို ပြေးဝင်လာတာကို ကျွန်တော်မြင်လိုက်ရတယ်။ ညဘက်အိမ်ဝိုင်းပတ်လည်မှာထွန်းထားတဲ့ မီးတိုင်အရောင်ကြောင့် လေထဲကနေဝင်လာတဲ့ စက်အရောင်တွေကို ကျွန်တော်အတိုင်းသားမြင်နေရတယ်။ ဆရာရင်ညွန့်တည့်တည့်ကိုပြေးဝင်လာတဲ့ စက်တွေက ဆရာ့လက်တစ်ကမ်းလိုအရောက်မှာ ရပ်သွားတာမြင်လိုက်ရတယ်။ အရောင်အသွေးစုံလင်လှတဲ့စက်တွေက သာမန်လူတွေမမြင်ရပေမယ့် ကျွန်တော်တို့လို အထက်လမ်းပညာကိုလိုက်စားနေတဲ့သူတွေကတော့ မြင်နေရတယ်။ လူအယောက်ပေါင်းများစွာက ပစ်လွှတ်လိုက်တဲ့စက်တွေကိုဆရာက သူ့ရဲ့ဘယ်ဘက်လက်နဲ့ လှမ်းတားထားတာကိုလဲမြင်လိုက်ရတယ်။ ဒါကြောင့်စက်တွေအားလုံးရပ်ကုန်တာ။ ဆရာက တားထားတဲ့စက်တွေကို ဘယ်ဘက်လက်ဖဝါးနဲ့ ဘေးကိုလွှဲပစ်လိုက်တယ်။ စက်တွေအားလုံး ဘေးဘက်မှာရှိတဲ့ သစ်ပင်တွေကို သွားထိတော့ ဖြောင်းဖြောင်းဖြောင်း ဆိုတဲ့အသံတွေနဲ့အတူ အကိုင်းအခက်တွေ ပင်စည်တွေစုတ်ပြတ်ကုန်တယ်။ သစ်ပင်တွေတောင်ဒီလိုဖြစ်သွားတယ်ဆိုရင် သာမန်လူတွေဆိုရင် ဘယ်လိုဖြစ်မယ်ဆိုတာ မတွေးရဲစရာပဲ။ ဆရာ စည်းအပြင်ကို ထွက်လာရင် အသေသတ်ဖို့တွေးထားကြတာကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ်။ သူတို့ရဲ့စက်တွေနဲ့ပစ်လွှတ်ပေမယ့် ဆရာဘာမှမဖြစ်တာမြင်တော့ နောက်တစ်နည်းနဲ့သတ်ဖို့ကြိုးစားကြပြန်တယ်။ ရုတ်တရက်ဆိုသလို ဆရာရပ်နေတဲ့မြေကြီးထဲကနေ အခိုးငွေ့တွေထွက်လာခဲ့တယ်။ ဆရာပတ်ပတ်လည်အခိုးငွေ့တွေထွက်လာပြီး မီးတောက်တစ်ခုက ဝုန်းဆိုထတောက်ပါလေရော။ လူတစ်ရပ်ခန့်မြင့်တဲ့မီးတောက်ကြီးက ဆရာပတ်ပတ်လည်မှာ အရှိန်အဟုန်နဲ့လောင်မြိုက်နေတာ ဆရာကိုမမြင်ရတော့ဘူး။ကျွန်တော်ကဆရာအစွမ်းကို သိနေတဲ့သူဆိုတော့ မအ့ံသြပေမယ့် နန်းခင်တို့လင်မယားက ဆရာအတွက်စိတ်ပူနေကြတယ်။ နန်းခင်က ဆရာကိုကြည့်ပြီး "ဒါ အန္တရာယ်များတယ်နော် ဖြစ်ပါ့မလား နင်တို့ဆရာ သေနေဦးမယ်"လို့စိုးရိမ်တကြီးလှမ်းပြောလာတယ်။ ကျွန်တော်လဲ "စိတ်မပူနဲ့ဆရာက ဒီလောက်ကိုကာကွယ်နိုင်ပါတယ်"လို့ပြောရင်း ဆရာ့အခြေအနေကို ဆက်ကြည့်နေလိုက်တယ်။ မီးတောက်အရှိန်က