အောင်မြတ်သာနှင့်နတ်စီးရှင်
"အောင်မြတ်သာနှင့်နတ်စီးရှင်"
+++++++++++++++++++++
"ဒီည ဘုရားပေါ်မှာ ရိုးရာနတ်ပွဲအတွက် လူသစ်ရွေးမယ်ပြောတယ်"
နွားကျောင်းနေရင်း လှမ်းပြောလိုက်တဲ့ ထွန်းလှရဲ့စကားကြောင့် ကုက္ကိုပင်အောက်မှာ လှဲအိပ်နေတဲ့ မင်းညိုက ရုတ်တရက်ထထိုင်လိုက်ပြီး
" ရိုးရာပွဲအတွက် လူသစ်ရွေးတာတော့ ဟုတ်ပါပြီ ငါတို့လိုဆယ်ကျော်သက်တွေအတွက်ကရော နေရာရှိပါ့မလား"
" ဘာလဲ မင်းက စိတ်ဝင်စားလို့လား"
" စိတ်ဝင်စားတယ်လို့မဟုတ်ပေမယ့် အဲလိုမျိုးတွေတော့ ဝါသနာပါတယ်ဟ"
" ဝါသနာပါရင် ဒီညရှစ်နာရီ ဘုရားပေါ်လာခဲ့လေ ငါလဲရှိနေမှာပဲဟာကို"
" ငါထမင်းစားပြီးရင် တက်လာခဲ့မယ် ဒီည လူသစ်ရွေးမှာဆိုတော့ အတော်စည်မှာပဲကွ"
မင်းညိုက စကားပြောရင်း ရွာတောင်ပိုင်းမှာ ထီးထီးကြီးတည်ရှိနေတဲ့ရွာဦးစေတီကို လှမ်းကြည့်လိုက်တယ်။
နတ်တော်လရောက်တော့မှာဖြစ်တဲ့အတွက် ခင်တန်းရွာမှာရှိတဲ့ လူငယ်တွေအားလုံးစိတ်လှုပ်ရှားနေကြတယ်။ ဒီနှစ်ရွာရဲ့ ရိုးရာနတ်ပွဲမှာ လူသစ်တန်းတွေကိုဦးစားပေးမယ်ဆိုတဲ့ ဘကြီးသောင်းရဲ့စကားကြောင့် အခုထဲက သက်သက်လွတ်စား၊ ပုတီးစိပ်နေကြတဲ့ လူငယ်တွေဒုနဲ့ဒေး။ ဒီထဲကမှ လိပ်ပြာလှတဲ့သူ၊ ပုဂ္ဂိုလ်စီးတဲ့သူတွေကို ဇကာတင်ရွေးချယ်မယ်ဆိုတော့ ဘယ်သူကအရွေးခံရမလဲ၊ ဘယ်သူက ရွာထဲလှည့်တဲ့ စာရင်းထဲပါမလဲဆိုတာကို အရမ်းသိချင်နေခဲ့ကြတယ်။
ညရှစ်နာရီမထိုးခင်ထဲက ရွာဦးစေတီရဲ့ ရင်ပြင်မှာ ကလေးတွေရော လူကြီးလူငယ်တွေပါ အစုံအလင်ရောက်နေကြတယ်။ အချို့က နတ်အစမ်းဝင်တာကို ဗဟာသုတအနေနဲ့လာကြည့်ကြသလို အချို့ကြတော့လဲ မိမိတို့သိလိုတဲ့အချက်တွေကိုမေးဖို့အတွက်ရောက်နေကြတယ်။
မင်းညိုကတော့ လူတွေနဲ့နီးနီးကပ်ကပ်မနေပဲ မလှမ်းမကမ်းကနေ ကြည့်နေခဲ့တယ်။ ခဏကြာတော့ ဘကြီးသောင်းရောက်လာပြီး
" ဟေ့ နတ်ဝင်မယ့်သူတွေအရှေ့ကိုလာခဲ့ မဆိုင်တဲ့သူတွေခပ်ဝေးဝေးမှာနေစမ်း... အခုက လူသစ်တွေကို သွင်းမှာဆိုတော့ နတ်တို့ရဲ့အရှိန်ကို အပြည့်အဝမထိန်းချုပ်နိုင်သေးဘူး မတော်လို့ထိခိုက်မိရင် မကောင်းဖြစ်နေမယ် ဝေးဝေးနေကြ"
ဩဇာသံအပြည့်နဲ့ပြောလိုက်တဲ့အသံကြောင့် လူအုပ်ကြီးက အပ်ကျသံပင်မကြားအောင် ငြိမ်သက်သွားပြီး အနောက်ကိုရှဲသွားကြတယ်။
" ဒီမှာ အားလုံးကိုပြောပြချင်တာက ဒီနှစ် တို့ရွာရဲ့ ရိုးရာနတ်ပွဲမှာ ရေငံပိုင်ဦးရှင်ကြီးရုပ်ထုအသစ်ကိုရေချဖို့ရှိတယ်။ ဒီပွဲမှာ ရုပ်ထုကလဲအသစ်ဖြစ်တဲ့အတွက် စီးရှင်ကလဲ တစ်ခါမှမဝင်ဖူးတဲ့လူသစ်ဖြစ်ချင်တယ်။ စီးရှင်ကိုတော့ အခုရောက်နေကြတဲ့ လူငယ်တွေထဲကပဲရွေးချယ်သွားမှာဖြစ်တယ်။ မင်းတို့ကလဲ ဝေးလေးဝါးလားမလုပ်ကြပဲ ဘုရားတရားကို နေ့တိုင်းလုပ်ကြဖို့လဲလိုတယ်။ ဟိုကောင် မောင်စိုး မင်းဒီနေ့သက်သက်လွတ်စားလား"
ဘကြီးသောင်းစကားကြောင့် လူအုပ်ကြားထဲမှာ ထိုင်နေတဲ့ မောင်စိုးက ရယ်ကျဲကျဲလုပ်ပြီး
" ဒီနေ့တော့ အိမ်မှာဟင်းကောင်းတာနဲ့ မေ့ပြီး စားမိသွားတယ်"
" အေး အဲဒီမှာပေါ့ဆနေကြ...မင်းတို့ ရွာစဉ်လှည့်တဲ့အချိန် မင်းတို့ကိုမယုံကြည်သူတွေက နည်းလမ်းမျိုးစုံနဲ့စမ်းကြမှာ မင်းတို့မလုပ်ရင် မင်းတို့ပဲခံရမှာ။ အေး မင်းတို့ခံရတာက ကိစ္စမရှိဘူး ငါတို့ရွာနာမည်ပျက်မယ်ကွ နားလည်လား"
ဘကြီးသောင်းစကားအဆုံးမှာ မောင်စိုး ဇက်ကလေူပုသွားပြီး ခေါင်းငိုက်ကျသွားတယ်။
" ကဲကဲ လူသစ်တွေ အားလုံး ဘယ်နှစ်ယောက်လဲ ဒီမှာ လာတန်းစီပြီးထိုင်ကြ"
ဆယ်ကျော်သက်လူငယ်တွေအများစုကတော့ ဘကြီးသောင်းအရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး လက်အုပ်လေးတွေချီထားလိုက်ကြတယ်။
" အားလုံးအသင့်ဖြင့်ရင် အမွှေးနံ့သာပေးလိုက်"
ဘကြီးသောင်းစကားကြောင့် ဦးထွန်းဖြူက ငွေဖလားထဲမှာ နံ့သာနဲ့ရေရောထားတဲ့အရည်တွေကို သပြေခက်နဲ့ဆွတ်လိုက်ပြီး လက်အုပ်ချီထားကြတဲ့ လူငယ်တွေရဲ့ လက်ပေါ်ကိုဖြန်းပေးလိုက်တယ်။
" အခုကစပြီး မင်းတို့ကဘုရားကိုသာအာရုံပြုထား ဘာမြင်မြင်မလန့်နဲ့ ကြောက်လဲမကြောက်နဲ့ ကြားလား"
" ဟုတ်ကဲ့ ဘကြီးသောင်း"
နတ်စီးရှင်ရွေးပွဲက စတင်ခဲ့လေပြီ။ လိပ်ပြာလှတဲ့သူအချို့ကတော့ မိနစ်အနည်းငယ်အတွင်း ဝင်စီးသွားကြပြီး အချို့ကျတော့ ခြေထောက်သာ ညောင်းသွားတယ် လက်ကလေးတောင်မလှုပ်ခဲ့ကြဘူး။
မင်းညိုလဲ ဝင်ပူးနေကြတဲ့သူတွေကို စိတ်ဝင်တစားကြည့်နေရင်း သူ့ရဲ့လက်နှစ်ဖက်က ငှက်ဖျားတက်သလို တစ်ဆတ်ဆတ်တုန်လာတာကိုသတိထားမိလိုက်တယ်။
" ဟင် ငါ့လက်က ထုံပြီး တစ်ဆတ်ဆတ်တုန်နေပါလား ..."
မင်းညိုက တုန်နေတဲ့လက်နှစ်ဖက်ကို ခြေထောက်ကြားထဲထည့်ပြီး ထိန်းလိုက်ပေမယ့် တုန်နေတဲ့အရှိန်ကရပ်မသွားခဲ့ပေ။
" ဘကြီးသောင်း ဘကြီးသောင်း ဟိုမှာ မင်းညိုရဲ့ လက်တွေတုန်နေတယ် နတ်ဝင်စီးနေပြီလားမသိဘူး"
လူအုပ်ထဲကနေ အော်ပြောလိုက်တဲ့အသံကြောင့် ဘကြီးသောင်း ထိုင်နေရာကနေ မင်းညိုရှိတဲ့ဘက်ကိုထလာပြီး
" မင်းညို လာ.. ဘုရားအရှေ့ကိုလာခဲ့" ဆိုပြီးခေါ်သွားခဲ့တယ်။
" ထွန်းဖြူ မင်းညိုကိုအမွှေးနံ့သာပေးလိုက်"
ဘကြီးသောင်းစကားကြောင့် ဦးထွန်းဖြူက မင်းညိုကိုအမွှေးနံ့သာပေးလိုက်တဲ့အချိန်
" ဘကြီးသောင်း ဖြစ်ပါ့မလား ..."
" ဘာလို့မဖြစ်ရမှာလဲကွ ... မင်းလဲကြောက်ဖို့မလိုဘူး ဘုရားကိုသာအာရုံပြုထား""
မင်းညိုလဲ မထူးတော့တဲ့အတွက် လက်အုပ်ချီပြီး ဘုရားကိုအာရုံပြုလိုက်တဲ့အချိန် တောင်ဝှေးတစ်ချောင်းကို တစ်ဒေါက်ဒေါက်နဲ့ထောက်ပြီး သူ့အရှေ့တည့်တည့်ကိုဝင်လာတဲ့အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။ အဖိုးအိုကသူ့ရှေ့လဲရောက်ရော ရင်ဘတ်တည့်တည့်ကို တောင်ဝှေးနဲ့ထိုးချလိုက်ရာ ဆောင့်ကြောင့်ထိုင်နေတဲ့ မင်းညိုတစ်ယောက် အနောက်ကို ပက်လက်လန်ကျသွားခဲ့တယ်။
" မင်းညို ဘာဖြစ်တာလဲ"
" အဘိုးအိုတစ်ယောက် ကျွန်တော်ရင်ဘတ်ကို တောင်ဝှေးနဲ့လာထိုးလို့လဲကျသွားတယ်"
" ဟုတ်ပီ နောက်တစ်ခါ အဲလိုလာထိုးရင် စိတ်ကိုနဂိုထက်ပိုပြီးဖျော့ချလိုက်... တစ်ခုခုထူးခြားလာလိမ့်မယ်"
မင်းညိုလဲ ပုဆိုးကိုတိုတိုပြင်ဝတ်ပြီး ပြန်ထိုင်လိုက်တဲ့အချိန် ခုနကတွေ့တဲ့အဖိုးအိုပြန်ရောက်လာပြီး တောင်ဝှေးနဲ့ထိုးမလို့လုပ်ပြီးမှ လျင်မြန်တဲ့အရှိန်နဲ့ ဂုတ်ပိုးကိုဆွဲမသွားပါလေရော။
မင်းညိုတစ်ယောက် တစ်ယောက်ယောက်က ဂုတ်ကနေဆွဲမသလိုခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ခဲဆွဲထားသလိုလေးလံနေတာကိုခံစားလိုက်ရတယ်။
" ဘေးကနေ ရံထားကြ ... လူသစ်ဆိုတော့ ပုဂ္ဂိုလ်စီးတဲ့ဒဏ်ကိုမခံနိုင်သေးဘူး" ဆိုပြီးအော်ပြောလိုက်တဲ့ ဘကြီးသောင်းရဲ့အသံကို ဝိုးတဝါးကြားလိုက်ရတယ်။
မင်းညိုလဲ မှိတ်ထားတဲ့မျက်လုံးကိုဖွင့်ဖို့ကြိုးစားပေမယ့် မျက်ခွံနှစ်ခုက ကော်နဲ့ကပ်ထားသလိုစေးကပ်နေခဲ့တယ်။ အဲဒီအချိန်
" လူလေး ... အဖိုးကို သိလား" ဆိုတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ သူ့ဘေးမှာ မတ်တပ်ရပ်နေတဲ့ အဖိုးအိုကိုအာရုံထဲမှာမြင်လိုက်ရတယ်။
" အဖိုးက ဘယ်သူလဲ ... "
" အဖိုးက ဒီရွာကိုစောင့်ရှောက်တဲ့ ရွာစောင့်အဖိုးပဲကွဲ့"
အဖိုးအိုစကားအဆုံးမှာ မင်းညိုရဲ့ကိုယ်ကို လူအချို့ဆွဲကိုင်လှုပ်နှိုးနေတာခံစားလိုက်ရတယ်။
" မင်းညို မင်းညို သတိရပြီလား"
ဂုတ်ပိုးကိုနှိပ်ပြီးမေးလိုက်တဲ့ ဦးထွန်းဖြူစကားကြောင့် မင်းညိုသတိပြန်ရလာပြီး
" ရပြီ ဦးလေး မောတော့မောနေသေးတယ်"
" ခုနက မင်းကိုဝင်ပူးတာ ရွာစောင့်အဖိုးတဲ့"
" ဟင် ဦးလေးတို့ကဘယ်လိုသိတာလဲ"
" ဘယ်လိုသိရမှာလဲ မင်းရဲ့နှုတ်ကနေ ပြောတာလေ"
မင်းညို အံ့ဩစွာနဲ့ ဦးထွန်းဖြူကိုကြည့်နေတဲ့အချိန် ဘကြီးသောင်းရောက်လာပြီး -
" မင်းကတော့ အတော်လိပ်ပြာလှတဲ့ကောင်ပဲ ဒီနေ့တော့မင်းလဲပင်ပန်းသွားပြီဆိုတော့ခဏနားလိုက်ဦး အမောပြေရင် နောက်တစ်ခါပြန်ဝင်ကြည့်"
ဘကြီးသောင်းက မင်းညိုကိုအနားပေးပြီး အခြားလူငယ်တွေကို အကဲခတ်လေ့လာနေခဲ့တယ်။ ခဏကြာတော့ မင်းညိုကို ဘုရားရှေ့ပြန်ထိုင်ခိုင်းပြီး အာရုံပြုခိုင်းပြန်ရော။
