သိုက်စေတီ
သိုက်စေတီ (စ-ဆုံး)
လှည်းလမ်းတွင် လှည်းချင်းဆုံသော်လည်း ကိစ္စမရှိ။ ဝန်မပါသော လှည်းကရှောင်ပေးရသည်။ အချို့နွားများဆိုလျှင် သခင်ကစေခိုင်းစရာမလို ပါ။ မိမိတို့ လှည်းဝန်မပါလျှင် ဝန်ပါသော လှည်းနှင့်တွေ့ပါက အလိုလိုရှောင် ပေးကြသည်။ တစ်ဦးနှင့်တစ်ဦး အော်ဟစ်နောက်ပြောင်ရင်းဖြင့်လည်း ကောင်း၊ သီချင်းတကြော်ကြော် သီဆိုရင်းဖြင့်လည်းကောင်း တပျော်တပါး ပြန်လာခဲ့ကြသည်။
+++
ညနေငါးနာရီကျော်ကျော်ခန့်တွင် လှည်းများအားလုံး ရွာသို့ပြန်ရောက် လာကြသည်။ လှည်းများကို ရွာဦးကျောင်းဝင်းအတွင်းသို့ မောင်းဝင်လိုက် ကြသည်။ ကျောင်းဝင်းအတွင်း ပစ္စည်းသယ်ချရန် စောင့်ဆိုင်းနေကြသော လူအုပ်ကြီးများလည်း မနည်းမနောဖြစ်နေသည်။ လှည်းများရောက် သည်နှင့်ပါလာသော အုတ်၊ ဘိလပ်မြေ၊ ထုံးအစရှိသောပစ္စည်းများကိုတစ် ယောက်တစ်လက်သယ်၍နေရာချထားလိုက်ရာ တစ်ခဏချင်းပြီးစီးသွားခဲ့ကြသည်။
ဘုရားကိုဦးဆောင်တည်မည့် ဘဘုန်းကလည်း ရွာရှိသူဒကာ၊ ဒကာမ များ၊ဆွေမျိုးမြေးသားများကတက်တက်ကြွကြွဝိုင်းဝန်းလုပ်ဆောင်နေသည်ကို မြင်တွေ့ရ၍ တပြုံးပြုံးဖြစ်နေသည်။
တစ်ရွာလုံးကလည်း ဘဘုန်း ဘာကြောင့် ကောက်ခါငင်ခါ ဘုရား ထတည်သည့်အကြောင်းအရင်းကို သိချင်နေကြသည်။ သို့သော်ဘဘုန်းက ဘုရားတည်မည့်နေ့ကျမှ မိန့်မည်ဆို၍ မည်သူမျှမမေးရဲ၊ မပြောရဲကြ။ ဘဘုန်းအမိန့်ရှိမည့်အချိန်ကိုသာစောင့်စားနေကြတော့သည်။ ပစ္စည်းများကို နေရာချပြီးနောက် ကျွန်တော်နှင့်အဘထိတ်တုံးရွှေတို့၊ သံယောက်မတို့ ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့ ညနေစောင်းအချိန်ဖြစ်သည်။ ကျွန်တော်တို့ အုပ်စု အားလုံး ဘဘုန်းကျောင်းတွင် ရောက်ရှိနေကြသည်။ မြို့သို့ပန်းရန်ဆရာနှင့် ဘုရားထီးကို သွားရောက်မှာယူခဲ့သော ဦးပြားကြီးတို့အဖွဲ့လည်း ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။ လုပ်ငန်းကိစ္စ အဆင်ပြေခဲ့သည်ဟု သိရသည်။ ၎င်း တို့နှင့်အတူ ဘုရားတည်မည့် ပန်းရန်အဖွဲ့လည်း တစ်ပါတည်း လိုက်ပါလာ ကြသည်။
အားလုံး လူစုံသောအခါ ဘဘုန်းက ကျွန်တော်တို့ အားလုံးကို ခေါ်၍ ဆုတောင်းပြည့်စေတီတော်ကြီးရှိရာသို့ ထွက်လာခဲ့ကြသည်။ စေတီတော် ကြီး၏ရှေ့သို့ရောက်သောအခါ အားလုံးဆုတောင်းပြည့်စေတီတော်ကြီးကို ထိခြင်းငါးပါးဖြင့် ရှိခိုးကြသည်။ ထို့နောက် ဘဘုန်းကငါးပါးသီလယူရမည်ဟု မိန့်ကြားပြီး ငါးပါးသီလပေးသဖြင့် အားလုံးယူလိုက်ကြရသည်။ ပြီးနောက် ဆရာတော်က စေတီတော်ကြီး၏အနောက်မြောက်ထောင့်နေရာကိုညွှန်ပြပြီး –
“ကဲ-ထိတ်တုံးရွှေတို့ အဲဒီနေရာကို တူးလိုက်ကြစမ်းကွာ” ဆရာတော်ကြီး၏မိန့်မှာချက်အတိုင်း အဘထိတ်တုံးရွှေတို့၊ မြဝင်းကြီး