တစ်ဖြေးဖြေးလျော့ကျလာပြီး လူအုပ်ကြီးက မီးတောက်ထဲကို လိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။ မီးတောက်လဲငြိမ်းရော အလယ်မှာဆရာ့ကိုမတွေ့ရတော့ဘူး။ လူအုပ်ကြီးက ဆရာကိုမတွေ့တော့ဝမ်းသာအားရ အော်ဟစ်နေကြတာကိုမြင်လိုက်ရတယ်။ နန်းခင်က "နင်တို့ဆရာသေပီလို့ပြောနေကြတယ် ခုနက ဒီထဲမှာရှိနေတာ အခုမရှိတော့ဘူး နင်တို့ဆရာပြာကျသွားတာလား"လို့မေးတော့ကျွန်တော်က" မဖြစ်နိုင်ပါဘူး ခဏတော့စောင့်ကြည့်ဦး"လို့ပြောရင်း ဆရာဘယ်ကနေပြန်ပေါ်လာမလဲဆိုတာကိုလိုက်ကြည့်နေမိတယ်။ လူအုပ်ကြီးကလဲဆရာသေပြီလို့ထင်ပြီး တဟားဟားတဝါးဝါးနဲ့ ပွဲကျနေတဲ့အချိန် ကောင်းကင်ကနေ ဖျတ်ခနဲအလင်းတန်းတစ်ခု ကျလာတာကို ကျွန်တော်မြင်လိုက်ရတယ်။ အလင်းတန်းု လူအုပ်ကြီးရဲ့အပေါ်တည့်တည့်ကနေ ကျလာတာ ကျွန်တော်မျက်လုံးကိုပြူ းပြဲပြီးကြည့်လိုက်တော့ ကောင်းကင်ကနေ ကျလာတဲ့လှံပျံတွေကို တွေ့လိုက်ရတယ်။ ရွှေရောင်ဝင်းလက်နေတဲ့ လှံအစင်းပေါင်းများစွာက လူအုပ်ကြီးအပေါ်မှာမိုးထားပြီးသား ဖြစ်နေတယ်။
လှံပျံတွေရဲ့အပေါ်မှာတော့ ပိုက်ကွန်ကိုဘယ်လက်နဲ့ကိုင်ထားပြီး ညာလက်နဲ့ လှံပျံတွေကို အမိန့်ပေးနေတဲ့ ပုဂ္ဂိုလ်တွေကိုမြင်လိုက်ရတယ်။ လူအုပ်ကြီးလဲ ရုတ်တရက်မြင်လိုက်ရတော့ ကြောင်တောင်တောင်ဖြစ်နေဟန်တူပါတယ် အထူးအဆန်းအနေနဲ့လိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။ လှံအစင်းပေါင်းများစွာက အပေါ်ကနေချိန်ထားတဲ့အချိန် လူအုပ်ကြီးရဲ့ဘေးပတ်ပတ်လည်မှာ ငွေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ငှက်ကြီးတောင်ဓားတွေကို ကိုင်ထားတဲ့ သူတွေပေါ်လာခဲ့တယ်။ လှံပိုင် ဓားပိုင်တွေပေါ်လာပြီးတဲ့အချိန်မှ ဆရာက လူအုပ်ကြီးရဲ့အနောက်ကနေ ပေါ်လာခဲ့တယ်။ ဆရာအနောက်မှာတော့ ခေါင်းပေါင်းအနီတွေကိုယ်စီပတ်ထားပြီး လက်ထဲမှာ ငွေမျှင်ရောင်ကြိုးခွေတွေကိုင်ထားတဲ့ သူတွေကိုလဲမြင်လိုက်ရတယ်။ လူအုပ်ကြီးက ဆရာကိုမြင်တော့ "သူမသေသေးဘူး သူ့လူတွေကိုခေါ်လာတာနေမှာ တိုက်ကြဟေ့"လို့အော်တဲ့အချိန် ဆရာအနောက်မှာ ရပ်နေတဲ့သူတွေက လက်ထဲကနေ ကြိုးခွေတွေကို ပစ်လွှတ်လိုက်တယ်။ ပစ်လွှတ်လိုက်တဲ့ ကြိုးခွေတွေက လူအုပ်ကြီးထဲမှာပါတဲ့ လူအရေအတွက်အတိုင်း ခွဲထွက်ပြီး ရစ်ပတ်သွားတယ်။ ငွေမျှင်ရောင် ကြိုးတွေရစ်ပတ်ပြီးတဲ့အချိန်မှာ အပေါ်ကနေ ပိုက်ကွန်ကိုင်ထားတဲ့သူတွေက ပိုက်ကွန်တွေကို အသင့်အနေအထားလုပ်ပြီးစောင့်နေကြတယ်။ ကြိုးတွေနဲ့ချည်ခံထိထားတဲ့သူတွေထဲမှာ တစ်ချို့တွေက ချည်ထားတဲ့ ကြိုးခွေတွေကိုပြတ်အောင်ရုန်းနိုင်တာကိုလဲ မြင်လိုက်ရတယ်။ ကြိုးပြတ်တာနဲ့တစ်ပြိုင်နက် အ ပေါ်မှာရှိနေတဲ့ ပိုက်ကွန်တွေက နောက်တစ်ဆင့်ထပ်ချုပ်ထားလိုက်တယ်။ လှံတံတွေကလဲ အပေါ်ကနေ ငယ်ထိပ်တည့်တည့်ကိုချိန်ရွယ်ပီးသား ဒီတစ်ခါရန်ပြုရင် ငယ်ထိပ်ကို တကယ်ထိုးမယ့်ပုံစံ။ ဆရာက ဖမ်းထားတဲ့သူတွေကို ပညာတွေအပ်မလားမေးတယ်။ ဒါပေမယ့်သူတို့က မအပ်ဘူးပဲပြောကြတယ်။ ဘယ်လိုချော့ပြီးမေးမေး၊ ခြောက်ပြီးမေးမေး မအပ်ဘူးဆိုတာကြီးပဲ။ ဘယ်လိုမှဖျောင်းဖျလို့မရတော့တဲ့အခြေအနေရောက်မှ ဆရာက နောက်ဆုံးစကားတစ်ခွန်းကိုပြောလိုက်တယ်
"ငါကဘယ်သူ့ကိုမှနာကျင်အောင်မလုပ်ချင်ဘူး -
အခုမင်းတို့ကလဲပညာမအပ်ဘူးဆိုတော့ ငါလဲအတင်းအကြပ်မလုပ်ဘူး မင်းတို့ကတိတစ်ခုပေးရမှာက ဒီရွာကနေအဝေးဆုံးကိုထွက်သွားဖို့ပဲ နောက်ပြီး ဒီကလေးမနဲ့သက်ဆိုင်သူတွေကိုအန္တရာယ်မပေးဘူးဆိုတဲ့ ကတိတစ်ခုကိုလိုချင်တယ် ပေးတယ်ဆိုရင် ထိခိုက်နာကျင်အောင်မလုပ်ဘူး ဘယ်လိုလဲ ကတိပေးနိုင်လား"လို့မေးတော့ လူအုပ်ကြီးထဲကနေ တီးတိုးစကားသံတွေထွက်လာခဲ့တယ်။ ဆရာလဲအခြေအနေကိုသဘောပေါက်ပြီး "သဘောတူတယ်ဆိုတဲ့လူတွေ ဒီစည်းဝိုင်းထဲကို လာခဲ့ပါ"လို့ပြောပြီး စည်းတစ်ခုကိုဝိုင်းလိုက်တယ်။ အဲဒီလိုခွဲထုတ်လိုက်တော့ ခုနကလူအုပ်ကြီးက အုပ်စုနှစ်ခုထပ်ကွဲသွားတယ်။ သဘောတူတဲ့သူနဲ့သဘောမတူတဲ့သူ။ ဆရာအစွမ်းကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့ တစ်ချို့တွေက မနိုင်ဘူးဆိုတာသိပြီး စည်းဝိုင်းထဲကိုဝင်လာခဲ့ကြတယ်။ တစ်ချို့တွေကတော့ ခေါင်းမာပြီး စည်းဝိုင်းထဲကို မလာကြဘူး။ ဆရာကတော့ စည်းဝိုင်းထဲဝင်လာတဲ့သူတွေကို သစ္စာရေတိုက်ပြီး ဖောက်ဖျက်ကျူ းလွန်ပါက ပြာအတိမီးကျွမ်းလောင်စေလို့ အဓိဌာန်ခဲ့တယ်။ စည်းဝိုင်းထဲမလာတဲ့သူတွေကိုတော့ ဘာမှမဆိုသေးပဲ သစ္စာရေတိုက်ပြီးတဲ့သူတွေကို ဒီရွာကနေအခုချက်ချင်းထွက်သွားစေခဲ့တယ်။ စည်းဝိုင်းထဲရောက်နေတဲ့သူတွေထဲက တစ်ချို့က လမ်းလျောက်ထွက်သွားကြသလို၊ တစ်ချို့က လေပေါ်ပျံသွားကြတာလဲရှိတယ်၊ တစ်ချို့က ထဘီခြုံပြီး လင်းတအသွင်ပြောင်းကာပျံသွားကြတာတွေလဲရှိတယ်။ စည်းဝိုင်းထဲက သူတွေကုန်တော့မှ ကျန်နေတဲ့သူတွေဘက်ကို လှည့်လိုက်တယ်။ ကျန်ရစ်တဲ့သူတွေကိုဦးဆောင်နေတာက အဖူးထီးကော်ဆိုတဲ့ကရင်အဖိုးကြီးပဲ။ သူအပါအဝင် လူ၁၀ယောက်လောက်ကျန်ခဲ့တယ်။ အားလုံးက သက်ကြီးရွယ်အိုတွေပဲ။ နန်းခင်ကတော့ သူတို့အားလုံးက နန်းခင်ရဲ့အမေဖြစ်သူအားထားရတဲ့ လက်ရုံးတွေဖြစ်ခဲ့တယ်လို့ပြောတယ်။ ဆရာလဲ ချည်ထားတဲ့ ကြိုးတွေကို မဖြုတ်ပေးပဲ နောက်ဆုံးအကြိမ် ဖျောင်းဖျကြည့်တယ်။ အဖြေကတော့ ခေါင်းခါသည်ကလွဲပြီး မရရှိခဲ့။ လုံးဝမရတော့တဲ့အတွက် ဆရာဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး နောက်လှည့်ကာ သေအောင်တော့မလုပ်ကြနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေဆီကိုအပ်ပြီး ပညာတွေထုတ်လိုက်ကြတော့ ပညာတွေမရှိတော့ရင် လူအသိစိတ်ပျောက်အောင်လုပ်ပြီး ပြန်လွှတ်ပေးလိုက်ကြလို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ အလင်းတန်းတစ်ခုက ထိုသူတွေအပေါ်ကိုထိုးဆင်းလာခဲ့တယ် အလင်းတန်းလဲပျောက်သွားရော ခုနကရှိနေတဲ့လူတွေအားလုံးကို မတွေ့ရတော့ဘူး နန်းခင်ကတော့ အိမ်ပေါ်ကနေ ပညာတွေကိုစွန့်လွှတ်ဖို့အော်ပြောနေတဲ့အသံကို သူတို့မကြားနိုင်တော့ဘူး။ ဆရာလဲ အိမ်ပေါ်ကိုပြန်တက်လာပြီး နန်းခင်စွန့်လွှတ်ထားတဲ့ပညာတုံးတွေပေါ်ကို ရေစင်တစ်စက်တောက်ချလိုက်တယ်။ ရေစင်တစ်စက်တောက်ချလိုက်တာနဲ့ ပညာတွေက ဟုန်းခနဲမီးထတောက်ပါလေရော။ မီးတောက်ကြီးလဲငြိမ်းရော