ဒီတစ်ခါမှာတော့ မင်းညိုဆီကို ခါးမောက်တစ်လုံးကိုကျောမှာလွယ်ထားပြီး အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက် ဇွတ်အတင်းပြေးဝင်လာခဲ့တယ်။ သူ့ရဲ့အနောက်မှာတော့ ခါးမောက်တစ်လုံးနဲ့လူတစ်ယောက်ကရပ်ပြီးကြည့်နေခဲ့တယ်။
မင်းညိုလဲ ခါးမောက်နဲ့ပုဂ္ဂိုလ်သူ့ရှေ့လဲအရောက် နားထဲမှာ ရှမ်းအိုးစည်တီးသံတွေကို နားဝင်ချိုစွာကြားလိုက်ရတယ်။ ရှမ်းအိုးစည်သံကြားတာနဲ့ သူ့ဘေးမှာရပ်နေတဲ့ပုဂ္ဂိုလ်က ရှမ်းဓါးသိုင်းအကကို တစ်ကွက်ချင်းကွေးနေအောင်ကပါလေရော။ မင်းညိုလဲ အရမ်းလှတဲ့ရှမ်းဓါးသိုင်းအကကို ကြည့်နေရင်း ကနေတဲ့ပုဂ္ဂိုလ်ကမင်းညိုနားမလည်တဲ့ ရှမ်းစကားနဲ့ တစ်ခုခုကိုလှမ်းပြောတာကြားလိုက်ရတယ်။
" အခုကျွန်တော်ဘေးမှာရှိနေတာ ဘယ်သူများလဲသိခွင့်ရှိမလား"
မင်းညိုက သူနားလည်သလိုမေးလိုက်တော့ ခါးမောက်လွယ်ထားတဲ့သူက မျက်နှာကိုအောက်ချပြီး
" ငါ့နာမည် ခွန်ချို" လို့ပြောကာ ဘုရားစောင်းတန်း ဘက်ကိုထွက်သွားခဲ့တယ်။
မကြာခင် မင်းညိုရဲ့ တင်ပါးကို ပုတ်ပြီး
" မင်းညို မင်းညို သတိရပီလား"လို့ပြောနေတဲ့အသံကိုကြားလိုက်ရတယ်။
" အား ကျွတ် ကျွတ် ... ခေါင်းတစ်ခုလုံးလေးနေပါလား "
" လူသစ်တွေဆိုတော့ ပုဂ္ဂိုလ်စီးတဲ့ဒဏ်ကို ဘယ်ခံနိုင်ဦးမလဲ နောက်တော့ကျင့်သားရသွားမှာပါ"
ဘကြီးသောင်းက မင်းညိုပခုံးကိုပုတ်ကာအားပေးရင်း ဒီည စမ်းသပ်မှုကိုရပ်နားခဲ့တယ်။
နောက်နေ့ကျတော့ ထွန်းလှက မနက်အစောကြီး လာနှိုးပြီး နွားကျောင်းဖို့ခေါ်သွားခဲ့တယ်။ စားကျက်ရောက်တော့
" မင်းညို မနေ့ညက မင်းကတဲ့ ရှမ်းဓါးသိုင်းက အရမ်းလှတာပဲကွာ ခြေဖျားထောက်ပြီး ဖင်နဲ့ကြမ်းထိလုထိခင် ထိလုထိခင်လေးကတာ တကယ်ကြည့်ကောင်းတယ်"
" ဟေ ဟုတ်လား ငါကအဲလိုကနေတာလား"
" ဟုတ်တယ်လေ ဘာလဲမင်းမသိဘူးလား"
" ငါမသိဘူးရော် ငါအရှေ့မှာ ခါးမောက်နဲ့လူတစ်ယောက် အဲလိုကနေတာကို ထိုင်ကြည့်နေတာ"
" အဲဒါတော့ငါလဲမသိဘူး ဒီနှစ် နတ်ဦးရှင်ကြီးနေရာကို မင်းဝင်ရမှာတော့ သေချာသလောက်ရှိတယ်"
" မဖြစ်နိုင်တာ ငါကအခုမှ စဝင်ဖူးတာလေ ငါ့ထက် ဝါရင့်သမ္ဘာရင့်အကိုတွေရှိနေတာပဲ မဖြစ်နိုင်ပါဘူးကွာ"
" ဖြစ်နိုင်နိုင် မနိုင်နိုင်ကွာ မင်း ဝင်တဲ့အခါ ငါကမင်းဘေးမှာ နတ်ထိန်းလုပ်ပေးမယ် ရွာထဲက အပျိုမလေးရှိတဲ့အိမ်ကိုရွေးတက်နော် ဟိဟိ"
ထွန်းလှစကားကြောင့် မင်းညို ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
" လက်စသတ်တော့မင်းက အပျိုပိုးဖို့ ငါ့အနောက်လိုက်ချင်နေတာကိုး" လို့ပြောကာ စားကျက်အပြင်ကိုထွက်လုဆဲဆဲဖြစ်နေတဲ့ နွားထီးဘက်ကို လေးခွနဲ့ပစ်လွှတ်လိုက်တယ်။
ဒီလိုနဲ့ မင်းညိုလဲ သက်သက်လွတ်စား ပုတီးတွေပုံမှန်စိပ်လာခဲ့တာ လိပ်ပြာကပိုပိုလှလာခဲ့သလို သူ့ဆီဝင်မယ့်ပုဂ္ဂိုလ်တွေကလဲ အလွန်များလာခဲ့တယ်။ နတ်တော်လလယ်တစ်ညမှာတော့ဘကြီးသောင်းက မင်းညိုတစ်ယောက်ကိုပဲသီးသန့်ခေါ်ပြီး
" မင်းညို ဒီတစ်ခါ မင်းဘာကိုမှအာရုံမထားပဲ ဘုရားကိုပဲအာရုံပြုထား ပြီးရင် မင်းဘာမြင်လဲ ငါ့ကိုပြော" လို့ပြောခဲ့တယ်။
မင်းညိုလဲ ဆောင့်ကြောင့်ထိုင်ပြီး ဘုရားကိုအာရုံပြုလိုက်တဲ့အချိန် ထန်းရွက်တစ်ရွက်စာလောက်ရှိတဲ့ ဒေါင်းတောင်နှစ်လက်ကို မျက်နှာမှာကွယ်ပြီး သူ့အရှေ့မှာဖွားခနဲပေါ်လာတဲ့ မိန်းမတစ်ယောက်ကိုမြင်ပြီး အနောက်ကိုလန်ကျသွားခဲ့တယ်။
" မင်းညို ဘာတွေ့လို့လဲ"
" ဟို ဟို ထန်းလက်လောက်ကြီးတဲ့ ဒေါင်းတောင်နှစ်လက်ကိုမျက်နှာမှာကွယ်ပြီး ကျွန်တော်ဆီဝင်လာတာမြင်လို့ လန့်သွားတာ"
" ပြီးတော့ရော ဘာမြင်သေးလဲ"
" ကျွန်တော်ဘေးမှာ အခြားပုဂ္ဂိုလ်တွေအများကြီးရှိနေတယ် သူတို့က ကျွန်တော်ဆီမလာပဲ ခပ်လှမ်းလှမ်းကနေကြည့်နေကြတာ"