တို့အုပ်စု ပေါက်တူးပေါက်ပြားကိုယ်စီဖြင့် တူးလိုက်ကြသည်။ ဘဘုန်းခိုင်း၍သာ တူးရသည်။ ဘာမှန်းမသိ၊ မေးလည်းမမေးရဲ။ အားလုံးကလည်း အကျိုးအကြောင်း သိချင်ကြသည်။ သူတို့လည်းမမေးရဲ။
တံတောင်ခန့်အနက်ရောက်သွားပြီး ဘာမှမထူးသေး။ တံတောင်ထွာခန့်ရောက်လာပြီး နဂိုအတိုင်း နှစ်တောင်ခန့်အရောက်
“ဒုတ်”
“အောက်မှာ တစ်ခုခုရှိတယ်ဟေ့ – ဖြည်းဖြည်းလုပ်ကြကွ”
ပေါက်တူးဖြင့် ထိမိသောနေရာတစ်ဝိုက်ကို သတိထား၍ပတ်ချာလည် တူးဖော်လိုက်သောအခါ အလျားတံတောင့်ထွာ၊ အနံတောင်ဆုပ်ခန့်နှင့်အမြင့်တောင်ဆုပ်ခန့်ရှိသောသစ်သားသေတ္တာတစ်လုံးကို တွေ့ရှိလိုက်ရသည်။
“ဟာ”
“သေတ္တာတစ်လုံးကွ”
“ဟုတ်တယ်ဟေ့- ရှေးတုန်းက သေတ္တာကွ” “အထဲမှာ ဘာတွေရှိလည်း မသိဘူး”
“အေးကွ “ ဖွင့်ကြည့်ရင် သိရမှာပဲ”
+++
ဘေးမှဝိုင်းအုံနေသောလူအုပ်ကြီးကတစ်ယောက်တစ်ပေါက်ပြောဆို
နေကြသည်။ အဘထိတ်တုံးရွှေတို့လည်း သေတ္တာကို ဂရုတစိုက်သယ်၍ ဘဘုန်းလက်သို့ အပ်လိုက်သည်။ သေတ္တာကလည်း လူနှစ်ယောက် အတော်လေး မ,ယူကြရသည်။ ကြေးသော့ခလောက်ကြီးကလည်း အခိုင် အမာခတ်ထားသေးသည်။ ဘဘုန်း၏ မိန့်မှာချက်အရ ထိုသေတ္တာကို ကျောင်းပေါ်သို့ သယ်ဆောင်လာကြသည်။ ကျောင်းပေါ်သို့ ရောက်သော အခါ ဘုရားကျောင်းဆောင်ရှေ့တွင် သေတ္တာကို ချထားသည်။
ကျောင်းပေါ်တွင် ရှိသော ပရိသတ်အပေါင်း၏ မျက်လုံးများကလည်း ချထားသော သေတ္တာပေါ်တွင်သာ ကျရောက်နေသည်။ သေတ္တာထဲတွင် ဘာတွေများရှိနေသလဲဟုသိချင်စိတ်ကလူတိုင်းရင်ထဲမှာဖြစ်ပေါ်နေသည်။ အချို့ကလည်း တီးတိုးတီးတိုးဖြစ်နေကြသည်။ တစ်ဆင့်စကားတစ်ဆင့် နားကြားလိုက်သောရွာသူရွာသားအပေါင်းမှာလည်းရောက်ရှိလာကြသဖြင့် ကျောင်းတစ်ခုလုံး ပြည့်နေတော့သည်။
“ဖြန်း”
“ဖြန်း”
ဘဘုန်းကကျောင်း၏ကြမ်းပြင်ကို ကြိမ်လုံးဖြင့် ရိုက်လိုက်သည်။ ကြိမ် သံကြားရသဖြင့် လူအုပ်ကြီးမှာ ငြိမ်သက်သွားကြသည်။
“ကဲ-ဒကာ၊ ဒကာမတို့ ဒီသေတ္တာထဲမှာ ဘာတွေပါလည်းဆိုတာ သိ ချင်နေကြတယ် မဟုတ်လား”
“မှန်ပါ – သိချင်နေကြပါတယ်” “မှန်ပါတယ် – ဘုရား၊ မိန့်တော်မူပါ”
“အေး-အေး- ဒီသေတ္တာထဲမှာပါတဲ့ ပစ္စည်းတွေနဲ့ ဘာကြောင့် ဘုရား ကို ချက်ချင်းတည်ရတယ်ဆိုတာ ဆက်စပ်နေတယ်ကွဲ့၊ ကဲ – ဘဘုန်းပြော ပြမယ်၊ သေသေချာချာ နားထောင်ကြကွဲ့”
“တင်ပါ့ ဘုရား”
+++++++++++
“အရှင်ဘုရား” “အရှင်ဘုရား”
“ဟဲ့- ဘယ်သူတွေတုံးဟဲ့”
“တပည့်တော်တို့ ဒီနားကပါပဲဘုရား”
“ဘာကိစ္စရှိလို့တုံးဟဲ့- ညကြီးမိုးချုပ်”
“အရှင်ဘုရားကို အကူအညီတောင်း လျှောက်ထားစရာရှိလို့ပါ။ တပည့်တော်တို့ ကျောင်းပေါ်တက်လာခဲ့ပါရစေ ဘုရား”