အိမ်ခြံစည်းရိုးထောင့်လေးဖက်ကနေ ဝမ်းနည်းစွာငိုယိုတဲ့အသံနက်ကြီးပေါ်လာခဲ့တယ်။ နန်းခင်က အသံကြားတော့ "ဒါ အမိုးအသံပဲ အမိုးက ဒီအိမ်မှာရှိနေတာလား အမိုးရှိနေသေးတာလား"ဆိုပြီး စည်းထဲကနေထပြေးဖို့အလုပ် ဆရာက " ဒီအသံက အမိရဲ့မိခင်အသံမဟုတ်ဘူး အမိကိုနောက်ဆုံးအကြိမ်ဒုက္ခပေးဖို့ ကြိုးစားတဲ့အသံပဲ အမိရဲ့ပညာတွေအခုမှတကယ်ကုန်ဆုံးတာ ခုနကမီးလောင်သွားတော့ အမိရဲ့အမိုးထားခဲ့တဲ့ မကောင်းတဲ့အစောင့်တွေက အမိကို ဒုက္ခပေးဖို့ ကြိုးစားတာပဲ စည်းထဲကနေအပြင်ထွက်ရင် အမိစည်းပေါက်ပြီ အမိရဲ့လိပ်ပြာကိုနှုတ်ဖို့ နောက်ဆုံးလုပ်ဆောင်တာ "လို့ပြောတော့မှ နန်းခင်ပြန်ထိုင်ချလိုက်တယ်။ ကျွန်တော်တို့လဲ အချိန်မဆိုင်းပဲ ခြံနဲ့အိမ်ပတ်လည်မှာ အင်းစမတွေမြှပ်ပြီး အနှောက်အယှက်တွေမလာနိုင်အောင် စီမံပေးခဲ့ကြတယ် နန်းခင်တို့လင်မယားနှစ်ယောက်ရဲ့ နဖူးမှာလဲ အင်းစမတွေကို ရေးဆွဲပေးခဲ့တယ်။ ဒီစမတွေကြောင့် သူတို့ကိုဘယ်သူမှဒုက္ခပေးလို့မရနိုင်တော့ဘူး။ မီးလောင်ပြာကျထားတဲ့ ပညာတွေကိုတော့ ဆရာက သူကိုယ်တိုင်မြေမြှုပ်ပစ်ခဲ့တယ်။ နန်းခင်တို့လင်မယားနှစ်ယောက်လုံး ကျွန်တော်တို့ဂိုဏ်းကိုယုံကြည်ခဲ့ကြတယ်။ နောက်နေ့မှာတော့ ကျွန်တော်တို့ ရွာကနေ ထွက်ခဲ့ကြတယ်။ နန်းခင်တို့လင်မယားကတော့ ရွာထိပ်ထိလိုက်ပို့ရင်း နောက်တစ်ခေါက်ကြုံရင်ဝင်လည်ဖို့ တဖွဖွမှာနေရှာတယ်။ ရွာပြင်ကိုရောက်တော့ ခပ်လှမ်းလှမ်းမှာ ခုန်ပေါက်ပြီးပြေးလာနေတဲ့ သူတစ်ချို့ကိုမြင်လိုက်ရတယ်။ အနားရောက်လို့သေချာကြည့်လိုက်တော့ အဖူးထီးကော်နဲ့အပေါင်းအပါတွေ ဖြစ်နေတယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့အပြစ်ပေးခြင်းကိုခံထားရတဲ့ သူတို့ကိုမြင်တော့ဆရာက"တစ်ခါတစ်လေမှာ ခေါင်းမာတိုင်းမကောင်းဘူး"လို့ပြောတယ်။ ရွာကနေထွက်လာပြီး နောက်ပိုင်း ကျွန်တော်တို့ဘယ်ဆက်သွားရမလဲမသိတော့ဘူး။ ဆရာကလဲ ဘာမှမပြောပဲ ခြေဦးတည့်ရာသွားနေခဲ့တယ်။ တစ်ဖြေးဖြေးရက်တွေကြာလာတာနဲ့အမျှ ခရီးလဲအတန်အသင့်ပေါက်ခဲ့တယ်။ တစ်နေ့မှာတော့ ကျွန်တော်တို့ဘုန်းကြီးကျောင်းတစ်ကျောင်းကို အမှတ်မထင်ပဲရောက်သွားခဲ့တယ်။ ဘုန်းကြီးကျောင်းဆိုပေမယ့် သံဃာတော်က၂ပါးပဲရှိတယ်။ ရောက်တဲ့အချိန်က ညမှောင်တော့မယ်ဆိုတော့ ဘုန်းကြီးကျောင်းမှာပဲ တည်းခဲ့ကြတယ်။