" ဟုတ်တယ် မင်းဆီကို ပုပ္ပါးမယ်တော်ကလွဲပြီး ဘယ်သူမှမဝင်ဖို့ ငါအမိန့်ပြန်ထားခဲ့တာ ဒါကြောင့် အခြားပုဂ္ဂိုလ်တွေ အဝေးကနေပဲကြည့်နေခဲ့တာပေါ့"
" ဗျာ ဒါဆို ခုနကလာတဲ့သူက ပုပ္ပါးမယ်တော်မယ်ဝဏ္ဏဆိုတာလား"
" သေချာတာပေါ့ ကဲ အခု ထပ်ပြီထိုင်လိုက်ဦး ဒီတစ်ခါတော့ စိတ်ကိုလုံးဝလျော့ချလိုက် သူဝင်ချင်ရင်ပေးဝင်လိုက်"
" ဟုတ်ကဲ့ ဘကြီးသောင်း"
ဒီတစ်ခါမှာတော့ မင်းညိုဆီကို ခါးထိကျနေတဲ့ဆံပင်ဖြူတွေအပြင်မျက်နှာနဲ့ခြေထောက်ထိလုထိခင်ဖြစ်နေတဲ့အဖိုးအိုတစ်ယောက် လမ်းလျောက်လာနေကိုမြင်လိုက်ရတယ်။ အဖိုးအိုက မင်းညိုအရှေ့လဲရောက်ရော အောက်ငုံထားတဲ့မျက်နှာကို ရုတ်တရက်မော့ကြည့်လိုက်ရာ
" ဟာ အရမ်းကိုချောမောလွန်းတဲ့မျက်နှာပါလား ခန္ဓာကိုယ်ကအသက်ရှစ်ဆယ်လောက်ဖြစ်နေပေမယ့် မျက်နှာက အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်လိုနုဖတ်နေပါလား" ဆိုပြီးရေရွတ်လိုက်မိတယ်။
အဖိုးအိုရဲ့ညာဘက်ဘေးမှာတော့ လူကြီးခါးစောင်းလောက်ရှိတဲ့ကျားတစ်ကောင်က ငှက်ပျောသီးတစ်ဖီးကိုပါးစပ်နဲ့ကိုက်ကာရပ်နေပြီး ဘယ်ဘက်မှာတော့ လူကြီးတစ်ဖက်စာလောက်ရှိတဲ့မိကျောင်းတစ်ကောင်ရှိနေခဲ့တယ်။
အဖိုးအိုက မင်းညိုခေါင်းကိုလက်နဲ့ပုတ်ပြီး
" ရွာစဉ်လှည့်တဲ့အခါ ကညွတ်ကွင်းရွာရဲ့ နတ်ကွန်းဘေးကအိမ်ကိုသတိထားနော်" လို့ပြောပြီး ပြန်ထွက်သွားခဲ့တယ်။
အဖိုးအိုထွက်သွားတော့ မင်းညိုလဲ အိပ်ပျော်နေရာကနေနိုးလာတဲ့သူလိုဖြစ်ပြီး ဘေးကိုကြည့်လိုက်တော့ ဆေးပေါ့လိပ်ကိုဖွာရိုက်နေတဲ့ ဘကြီးသောင်းကိုမြင်လိုက်ရတယ်။
" မင်းညို ဒီနေ့ကစပြီး ဘုရားရှိခိုး ပုတီးစိပ်တာ ပိုပြီးလုပ်ပေတော့ လာမယ့် အပတ် စနေနေ့ ငါတို့ရိုးရာနတ်ပွဲစမယ် အဲဒီအခါ မင်းက ရေငံပိုင်နတ်ဦးရှင်နေရာကနေ ဦးဆောင်ပြီး ရွာသုံးရွာကိုလှည့်လည်ရလိမ့်မယ်"
" ဗျာ ကျွန်တော်က ... ရေငံပိုင်နတ်ဦးရှင်နေရာယူရမယ် ဟုတ်လားဘကြီး"
" အေး မင်းလိုလိပ်ပြာလှတဲ့သူ ငါတို့ရွာမှာတစ်ယောက်မှမရှိဘူး ကျန်တဲ့သူတွေအားလုံးလဲသဘောတူတယ် "
" ဘကြီး တစ်ခုလောက်ပြောလို့ရလား "
" အေး ပြောလေ"
" ကျွန်တော်အနေနဲ့ ဒီတစ်နှစ်ပဲ နတ်ဦးရှင်နေရာယူပါရစေ။ နောက်နှစ်တွေကျရင်တော့ အရင်စီးနေကျ ဦးလေးထွန်းဖြူကိုပဲပေးဝင်ပါနော် ခုနက ကျွန်တော်ကိုဝင်စီးတဲ့ဝိတ်က အရမ်းလေးတယ် ရေရှည်ကျွန်တော်နဲ့ဖြစ်မှာမဟုတ်ဘူး"
" အေးပါ ဒီနှစ်က ရုပ်ထုအသစ်ကို အသက်သွင်းရေချမှာဖြစ်လို့မင်းကိုရွေးလိုက်တာ၊ နောက်ပြီး ဘာမှစိတ်မပူနဲ့ တကယ့်ပွဲနေ့ရောက်ရင် လိုအပ်တဲ့အစီအရင်အားလုံး ငါလုပ်ပေးမှာပါ"
ဘကြီးသောင်းစကားကြောင့် မင်းညို စိတ်အေးသွားပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ ပွဲနေ့ရောက်တော့ ဘကြီးသောင်းက ဘယ်သူက ဘယ်ပုဂ္ဂိုလ်ဝင်ရမယ်ဆိုတာကို စာရင်းနဲ့ချပြပြီး အုန်းရေနဲ့ဖျော်ထားတဲ့ အင်းပြာရည်ကိုသောက်ခိုင်းခဲ့တယ်။
ပွဲစတော့ ရွာစောင့်နတ်ကိုအရင်သွင်းလိုက်တယ်။ ပြီးတာနဲ့ နတ်ဦးရှင်ကိုပင့်တဲ့အချိန် မင်းညိုတစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုန်ကာ သစ်ရွက်တစ်ရွက်လိုပေါ့ပါးသွားခဲ့တယ်။ လက်ကလဲ နတ်ထိန်းတွေကမ်းပေးတဲ့ ဝတ်ရုံကိုအလိုအလျောက်လှမ်းယူပြီး ဝတ်ချလိုက်တာ တကယ့်ကန္နားစီးအတိုင်းလှပသေသပ်နေခဲ့တယ်။
နတ်ဦးရှင်ပြီးတာနဲ့
မှော်ဘီရှင်နတ်
ဓမ္မပေါက်ဆိန်နတ်
ကိုယ်တော်ကြီး၊ကိုယ်တော်လေး
တောင်ပြုံးကမောင်ဖုန်း
ကိုးမြို့ရှင်နဲ့သားနှစ်ပါးခွန်ချိုခွန်သာတို့ဝင်ရောက်လာခဲ့ကြတယ်။