“ကဲ-ကဲ-လာခဲ့ကြ-လာခဲ့ကြ”
အချိန်က ညသန်းခေါင်ကျော်အချိန် ဘဘုန်းတစ်ဦး တရားထိုင်ပြီး၍ အိပ်ရာတွင်း လဲလျောင်းနေသည့်အချိန် ဒီညကျမှ မျက်လုံးက ကြောင်နေ သည်။ အိပ်ချင်စိတ်ကလည်း မရှိသေး။ ထိုအချိန်တွင် ကျောင်းရှေ့မှ ခေါ်သံ ကြားသောကြောင့် ဘဘုန်းထလာပြီး မေးမြန်းနေခြင်းဖြစ်သည်။
ဘဘုန်းက တံခါးဖွင့်ပေးလိုက်သောအခါ အမျိုးသမီးနှစ်ဦးနှင့် အမျိုး သားကြီးတစ်ဦးတို့ ကျောင်းပေါ်တက်လာကြပြီး ဆရာတော်အား ရိုသေစွာ ဦးချကန်တော့လိုက်ကြသည်။ ဘဘုန်း၏ ထိုသူသုံးဦးကို သေချာစွာအကဲ ခတ်လိုက်သည်။ မိန်းကလေးနှစ်ဦးမှာ အသက် (၂၀)ခန့်ရှိပြီးချောမောလှပ သည်။ အဝတ်အစားမှာ ရှေးခေတ်အဝတ်အစားများဖြစ်သော ထိုင်မသိမ်းထဘီနှင့် ခါးတောင်အင်္ကျီများကို ဝတ်ဆင်ထားသည်။ ရွှေလက်ဝတ်တန် ဆာများကိုလည်း ဝတ်ဆင်ထားသည်။
အမျိုးသားကြီးတစ်ဦးမှာ အသက် (၆ဝ)ခန့်ရှိ၍ခေါင်းပေါင်းပေါင်းထား သည်။ ၎င်းတို့၏ ရုပ်ရည်သွင်ပြင် အမူအရာကိုကြည့်၍ ဘဘုန်းသဘော ပေါက်သွားတော့သည်။
“ကဲ-ဒကာတို့ ကြည့်ရတာ လူသားတွေတော့ မဟုတ်လောက်ဘူး။ ပြီးတော့ – အချိန်မတော်လာတာကလည်း ဘာကိစ္စလဲ။ ကဲ – ရှင်းရှင်းလင်း လင်း ပြောစမ်းပါဦး”
“မှန်လှပါ – ဘုရား၊ တပည့်တော်တို့ အရှင်ဘုရားမိန့်သလိုလူသားတွေ မဟုတ်ပါဘူး။ ဘုမ္မစိုးလို့ခေါ်တဲ့ ဥစ္စာစောင့်တွေပါဘုရား။ ဒါပေမဲ့ – တပည့် တော်တို့ မြေးအဘိုးတွေက ဘုရားသိုက်ကို စောင့်တဲ့ ဘုမ္မစိုးတွေပါဘုရား” “ဘုရားသိုက်ကို စောင့်တဲ့ ဘုမ္မစိုး ဟုတ်လား”
“မှန်ပါတယ်-တပည့်တော်တို့စောင့်နေတဲ့ပစ္စည်းတွေဟာ အရိမေတ္တယျဘုရားရှင် ပွင့်တော်မူရင် ကျောင်းဆောက်လုပ်ဖို့ရည်မှန်းပြီးလှူဒါန်းထား တဲ့ပစ္စည်းတွေပါ။ ဘုရားရှင်ပွင့်တော်မူရင်အဲဒီပစ္စည်းတွေနဲ့ကျောင်းဆောက် လုပ်လှူဒါန်း ရေစက်ချအမျှဝေပြီးမှ ဒီထက်ကောင်းတဲ့ ဘုံဘဝကို ကူးကြ မှာပါ”
“ဟုတ်ပါပြီ- ဟုတ်ပါပြီ-အခုဒကာကြီးတို့ ကျုပ်ဆီလာတဲ့ကိစ္စက” “တင်ပါ့ဘုရား – အဲဒီကျောင်းဆောက်လုပ်လှူဒါန်းမယ့်ပစ္စည်းတွေကို စောင့်ရှောက်ရင်း အနီးအနားက ပိုင်ရှင်မဲ့ပစ္စည်းတွေကိုတွေ့တာနဲ့ တပည့် တော်တို့လည်း ယူပြီးထိန်းသိမ်းထားခဲ့ပါတယ်”
“ပိုင်ရှင်မဲ့ ပစ္စည်းတွေ”
“မှန်ပါတယ် – ပိုင်ရှင်မဲ့ ရွှေငွေတွေ တွေ့လို့ ထိန်းသိမ်းထားပါတယ်။ ဒါပေမဲ့ – အဲဒီပစ္စည်းတွေကိုတပည့်တော်တို့ ဆက်ပြီးထိန်းသိမ်းထားလို့ မရ တော့ပါဘူး”
“ဟေ-ဘာဖြစ်လို့လဲကွ”
“အဲဒီ ပစ္စည်းတွေကို သိုက်စာကျလို့ဆိုပြီး အောက်လမ်းဆရာတစ်ဦးနှင့် သူ့တပည့်တွေ