ညဘက်ရောက်တော့ လုပ်စရာရှိတဲ့အလုပ်တွေ လုပ်ပြီး အိပ်မပျော်လို့ထိုင်နေတုန်းရှိသေးတယ် ဘုန်းကြီးကျောင်းလှေကားပေါ်ကို တက်လာတဲ့ ကလေး၉ယောက်ကိုတွေ့လိုက်ရတယ်။ အသက်ကအလွန်ဆုံးရှိလှ ၁၀နှစ်ပေါ့ အားလုံးကတစ်ရွယ်ထဲပဲ။ သူတို့က ကျွန်တော်ရှိတဲ့နေရာကိုတက်လာပြီး ဘေးနားမှာထိုင်လိုက်ကြတယ်။ ကျွန်တော်လဲသူတို့ဘာဆက်လုပ်မလဲ ကြည့်နေရင်း သူတို့ထဲက အဝတ်အစားတောက်တောက်ပြောင်ပြောင်အဖြစ်ဆုံး ကလေးက "ဦးလေးရဲ့ဆရာအနားကိုမကပ်ရဲလို့ ဦးလေးဆီလာခဲ့တာ ၊ ဦးလေးတို့ဒီကိုစဝင်လာထဲက သားတို့ကြည့်နေတာ သားတို့ဒီကိုရောက်နေတာ နှစ်ပေါင်းရာကျော်နေပီ ဒီကလွတ်အောင် ကူညီပေးဖို့ လာတောင်းဆိုတာပါ ဦးလေးတို့ကူညီမှဖြစ်မှာ "လို့ပြောတော့ ကျွန်တော်က "ငါကဘာကူညီပေးရမလဲ ပြောကြည့်"လို့ပြောလိုက်တော့ ကလေးငယ်က "သားတို့အလောင်းကို မီးသဂြိုလ်ပေးရင်ရပီ သားတို့ကိုဒီနေရာမှာအစီအရင်တွေနဲ့ မြှုပ်ခဲ့ကြတာ ဒီနေရာက အရင်မြို့ရိုးဟောင်းကြီး အဲမှာသားတို့ကိုသတ်ခဲ့တာ အခုလွတ်ချင်နေပီ အလောင်းကိုရှာပြီး မီးရှို့ပေးနော် သားတို့သွားတော့မယ် သားတို့ဒီကိုလာတာသိရင်ဦးယက္ခ ရိုက်လိမ့်မယ် သွားတော့မယ်နော်"လို့ပြောပြီး ကျောင်းအောက်ကို ပြေးဆင်းသွားကြတယ်။ ကျွန်တော်လဲ ဆရာကိုမနက်ကျမှပြောပြတော့မယ်လို့ တွေးပြီး အိပ်ချလိုက်တယ်။
အတွေးထဲမှာတော့ ဒီကလေးတွေကို ဘယ်လိုကူညီရမလဲဆိုတာ စဉ်းစားနေခဲ့တယ်။
.....
စာဖတ်သူတွေအားလုံးလဲ ဒီကလေး၉ယောက်ရဲ့ အကြောင်းနဲ့ သူတို့၉ယောက်လွတ်အောင် အောင်မြတ်သာတို့ ဘယ်လိုတွေကူညီပေးရဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ငယ်ပေါင်းကိုးဖော်ဆိုတဲ့ ဝတ္တုလေးကိုစောင့်မျှော်ပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Comments
Post a Comment