ဒီလိုနဲ့ပွဲလဲစရော မင်းညိုတို့အစွမ်းပြပါလေရော။ ဆိုင်းကလဲ မြို့ပေါ်မှာနာမည်ကြီးတဲ့ ဗိုလ်လက်ဝါးဆိုင်းကိုငှားထားတဲ့အတွက် နတ်ဒိုးသံတွေကြားမှာ မင်းညိုရဲ့အသိစိတ်က ပျောက်လိုက်ပေါ်လိုက်နဲ့ဖြစ်နေခဲ့တယ်။ ဘကြီးသောင်းကတော့ ရုပ်ထုအသစ်ကို အသက်သွင်းပြီးတာနဲ့ ရေငံပိုင်နတ်ကွန်းရှေ့မှာ လက်တစ်ဝါးစာပဲရှိတဲ့ ဝါးပိုးဝါးကိုစိုက်ချလိုက်တယ်။
မင်းညိုလဲ ဘကြီးသောင်းလုပ်နေတာကို မြင်နေရတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရပဲ လှစ်ခနဲဆိုသလို ဘယ်သူမှတားချိန်မရလိုက်ပဲ ဝါးပိုးဝါးပေါ်ကို စွေ့ကနဲခုန်တက်ကာ မတ်တပ်ရပ်နေပါလေရော။
လူကြီးတစ်ယောက်ရင်ခေါင်းလောက်ရှိတဲ့ ဝါးပိုးဝါးပေါ်ကိုခုန်တက်ဖို့ဆိုတာ သာမန်လူအဖို့ဘယ်လိုမှမဖြစ်နိုင်တာသိတဲ့ ရွာသားတွေက သူ့ထက်ငါအလုအယက်အနားတိုးလာပြီး ဘောင်းတော်ထဲကို ငွေတွေထိုးထည့်ကာ ပူဇော်ခဲ့ကြတယ်။
အဲဒီနေ့ကစပြီး မင်းညိုဆိုတဲ့နာမည်က ခင်တန်းရွာသာမက ရွာနီးချုပ်စပ်အထိနာမည်ကြီးသွားကာ အခြားရွာတွေရဲ့ ရိုးရာပွဲတွေမှာ ပါဝင်ကူညီဖို့ လာရောက်ပြောဆိုတဲ့ထိဖြစ်ခဲ့တယ်။ ဒါပေမယ့် မင်းညိုကတော့ သူ့ဇာတိရွာရဲ့ ရိုးရာပွဲကလွဲပြီး ဘယ်ရွာကိုမှမလိုက်ဘူးဆိုတဲ့အကြောင်းပြတ်ပြတ်သားသားပြောဆိုခဲ့တယ်။
နောက်နှစ်ကျတော့ မင်းညိုက တောင်ပြုံးမင်းနှစ်ပါးထဲမှာ အငယ်ဖြစ်တဲ့ ကိုယ်တော်လေးနေရာကနေ ဝင်ပါခဲ့တယ်။ ကိုယ်တော်လေးနေရာမှာလဲ မင်းညိုတို့အစွမ်းပြပါလေရော။
ဘယ်လိုမှမထောင်နိုင်တဲ့ ဂုံညှင်းကို ကြမ်းပေါ်မှာထောင်ပြခြင်း၊ ငါးပေလောက်အကွာကနေ ကြွေစေ့ကို လက်ဖက်ရည်ပန်းကန်လုံးနှုတ်ခမ်းပေါ်မှာလည်နေအောင်ပစ်ပြခြင်းတွေကိုပြသခဲ့တယ်။ မင်းညိုနာမည်ကြီးလာတော့ အချို့တွေက အိမ်တံခါးကိုအပြင်ကနေအသေပိတ်ပြီး အထဲမှာကန်တော့ပွဲနဲ့ စောင့်နေတာမျိုးတွေလဲကြုံခဲ့ရတယ်။
မင်းညိုကိုဒါမျိုးလာလုပ်လို့ကတော့ ဝင်စီးနေတဲ့ ပုဂ္ဂိုလ်တွေက ရင်စည်းစကိုဆွဲပြီး အိမ်ရှေ့ထိဆွဲခေါ်သွားတတ်ကြတယ်။အချို့အိမ်တွေဆိုရင် ခါးစောင်းလောက်ရှိတဲ့ မီးပုံကြီးပုံပြီး ပုဂ္ဂိုလ်စစ် ပုဂ္ဂိုလ်မှန်ဆိုရင် ဒီမီးပုံပေါ်မှာမတ်တပ်ရပ်နိုင်ရမယ်ဆိုပြီး စမ်းသပ်တာတွေလဲရှိခဲ့တယ်။ မင်းညိုကတော့ မီးပုံပေါ်လဲမတ်တပ်ရပ်ပြီး အစွမ်းပြသလို၊ ကန်တော့ပွဲအုန်းကိုအလုံးလိုက်ဖြုတ်ပြီး ထက်ခြမ်းကွဲအောင် လေပေါ်ပစ်တင်ခေါင်းနဲ့တိုက်တာမျိုးတွေကိုပါပြသခဲ့တယ်။
မင်းညိုတို့ရွာစဉ်လှည့်ပြီးဟေ့ဆိုရင် အနောက်မှာ ကလေးအုပ်က သုံးလေးဆယ်လောက်ရှိတယ်။ ဘာကြောင့်ဆိုတော့ မင်းညိုတို့ကိုဆက်သတဲ့အချိုရည်တွေကိုဗိုက်ပြည့်တဲ့ထိသောက်ရလို့ပဲ။ ဒီလိုနဲ့ ရိုးရာပွဲတွေမှာပါဝင်ခဲ့တာ ခုနှစ်နှစ်မြောက်မှာတော့ ဘုရားပေါ်မှာလူထူးဆန်းတစ်ဦးနဲ့ကြုံတွေ့ခဲ့တယ်။
တစ်နေ့ မင်းညို ဘုရားရှိခိုး ပုတီးစိပ်ပြီး အထ သူ့ဘေးမှာ ပုတီးကိုတစ်ဂျောက်ဂျောက်မြည်အောင် စိပ်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ ဟောင်းနွမ်းနေတဲ့ယောဂီဝတ်စုံကိုဝတ်ထားပေမယ့် သူ့ရဲ့အသားရည်က ရွှေအဆင်းလိုဝင်းဝါနေခဲ့တယ်။ မှိတ်ထားတဲ့မျက်လုံးတွေပေါ်မှာတော့ ဖြောင့်တန်းနေတဲ့မျက်ခုံးတွေ၊ စင်းကျနေတဲ့နှာတံတွေကြောင့် ဘေးတစ်စောင်းကြည့်ရုံနဲ့တင် အတော်ရုပ်ဖြောင့်မယ့်သူပဲလို့ တွေးထင်ရတဲ့ထိ ဖြစ်ခဲ့တယ်။ဒါပေမယ့်လည်း သာမန်ပုတီးလာစိပ်တဲ့သူ ဖြစ်မှာပါဆိုပြီး အမှုမဲ့အမှတ်မဲ့နေခဲ့တယ်။
တစ်နေ့မှာတော့ မြို့ပေါ်မှာ ဘုန်းကြီးဝတ်ပြီး စာဝါသင်ကြားနေတဲ့ အစ်ကိုတစ်ဝမ်းကွဲဖြစ်သူရွာကို ရောက်လာပြီး