လာရောက်တူးဖော်ဖို့ လုပ်နေကြပါတယ်။ မကြာခင် ရောက်လာကြပါလိမ့်မယ်။ တပည့်တော်တို့လည်း ကိုယ်ပိုင်ပစ္စည်းမဟုတ် တဲ့အတွက်မကာကွယ်နိုင်ပါဘူးဘုရား။ ပြီးတော့- ဒီပစ္စည်းတွေ သူတို့လက် ထဲရောက်သွားရင် အလဟဿတွေ ဖြစ်ကုန်မှာစိုးလို့ အရှင်ဘုရားကို လာ ရောက်အကူအညီတောင်းတာပါ ဘုရား” “ဟေ့-ဒီကိစ္စတွေက လောကီကိစ္စတွေပဲကွ”
“မှန်ပါတယ်ဘုရား – အကျိုးမဲ့ဖြစ်မယ့်အတူတူ လောကုတ္တရာကောင်း ကျိုးအတွက် အရှင်ဘုရား ဆောင်ရွက်ပေးနိုင်ပါတယ်။ ပြီးတော့လည်း မသမာသူတွေရဲ့လက်ထဲလည်း မရောက်တော့ဘူးပေါ့”
“အေးလေ-ဒါဆိုလည်းကြည့်ပြီးစီစဉ်ရတာပေါ့။ နေပါဦး – အဲဒီပစ္စည်း တွေကို လာတူးမယ့် သိုက်ဆရာအဖွဲ့က ဘယ်တော့လောက်ဆို ရောက်မှာလဲ”
“နောက်နှစ်ပတ်လောက်ဆို ရောက်တော့မှာပါ”
“အင်း – အချိန်တော့ ရပါသေးတယ်လေ” “အဲဒီပစ္စည်းတွေက အခု ဘယ်မှာလဲ”
“အရှင်ဘုရား – ကျောင်းဝင်းထဲက ဆုတောင်းပြည့်စေတီတော်ကြီးရဲ့ အနောက်မြောက်ဘက်ထောင့်က အတောင်နှစ်ဆယ်လောက်က မြေ အောက်မှာပါ ဘုရား”
“အေး-အေး- ကောင်းပြီ- ကောင်းပြီ။ ဒီပစ္စည်းတွေကိုမသမာသူတွေ လက်ထဲမရောက်အောင် ကျုပ်ဘုရားတစ်ဆူ တည်လိုက်ပါ့မယ်။ ခုနှစ်ရက် သားသမီးတွေလည်း အကျိုးရှိအောင်ပေါ့”
“တင်ပါ့ဘုရား – ဘုရားတည်တဲ့ ကိစ္စ အောင်မြင်အောင် တပည့်တော် တို့လည်း ဝိုင်းဝန်းကူညီပါ့မယ်”
“အေး-အေး- ကောင်းပါပြီ”
“တပည့်တော်တို့ကို ပြန်ခွင့်ပြုပါ – ဦးတင်ခဲ့ပါတယ်”
“ဒါထက် – ဒကာကြီးတို့က ဘယ်မှာနေကြတာလဲ”
“အရှင်ဘုရားကျောင်းဝင်းနဲ့ မလှမ်းမကမ်းမှာပါဘုရား။ အရှင်ဘုရားရဲ့ သီလသမာဓိတွေကြောင့်လည်း တပည့်တော်တို့ အေးချမ်းစွာ နေထိုင်ကြရ ပါတယ်ဘုရား”
“သာဓု – သာဓု – သာဓု
“ကဲ- အဖြစ်အပျက်ကတော့ အဲဒါပဲ”
“ကျုပ် ဘာကြောင့်ဘုရားကို ချက်ချင်းတည်ရသလဲဆိုတာ သိကြပြီလား”
“သိပါပြီ ဘုရား” “ဘာမေးချင်သေးလဲ”
“မေးတော့ မမေးတော့ပါဘူး ဘုရား”
“မမေးပေမဲ့ မင်းတို့အားလုံး သိချင်နေကြတယ်မဟုတ်လား။ သေတ္တာ ထဲမှာ ဘာတွေပါလည်းဆိုတာကို”
“ဟို-ဟို”
“ကဲ-ကဲ-ထိတ်တုံးရွှေ-သော့ခလောက်ကို ဖွင့်လိုက်”
ဘဘုန်းအမိန့်ရှိသဖြင့် အဘထိတ်တုံးရွှေက သေတ္တာတွင် ခတ်ထား သောသော့ခလောက်ကိုဖွင့်ရန် ပြင်လိုက်သည်။ သော့တံမရှိ၍အလွယ်နှင့် ဖွင့်မရ။ သော့ခလောက်ကလည်း ရှေးဟောင်းကြေးဝါသော့ကြီးဖြစ်သည်။ လွယ်လွယ်နှင့် ဖွင့်မရ၍ အဘထိတ်တုံးရွှေ စိတ်ညစ်အကြံအိုက်နေသည်။ “ဒေါ်လေး – ခင်ထွေး၊ အဘထိတ်တုံးရွှေ – သော့ဖွင့်မရလို့ စိတ်ရှည်နေတယ်”
“ဟဲ့- မော်မော်ရဲ့။ အဲဒီထိတ်တုံးရွှေမှာ သော့တံမှမရှိဘဲ ဘယ်ဖွင့်လို့ရ မှာလဲဟဲ့”
“ဒါကြောင့်လည်း ဒီအသက်အရွယ်ထိ မိန်းမ မရတာ။ ဘာကြောင့် လည်း-ဒေါ်လေးရဲ့”