" ဒကာမကြီး မင်းညိုကို ရွာမှာထားရင် နွားကျောင်း လယ်လုပ်နဲ့ပဲအချိန်ကုန်သွားလိမ့်မယ်"
" ဒါဆို တပည့်တော်မဘယ်လိုလုပ်ရမလဲ"
" အခု ဦးဇင်းတို့နေတဲ့စာသင်တိုက်မှာဆိုရင် ပရိယတ္တိစာပေတွေကိုသင်ကြားပေးသလို အတန်းကျောင်းပညာတွေကိုလဲသင်ပေးတယ် မင်းညိုက ရွာမှာ ဘယ်နှစ်တန်းထိနေခဲ့ဖူးလဲ"
" သုံးတန်းလို့ထင်တာပဲ နှစ်တွေကြာပီဆိုတော့ တပည့်တော်လဲသိပ်မမှတ်မိဘူး"
" ဒီလောက်ဆို စာရေးစာဖတ်တော့ရမှာပေါ့ .. ဒကာမကြီးလဲ နောက်ဆိုရဟန်းအစ်မ ကျောင်းအစ်မဖြစ်ရင်ဖြစ်လာမှာ"
" ဦးဇင်းပြောတာဟုတ်ပါတယ် ဒါပေမယ့် မင်းညိုရဲ့ဆန္ဒကိုလဲမေးကြည့်ပါရစေဦး"
" ကောင်းပါပြီ မင်းညိုသာ ဆန္ဒရှိမယ်ဆိုရင် ရွာမှာပဲ ရှင်ပြုပြီး မြို့ပြန်တဲ့အခါ တစ်ပါထဲခေါ်သွားချင်တယ် ဒကာမကြီး မေးမြန်းပြီး ဦးဇင်းကိုပြန်ပြောပေါ့ "
ဦးဇင်းငယ်စကားအဆုံးမှာ မင်းညိုရဲ့မိခင်က ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ကျောင်းပေါ်ကနေပြန်ဆင်းလာခဲ့လိုက်တယ်။ အိမ်ကိုရောက်တော့ မင်းညိုကို အကျိုးအကြောင်းပြောပြတဲ့အခါ
" အမေ စီစဉ်တာဆိုရင်တော့ ကျွန်တော်လိုက်နာပါမယ် ရွာမှာနေရင် အမေပြောသလိုပဲဘဝကုန်ဆုံးမှာ ဒါကြောင့် ဦးဇင်းငယ်ပြန်ရင် ကျွန်တော်လိုက်သွားတော့မယ်"
မင်းညိုစကားကြောင့် မိခင်ဖြစ်သူ ပြုံးပျော်သွားပြီး ရှင်ပြုဖို့ရက်ကောင်းရက်သားရွေးဖို့အတွက် စဉ်းစားရပြန်တယ်။ အားလုံးတိုင်ပင်ရက်ကောင်းရွေးပြီးတဲ့ အချိန်ရောက်တော့ မင်းညို သစ်ပင်ပေါ်ကပြုတ်ကျလို့ လက်အဆစ်ရောင်သွားခဲ့တယ်။
လက်အဆစ်ရောင်သွားတာကြောင့် ရှင်ပြုမယ့်ရက်ကို နောက်ဆုတ်လိုက်ရတယ်။ ဒီလိုနဲ့ တစ်လလောက်ကြာတော့ ဒုတိယအကြိမ်ပြန်စီစဉ်ပြန်တယ်။ ဒီတစ်ခါမှာလဲ မိခင်ဖြစ်သူက ရုတ်တရက် အပြင်းဖျားပါလေရော။ မင်းညိုလဲ အကြိမ်ကြိမ်အခါခါလွဲနေတော့ စိတ်ထဲနည်းနည်းထင့်လာပြီး ဘကြီးသောင်းဆီကိုထွက်လာခဲ့လိုက်တယ်။
" မင်းညို ငါ့အထင်ပြောရရင် မင်းရဲ့ပုဂ္ဂိုလ်တွေက သာသနာဘောင်မဝင်စေချင်ဘူးထင်တယ် "
" ကျွန်တော်လဲ ဘကြီးပြောသလိုထင်မိတယ် တစ်ခါတစ်လေ အိပ်နေရင်း ကျားဟိန်းသံလိုလို လူတစ်ယောက်တောက်ခတ်သံလိုလိုတွေကြားရတယ်။ အခုလဲ ရှင်ပြုဖို့စီစဉ်တာနဲ့ တစ်ခုမဟုတ်တစ်ခုဖြစ်တာပဲ။ ကျွန်တော်ဘာလုပ်ရမလဲ"
" ဘကြီးပြောချင်တာက ဒီည ရွာဦးဘုရားကိုသွားပြီး သူတို့အတွက်ရည်စူးပြီးကုသိုလ်လုပ်အမျှဝေပေးပါ။ ပြီးရင် သာသနာဘောင်ဝင်ဖို့အတွက် မနှောက်ယှက်ကြဖို့ မေတ္တာရပ်ခံကြည့်ပါ"
" ဟုတ်ကဲ့ ဘကြီးပြောတဲ့အကြံမဆိုးဘူး။ ကျွန်တော် ဒီညလုပ်လိုက်ပါ့မယ်"
မင်းညိုလဲ ညဦးပိုင်းရောက်တော့ ပန်းဆီမီးတွေနဲ့ ဘုရားကိုပူဇော်ပြီး ပုတီးစိပ်နေခဲ့တယ်။ ပုတီးစိပ်နေရင်း သဇင်ပန်းတွေခေါင်းတစ်ခုလုံးဝေဆာနေအောင် ပန်ထားတဲ့ လူနှစ်ယောက်က မျက်စိအရှေ့မှာ ခါးထောက်လျက်အနေအထားပေါ်လာခဲ့တယ်။ မင်းညိုလဲ ပေါ်လာတဲ့သူတွေကို သေချာကြည့်လိုက်တော့ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ နှာတံစင်းစင်း၊ မျက်ခုံးတွေက တစ်ခုနဲ့တစ်ခုဆက်နေတဲ့ ကုလားစင်လူငယ်နှစ်ယောက်ဖြစ်နေခဲ့တယ်။
သူတို့ကမင်းညိုကိုကြည့်ပြီး လက်ညိုးတစ်ထိုးထိုးနဲ့ မျက်စောင်းထိုးလိုက် ခြေဆောင့်လိုက်လုပ်ရင်း မကျေမနပ်ဖြစ်နေခဲ့တယ်။ မင်းညိုလဲ အာရုံကို စိတ်ထဲကြာကြာမထားပဲ ဘုရားကိုအာရုံပြုလိုက်ရာ မြင်နေရတာတွေအကုန်ပျောက်သွားခဲ့တယ်။ မကြာခင် တရားထိုင်နေတဲ့ဘေးမှာ လူတစ်ယောက် ပုတီးစိပ်နေတဲ့အသံကိုထပ်ကြားလိုက်ရတယ်။