“သူ့မှာ သော့တံမှမရှိတာ၊ ဘယ်မိန်းမက သူ့ကို ယူမှာလဲ” “ဒေါ်လေးကလည်း – ခစ် – ခစ် – ခစ်”
“ဟီး-ဟီး-ဟီး”
+++
အဘထိတ်တုံးရွှေလည်း ဘဘုန်းရှေ့ဖြစ်နေ၍ ဒေါ်လေးခင်ထွေးတို့ စကားကို ကြားသော်လည်းပြန်မပြောနိုင်ဘဲမျက်လုံးပြူး၍ ပြန်ကြည့်လိုက်သည်။
“အဘ- ဖယ်- ဖယ်”
မြဝင်းကြီးက ပြောပြောဆိုဆို သော့ခလောက်အား တူတစ်ချောင်းဖြင့်
ထုလိုက်သည်။
“ဒုန်း”
“ဒုန်း” “ချလွမ်”
တူဖြင့် သုံးချက်ခန့် ရိုက်ချလိုက်တော့မှ သော့ခလောက်က ပွင့်သွား တော့သည်။ အဘက ပွင့်သွားသော သော့ခလောက်ကိုဖြုတ်၍ အဖုံးကို ဆွဲ လှန်လိုက်သည်။
“ဟာ”
“ဟင်”
“အလို”
ကျောင်းပေါ်ရှိ ပရိသတ်အားလုံး မှင်တက်သွားကြသည်။ သေတ္တာထဲ တွင် အရောင်တလက်လက်တောက်ပနေသော ရွှေဒင်္ဂါးများ၊ ရွှေမန်ကျည်း တောင့်များ၊ လက်ဝတ်တန်ဆာများမှာ အပြည့်နီးပါးရှိနေသည်။ ထိုခေတ် ထိုအချိန်ကာလ ပေါက်ဈေးပင် နည်းနည်းနောနောမဟုတ်ပါ။ အားလုံး အံ့ဩတကြီး ဖြစ်နေကြတော့သည်။
“ကဲ-ကဲ- အဲဒီပစ္စည်းတွေကိုဖျာပေါ်ကို သွန်ချလိုက်။ ပြီးတော့ – ဘယ် ပစ္စည်းက ဘယ်လောက်ဆိုတာ စာရင်းလုပ်။ ဒီပစ္စည်းတွေအားလုံးကို ဘုရား တည်တဲ့အထဲမှာဌာပနာထည့်ရမယ်။ ဒါတွေကိုစိတ်နဲ့တောင်မပြစ်မှားကြနဲ့၊
ကြားကြရဲ့လား” “မှန်လှပါဘုရား”
“သာဓု – သာဓု – သာဓု”
+++
တူးဖော်ရရှိသောပစ္စည်းများကိုစာရင်းဇယားနှင့် အချိန်ကိုတိတိကျကျ မှတ်သား၍ဘဘုန်း၏ကျောင်းတွင်ခေတ္တသိမ်းဆည်းထားသည်။ ရွာလူကြီးများကကျောင်းတွင်စောင့်အိပ်ကြပြီး ပစ္စည်းများကိုစောင့်ရှောက်ကြသည်။ နောက်တစ်နေ့ နံနက်ကိုးနာရီအချိန်တွင် ဘုရားတည်ခြင်းလုပ်ငန်းကို ဘဘုန်း၏ ဦးဆောင်မှုဖြင့် စတင်ခဲ့ကြပါသည်။
တစ်ရွာလုံး ကလေးလူကြီးမကျန် ဘုရားတည်ခြင်းလုပ်ငန်းကိုဝိုင်းဝန်း လုပ်ဆောင်ကြသည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ လုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် အင်တိုက်အားတိုက်ကုသိုလ်ပါဝင်ကြသည်။ လုပ်အားပေးသော၊ ကုသိုလ်ယူသော လူအပေါင်းတို့အား အပြိုင်အဆိုင် ကျွေးမွေးကြသည်မှာလည်း အလျှံပယ်ပင်ဖြစ်သည်။
လုပ်အားပေးကုသိုလ်ပါဝင်သူများတွင် ရွာသူရွာသားများသာမက အနီးပတ်ဝန်းကျင်ဒေသမှလူများအချို့မသိသောမျက်နှာစိမ်းများပင် ပါဝင် ကြသည်။ အားလုံးဝမ်းသာအားရ ဝိုင်းဝန်းလုပ်ဆောင်ကြသည်မှာ သတ်မှတ် ရက်မတိုင်မီ ပြီးစီးကြမည်အနေသို့ ရောက်ရှိခဲ့သည်။
ဘုရားစေတီ၏ ဌာပနာတိုက်အတွင်းသို့ ဘုမ္မစိုးများ၏ အကူအညီဖြင့် တူးဖော်ရရှိသောရွှေငွေရတနာပစ္စည်းများကိုလည်းကောင်း၊ ရွာသူရွာသား နှင့် အနီးပတ်ဝန်းကျင် ခုနစ်ရက်သားသမီးများ လှူဒါန်းကြသော ရတနာ ပစ္စည်းများကိုလည်းကောင်း လုံခြုံစွာ စီမံ၍ ဌာပနာတည်ထားခဲ့ပါသည်။