မင်းညို ပုတီးစိပ်နေတဲ့အချိန် ပုဂ္ဂိုလ်အတော်များများသူ့ဆီကိုလာကြတာကိုမြင်တွေ့ခဲ့ရတယ်။ အဲဒီထဲကမှ ကုလားစင်ရုပ်ရည်နဲ့ပုဂ္ဂိုလ်နှစ်ဦးက အတော်ကိုစိတ်ဆိုးတဲ့ဟန်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ ပုတီးစိပ်အမျှဝေပြီးလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် လွန်ခဲ့တဲ့ တစ်လလောက်က မြင်ခဲ့ရတဲ့သူကို ဘေးမှာထပ်မြင်လိုက်ရတယ်။
ဒီတစ်ခါမှာတော့ ဘေးမှာထိုင်နေတဲ့သူက ပုတီးစိပ်မနေပဲ ဆီစိမ်စက္ကူပေါ်မှာ စာလုံးအက္ခရာအချို့ကို ထိုင်ရေးနေခဲ့တယ်။ မင်းညိုလဲ အထူးအဆန်းအနေနဲ့ ဘာတွေရေးနေတာလဲဆိုပြီးကြည့်လိုက်တဲ့အချိန်
" ဒါက လေးကွက်အင်းလို့ခေါ်တယ် ၊ ဒီအင်းကို မီးရှို့ပြာချပြီးသောက်ထားမယ်ဆိုရင် ဘယ်လိုနတ်စိမ်းတွေကမှ ရန်မမူနိုင်ဘူး ရော့ မင်းလဲလိုကာမယ်ကာ ဆောင်ထား"
မင်းညိုလဲ သူ့ကိုကမ်းပေးတဲ့ လေးကွက်အင်းကိုယူလိုက်ပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ဆီစိမ်စက္ကူမှာရေးထားတဲ့ အင်းကွက်ကို ဘုရားကျောင်းဆောင်ပေါ်တင်ပြီး အိပ်ယာဝင်လိုက်တယ်။
" ဝေါင်း... ဝေါင်း...."
အိမ်ရှေ့ကနေ ကျယ်လောင်စွာ ဟိန်းလိုက်တဲ့ ကျားဟိန်းသံကြောင့် အိပ်မောကျနေတဲ့ မင်းညိုရော သူ့မိခင်ပါလန့်နိုးလာခဲ့တယ်။
" အမေ ကြားရလား ကျားဟိန်းသံလိုပဲ"
" ဟုတ်တယ် အိမ်ရှေ့ကနေ ဟိန်းဟောက်နေတဲ့အသံလိုပဲ ... ရိုးမထဲက တောကောင်တွေများ မျက်စိလည်လမ်းမှားပြီးရွာထဲဝင်လာတာလားမသိဘူး"
" မဟုတ်လောက်ဘူးအမေ ခဏလေး ကျွန်တော်ကြည့်လိုက်ဦးမယ်"
" မင်းညိုလဲ အိမ်တံခါးကိုအသာဟပြီး ချောင်းကြည့်လိုက်တော့ အိမ်ကိုကြည့်ပြီး မာန်ဖီနေတဲ့ကိုးတောင်ကျားတစ်ကောင်၊ သူ့ရဲ့ဘေးမှာတော့ ရွှေအိုရောင် တောင်ရှည်ကိုဝတ်ထားပြီး လက်ထဲမှာ ဓါးလွတ်တစ်ချောင်းကိုင်ထားတဲ့သူတစ်ဦး"
" ဟင် ဒါ ဒါ ... ကိုယ်တော်လေးမဟုတ်လား"
ကိုယ်တော်လေးသူ့ဆီကိုဝင်စီးရင် အမြဲတွေ့နေကျအဝတ်အစားမို့ မင်းညို ပါးစပ်အဟောင်းသားဖြစ်ခဲ့တယ်။
ကိုးတောင်ကျားရဲ့ကျောပေါ်ကို ခြေထောက်တစ်ဖက်တင်ကာ မင်းညိုကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့အကြည့်ကြောင့် ခြေဖျားလက်ဖျားတွေအေးစက်လာပြီး အိမ်တံခါးကိုပြန်ပိတ်လိုက်တယ်။
နောက်တစ်နေ့မနက်ရောက်တော့ မင်းညို အပြင်းဖျားပါလေရော။ ခေါင်းတစ်ခုလုံးမထူနိုင်အောင် ဘက်ပေါင်းစုံက ထိုးကိုက်တဲ့ဒဏ်ကိုအလူးလဲခံရင်း ဂယောင်ကတမ်းတွေဖြစ်နေခဲ့တယ်။
မင်းညို နေမကောင်းဖြစ်တယ်ကြားတော့ ဘကြီးသောင်းက အိမ်ကိုလာကြည့်ရင်း ဘုရားကျောင်းဆောင်ပေါ်မှာတင်ထားတဲ့ အင်းစာရွက်ကိုမြင်တော့ အံ့ဩသွားပြီး
" မင်းညို ဒီအင်းကို ဘယ်ကရတာလဲ"
ဘကြီးသောင်းစကားကြောင့် မင်းညိုက ဘုရားဘက်ကိုလက်ညိုးထိုးပြီး
" ဘုရားပေါ်မှာ ပုတီးစိပ်နေတဲ့ လူတစ်ယောက်ပေးခဲ့တာပဲ ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိလို့ ဘုရားကျောင်းဆောင်ပေါ်တင်ထားတာ"
" ဒီအင်းကို ပေးတဲ့သူက မင်းကိုဘာမှမပြောခဲ့ဘူးလား"
" အင်း မီးရှို့ပြာချပြီးသောက်ဆိုလားပဲ ဟုတ်တယ် အဲလိုပြောခဲ့တယ်"
မင်းညိုစကားကြောင့် ဘကြီးသောင်းက အင်းစာရွက်ကိုချက်ချင်းမီးရှို့ပြာချပြီး ရေနဲ့ဖျော်တိုက်လိုက်ရာ ခေါင်းထိုးနေတဲ့ဝေဒနာက ချက်ချင်းပျောက်ကင်းသွားခဲ့တယ်။
" မင်းညို ဘယ်လိုနေသေးလဲ.... "
" သက်သာတယ် ဘကြီးသောင်း .. မနက်ကလောက်တော့မထိုးတော့ဘူး"
" အေး မင်းကအတော်ကံထူးတဲ့သူပဲ... "
" ဘာဖြစ်လို့လဲ "
" မင်းနဲ့ဆုံခဲ့တဲ့သူက သာမန်လူမဟုတ်လောက်ဘူး ဒီအင်းစမက ငါတို့လက်ရှိသုံးနေတဲ့ အင်းနဲ့တူနေတယ် ထူးခြားတာက သူ့ရဲ့လက်ရေးပဲ"