ဤသို့ဖြင့်(၁၅)တောင်ရှိသော စေတီတော်မှာ သတ်မှတ်ရက်အတွင်း
ဘဘုန်းဦးဆောင်၍ခုနစ်ရက်သားသမီးတို့၏ကောင်းမှုဖြင့်ရွာဦးကျောင်းဝင်း
အတွင်း ဆုတောင်းပြည့်စေတီတော်ကြီး၏ အနောက်မြောက်ထောင့်တွင် ပေါ်ပေါက်လာခဲ့ရပါတော့သည်။ မနက်ဖြန်ဆိုလျှင် ထီးတော်ကို တင်လှူ ပူဇော်ကြတော့မည် ဖြစ်ပါသည်။
ထီးတော်တင်လှူပွဲတွင် -
ကြွရောက်လာကြသောပရိသတ်အပေါင်းကို ရွာမှ စုပေါင်း၍စတုဒီသာကျွေးမွေးကြသည်။ ဒေါပုံ မြတ်မင်းဟန် ဆိုင်းအဖွဲ့ ဖြင့် ဖျော်ဖြေကြသည်။ လူရွှင်တော် ဥက္ကလာ လေးမောင်နှင့်၊ မောင်ညိုမှိုင်း တို့၏ တင်ဆက်မှုကလည်း ပရိသတ်ကို တဝါးဝါး ဖြစ်စေသည်။ ဆိုင်းမင်း သမီးလေး မော်မော်၏ အဆိုအကများကလည်း ပရိသတ်ရင်ကို တသသ စွဲမက်ဖွယ် ဖြစ်စေခဲ့သည်။
တစ်နယ်လုံးမှ ဆရာတော်၊ သံဃာတော်အပေါင်းကလည်း ကြွရောက် ချီးမြှင့်ကြသည်။ နယ်လေးရပ်မှကြွရောက်လာကြသောပရိသတ်အပေါင်းမှ လည်း ဝက်ဝက်ကွဲမျှဖြစ်သည်။ ထမင်းချက်သောအဖွဲ့၊ ထမင်းကျွေးသော အဖွဲ့များမှာ လက်မလည်နိုင်အောင် ချက်ပြုတ်ဧည့်ခံနေကြရသည်။ နေ့လယ် (၁၂)နာရီခန့်တွင်မှ ဧည့်ခံကျွေးမွေးမှုကို နားရသည်။
ကျွန်တော်နှင့် အဘထိတ်တုံးရွှေတို့ အုပ်စုမှာလည်း ထိုအချိန်မှာပင် နံနက်စာကို သုံးဆောင်ကြရသည်။ ကျွန်တော်တို့ ထမင်းဝိုင်းကို ပြင်ဆင် ကျွေးမွေးသော မိန်းမပျိုကလေးနှစ်ဦးကို ယခင်က မမြင်ဘူးခဲ့ပါ။ ဘယ်သူ ဘယ်ဝါဟူ၍လည်းမမေးခဲ့ကြပါ။ မေးရန်လည်း သတိမရကြပါ။ စားသောက် ပြီး သတိရ၍ ပြန်ရှာသောအခါ ထိုမိန်းကလေးနှစ်ဦးကို မတွေ့ရတော့ပါ။
အဘက –
“ဘုရားတည်တဲ့ ကိစ္စကြီး ပြီးလို့စိတ်ပေါ့သွားလို့လားမသိဘူး။ ထမင်း စားကောင်းလိုက်တာကွာ”
“ဟုတ်တယ် – အဘ။ ကျွန်တော်လည်း တော်တော်စားလိုက်တယ်။ ဒါ့ထက် – အဘ ကျွန်တော်တို့ဝိုင်းကို ထမင်းလာထည့်ပေးတဲ့ မိန်းကလေး နှစ်ယောက်ကို အဘတွေ့မိလား”
“အေး- တွေ့တယ်လေ”
“သူတို့ကို အဘ သိလား၊ ကျွန်တော်တော့ မသိဘူး” “အေး – ငါလည်း အရင်က မမြင်ဖူးဘူးကွ”
“ဦးလေး သံယောက်မရော”
“အေး-ငါလည်း မသိဘူးကွ။ ဒီနေ့မှပဲ သူတို့နှစ်ဦးကို မြင်ဘူးတာ” “ဘာလဲ- ငါ့တူ မင်းက သဘောကျလို့လား”
“မဟုတ်ပါဘူး- အဘရယ်။ မတွေ့ဘူးလို့ မေးကြည့်တာပါ”
“မင်းတော့မသိဘူး။
သံယောက်မတော့အဲဒီမိန်းကလေးတွေထည့်ပေး
တဲ့ ထမင်းနဲ့ဟင်း နင်းကန်စားပြီး စားပို့နင့်သေတော့မယ်”
“အောင်မာ – မင်းကရော ညီမလေး၊ ညီမလေးနဲ့ ကိုယ့်အသက်ရွယ်
မှ အားမနာ။ ဟား – ဟား- ဟား”
“ဟီး-ဟီး-ဟီး”
ဤသို့ဖြင့် ဘုရားတည်ခြင်းကိစ္စပြီးဆုံးသည့်အထိ မည်သည့်အနှောင့် အယှက်မျှမရှိဘဲ ပြီးဆုံးချိန်တိုင်ပြီဟု ယူဆခဲ့ကြပါသည်။ ထိုအချိန်တွင် –
“အဘ-အဘ”
“ဟေ့- မောင်ဦး ဘာလဲကွ”
“အဘထိတ်တုံးရွှေတို့ သံယောက်မ ဦးပိန်တို့ အစ်ကိုလေးတို့အားလုံး ဘဘုန်းက ကျောင်းပေါ်ကို အခုလာခဲ့ပါတဲ့”
“ဘာကိစ္စလဲကွ “ မောင်ဦးရ”
“ကျွန်တော်လည်း မသိဘူး။ လိုက်ဆိုလိုက်ခဲ့ကြပေါ့ဗျာ”
“အေးပါကွ – လိုက်ပါ့မယ်။ မင်းကလည်း ဘဘုန်းအားကိုးနဲ့ ငါတို့ကို သိပ်ပါဝါပြချင်တဲ့ အကောင်ပဲ”
ကျွန်တော်တို့အုပ်စုလည်း ပြောပြောဆိုဆို ရွာဆော်မောင်ဦးနှင့်အတူ ဘဘုန်းကျောင်းပေါ်သို့ လိုက်လာခဲ့ကြသည်။ ဘဘုန်းကျောင်းပေါ်သို့ ရောက်သောအခါ ရွာလူကြီးများ၊ ဘုရားလူကြီးများနှင့်အတူ လူစိမ်း(၃)ဦး ခန့်ကို တွေ့လိုက်ရသည်။
ထိုလူ (၃)ဦးထဲတွင် တစ်ဦးက ပုဆိုးအကွက်တုံးနှင့် တိုက်ပုံအနက်ကို ဝတ်ဆင်ထားပြီး ခေါင်းပေါင်းပေါင်းထားသည်။ အသက် (၅၀)ကျော်ခန့်ရှိပြီး နှုတ်ခမ်းမွေးကားကားနှင့် ဖြစ်သည်။ ကျန်နှစ်ယောက်မှာ အသက် (၃ဝ)ခန့် ဖြစ်ပြီး ထိုလူ၏ နောက်လိုက်များဖြစ်ပုံရလေသည်။ ကျွန်တော်တို့အုပ်စု ရောက်သွားပြီး ဘဘုန်းကို ဝတ်ချပြီးသောအခါ ဘဘုန်းက ထိုလူများကို- “ကဲ-ဒကာကြီးတို့က ဘယ်သူတွေလဲ။ ဘာကိစ္စနဲ့ ဒီကို ရောက်လာရ သလဲဆိုတာ ဟောဒီက ကျုပ် ဒကာ၊ ဒကာမတွေရှေ့မှာ ပြောပါဦး”
“တပည့်တော်က အထက် ယောနယ်ကလာတဲ့ ယောပြန်ဆရာသိန်း ပါ ဘုရား။ ဒီနှစ်ယောက်ကတော့ တပည့်တော်ရဲ့ တပည့်နှစ်ယောက်ပါ။ တပည့်တော်တို့က သိုက်စာကျလာတဲ့ဥစ္စာစောင့်သိုက်တွေကိုလိုက်လံတူး ဖော်နေတဲ့ သူတွေပဲဖြစ်ပါတယ်။ အခုလည်း အရှင်ဘုရားကျောင်းဝင်းထဲ မှာပိုင်ရှင်မဲ့ သိုက်တစ်ခုရှိတယ်လို့ သိုက်စာကျလာလို့ အဲဒီသိုက်ကိုတူးဖော် ရအောင်လို့ ရောက်လာရခြင်းဖြစ်ပါတယ်”
“ဘာ”
“ဘာကွ “ ဘယ်က ဆရာသိန်းလဲ။ ယောနယ်မှာ ယောင်ယာယောင် ယောင်၊ ထောင်မှူးအငြိမ်းစား သိန်းဝင်းဆိုတာ ရှိတယ်။ သူလား” “ဒီကျောင်းဝင်းထဲမှာ သိုက်တူးမယ် ဟုတ်လား”
“မဟုတ်ပါဘူး- ဘုရား။ တပည့်တော်က ရောရောယောင်ယောင်
အူကြောင်ကြောင် မဟုတ်ပါဘူး ဘုရား”
“လုပ်ရဲရင် လုပ်ကြည့်လေကွာ။ အသက်ချင်း လဲပစ်လိုက်မယ်” “မင်းတို့က ဘာကောင်တွေမို့လို့လဲ”
ရွာသူရွာသားများ၏တစ်ယောက်တစ်ပေါက်ကန့်ကွက်သံများ၊ ဒေါသ
ဖြင့်ကြိမ်းဝါးသံများ၊
အခြေအတင်အသံများကဆူညံစွာထွက်ပေါ်လာသည်။
ထိုအခါ ဘဘုန်းက ကြမ်းပြင်ကို ကြိမ်လုံးဖြင့် –
“ဖြန်း – ဖြန်း”
“ဟဲ့အကောင်တွေ တိတ်ကြစိမ်း။ ဒီကိစ္စကို ငါပြောမယ်”
“ဒကာကြီးတို့က အဲဒီသိုက်ကို တူးမလို့ပေါ့”
“တင်ပါ့ဘုရား။ တူးပြီးရင်လည်း အရှင်ဘုရားနဲ့ ရွာအတွက်လည်း
ထိုက်သင့်သလို ပြန်လှူခဲ့ဦးမှာပါ ဘုရား”