" သူ့လက်ရေးကဘာဖြစ်လို့လဲ"
" သူရေးထားတဲ့စာက ရှေးကုန်းဘောင်ခေတ်က စာလုံးတွေဖြစ်နေတယ် မင်း စဉ်းစားကြည့်ကွာ ဒီဘက်ခေတ်မှာ ဘယ်သူက ကုန်းဘောင်ခေတ်က စာလုံးရေးတတ်မှာလဲ"
" သူက ဘုရားပေါ်ကို တစ်ခါတစ်လေ လာတတ်တယ် ဒီညနေ ကျွန်တော်တို့သွားကြည့်ကြမလား"
" ငါတို့သွားလဲတွေ့မှာမဟုတ်ဘူး သူက မင်းကိုဒီအင်းစမပေးချင်လို့သာရောက်လာခဲ့တာလို့ထင်တယ် မင်းလဲ ကိုရင်ဝတ်ခါနီး ပြဿနာတစ်ခုပြီး တစ်ခုတက်နေတာ ဒီတစ်ခါတော့ ဘာမှမဖြစ်လောက်တော့ဘူးထင်ပါတယ်"လို့ပြောရင်း ပြန်သွားခဲ့တယ်။
နောက်သုံးရက်နေတော့ မင်းညိုရဲ့ ရှင်ပြုပွဲက မခမ်းနားပေမယ့် စည်ကားနေခဲ့တယ်။ ရွာကလူတွေအားလုံးနီးပါး ရှင်ပြုပွဲကိုရောက်နေတဲ့အချိန် ရွာလယ်က နတ်ကွန်းမှာတော့ ယောဂီဝတ်စုံဝတ်ထားတဲ့ လူငယ်တစ်ယောက် တင်ပလ္လင်ခွေထိုင်နေပြီး ကြမ်းကိုလက်ဝါးနဲ့ပုတ်ကာ
" မင်းညီနောင်နှစ်ပါး သင်တို့စိတ်ကို ထိန်းချုပ်စမ်း ဒီလူငယ်က သာသနာဘောင်ထဲကိုဝင်ဖို့ကြိုးစားနေတဲ့သူ ဒါကိုဘာကြောင့် ဖျက်လိုဖျက်စီးလုပ်နေရတာလဲ" လို့ပြောလိုက်ရင်ပဲ နတ်ကွန်းဘေးမှာ စီးတော်ကျားကိုယ်စီရဲ့ ရပ်နေတဲ့ မင်းညီနောင်ကိုမြင်လိုက်ရတယ်။
" သင်တို့ရဲ့ သံယောဇဉ်ကို နားလည်တယ်။လိပ်ပြာလှတဲ့အတွက် ဒီလူငယ်ကို သင်တို့ခေါ်ချင်နေတယ်ဆိုတာလဲကျုပ်သိတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူး သင်တို့အခုလိုမလုပ်သင့်ဘူး"
ယောဂီဝတ်လူငယ်ရဲ့စကားကို မင်းညီနောင်က ဘာမှပြန်မပြောပဲ မျက်ထောင့်နီနဲ့စိုက်ကြည့်ကာ ဓါးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြတယ်။
" ဟိတ် .. ငါစကားအကောင်းပြောနေလို့ ရောင့်တက်နေကြတာလား ဟမ်.. အခု နတ်ကြီးတွေကိုပင့်ဖိတ်ပြီး ဆုံးမခိုင်းလို့ရတယ်။ သင်တို့ရဲ့ ဘုန်းတန်ခိုးနဲ့ ဂုဏ်ဒြပ်တွေကိုငဲ့ညှာလို့ ကျုပ်မေတ္တာရပ်ခံနေတာ။ အခု ကျုပ်နောက်ဆုံးအကြိမ်မေးမယ်။ သင်တို့မာန်လျော့ပြီး ကိုယ့်နန်းကိုပြန်မလား။ ကျုပ်အတင်းအကြပ်ပြန်ခိုင်းရမလား"
လူငယ်ရဲ့ ဩဇာအပြည့်ပါတဲ့စကားကြောင့် ဂျစ်ကန်ကန်လုပ်နေတဲ့ မင်းညီနောင်နှစ်ပါးက သက်ပြင်းရှည်တစ်ချက်ကိုချပြီး လက်အုပ်ချီကာ ပျောက်ကွယ်သွားခဲ့ကြတယ်။
အဲဒီအချိန် ရွာဦးကျောင်းဘက်ကနေ " အရှေ့ကိုလျောက်ပါလို့... အနောက်ကိုတဲ့... မျှော်လိုက်ရင်" ဆိုတဲ့သီချင်းသံသဲ့သဲ့ထွက်ပေါ်လာခဲ့တယ်။
ယောဂီဝတ်လူငယ်လဲ သီချင်းသံကြားရာ ရွာဦးကျောင်းဘက်ကို စောင်းငဲ့ကြည့်ရင်း လက်အုပ်ချီကာ
" ဘာသာ သာသနာအကျိုးကို ဒီထက်ပိုထမ်းပိုးဆောင်ရွက်နိုင်တဲ့ သာသနာ့အာဇာနည်" ဖြစ်ပါစေလို့ဆုတောင်းရင်း ရွာထဲကနေ ထွက်ခွာသွားခဲ့တယ်။
မင်းညိုကတော့ ကိုရင်ဝတ်ပြီး ၃နှစ်ကြာတော့ ပဉ္ဇင်းဘဝကိုခံယူခဲ့တယ်။ ပဉ္ဇင်းဘဝရောက်တဲ့တိုင်အောင် သူ့ကိုချစ်ခင်တဲ့ မင်းညီနောင်နှစ်ပါးက လက်အုပ်ကိုယ်စီချီလျက် တစ်ခါတစ်လေ
လာဖူးတာကိုကြုံခဲ့ရတယ်။
မင်းညို တစ်ဖြစ်လဲ ဉူးပုညစာရ အနေနဲ့ ပရိယတ္တိစာပေတွေအပြင် ပရိပတ္တိအလုပ်ကိုပါလေ့လာအားထုတ်ခဲ့တာ အခုဆိုရင် ကျောင်းထိုင်ဆရာတော်အဖြစ် သာသနာတာဝန်တွေကိုထမ်းဆောင်နေဆဲဖြစ်ပါတယ်။
အောင်မြတ်သာလဲ မင်းညိုရဲ့ဘဝ တစ်ဆစ်ချိုးပြောင်းလဲအောင်ကူညီပေးပြီးတဲ့နောက် ထူးဆန်းမှုများစွာကြုံတွေ့နေရတဲ့ ကံမရွာကိုရောက်လာခဲ့တယ်။ ကံမရွာထဲမှာ အောင်မြတ်သာတို့ဆရာတပည့်တွေ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် အိမ်ပျောက်ကြီးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Comments
Post a Comment