“ခုန ဒကာကြီးက ပိုင်ရှင်မဲ့ သိုက်လို့ပြောတယ်နော်” “မှန်ပါတယ် – ဘုရား”
“အခုအချိန်မှာ အဲဒီသိုက်က ဘုရားသိုက်ဖြစ်နေရင်ရော” “ဘုရားသိုက်အစစ်အမှန်ဖြစ်နေရင်တော့ တပည့်တော်တို့မတူးတော့ပါဘူးဘုရား”
“ကတိပေးသလား”
“ကတိပေးပါတယ် ဘုရား”
“ကဲ-ဒါဆို ကျုပ်နောက်လိုက်ခဲ့ကြ
ဘဘုန်းက ပြောပြောဆိုဆို ကျောင်းပေါ်မှ ဆင်း၍ နံနက်ကမှ ထီးတင် ထားသောစေတီရှိရာသို့ ဦးဆောင်ခေါ်သွားတော့သည်။ သိုက်ဆရာ (၃)ဦး အပါအဝင် ကျွန်တော်တို့အုပ်စုမှာလည်း စေတီတော်ရှိရာသို့လိုက်ပါလာကြ သည်။ သိုက်ဆရာများရောက်နေသည်။ ဘုရားအောက်ရှိသိုက်ကိုတူးတော့ မည်ဟု တစ်ဆင့်စကားတစ်ဆင့် ကြားပြီး ရွာရှိ လူအုပ်ကြီးမှာလည်း တုတ် များ၊ ဓားများကို ကိုင်ဆောင်၍ သတ်မည်၊ ဖြတ်မည်၊ ဖမ်းမည် တကဲကဲနှင့် ရောက်လာကြသည်မှာ ကျောင်းဝင်းထဲတွင် လူတွေ ပြည့်ကျပ်နေသည်။ တစ်ယောက်တစ်ပေါက် ပြောဆိုကြိမ်းဝါးနေကြသံမှာ ဘဘုန်းကို မြင် သောအခါတိတ်ဆိတ်သွားကြတော့သည်။ ထီးတင်ထား၍ရွှေရောင်တဝင်း ဝင်း ဖြစ်နေသော စေတီတော်ရှေ့သို့ ရောက်သောအခါ ဘဘုန်းက ထိခြင်း ငါးပါးဖြင့် ရိုသေစွာ ကန်တော့လိုက်သည်။ လူအုပ်ကြီးကလည်း ဘဘုန်း ကဲ့သို့ပင် လိုက်၍ ကန်တော့ကြတော့သည်။ ထို့နောက် ဘဘုန်းက သိုက် ဆရာအား-
“ဒကာကြီးက ဘာလူမျိုးလဲ”
“တပည့်တော် ဗမာလူမျိုးပါဘုရား”
“ဘယ်ဘာသာ ကိုးကွယ်လဲ”
“တပည့်တော် ဗုဒ္ဓဘာသာ ကိုးကွယ်ပါတယ် ဘုရား” “ဟုတ်ပါပြီ- ဟုတ်ပါပြီ”
“ကဲ-ကဲ – ဒကာကြီးတို့ သိုက်စာကျတယ်ဆိုတဲ့ ပိုင်ရှင်မဲ့သိုက်ကို ခုနစ် ရက် သားသမီးတွေရဲ့အကူအညီနဲ့ ဘုရားကိုလှူလိုက်ပါပြီ။ ဟောဒီ အသစ် တည်ထားတဲ့ စေတီရံဌာပနာတိုက်ထဲမှာ အဲဒီရတနာတွေ ရှိနေပါတယ်။ အဲဒီသိုက်ဟာ အခုတော့ ဘုရားသိုက်ဖြစ်သွားပါပြီ။ ဒကာကြီး သဘော အတိုင်းသာ ဆုံးဖြတ်ပါတော့”
ဘဘုန်း၏ မိန့်ကြားချက် ကြားလိုက်ရသောအခါ သိုက်ဆရာ ဆိုသူမှာ ငိုင်သွားတော့သည်။ ခေတ္တအကြာတွင် ဟင်းခနဲ သက်ပြင်းတစ်ချက် ချလိုက် ပြီး စေတီတော်ကို ဦးချ၍ထိခြင်းငါးပါးဖြင့် ရိုသေစွာထိုင်၍ ကန်တော့လိုက် တော့သည်။ ထို့နောက် –
တပည့်တော်ကအောက်လမ်းသိုက်ဆရာဆိုပေမယ့်ပဉ္စနန္ဒိယကံထိုက် မယ့် ကိစ္စမျိုးကို ဘယ်တော့မှ မကျူးလွန်ခဲ့ပါဘူးဘုရား။ ဒီသိုက်ဟာလည်း ပိုင်ရှင်မရှိဘူးဆိုပြီး သိုက်စာကျလာလို့တူးဖော်ရအောင်လာခြင်းဖြစ်ပါတယ်။ အခု ပိုင်ရှင်ရှိတဲ့ ဘုရားသိုက်၊ ဘုရားကို ရည်မှန်းပြီး လှူဒါန်းထားတဲ့ပစ္စည်း တွေ ဖြစ်တာကြောင့် စိတ်နဲ့တောင် မပြစ်မှားပါဘူးဘုရား။ တပည့်တော် တို့ကိုလည်း ခွင့်လွှတ်ပါ။ ပြန်ပါတော့မယ် အရှင်ဘုရားကို ဦးတင်ခဲ့ပါတယ် ဘုရား”
“သာဓု-သာဓု-သာဓု”
“ကဲ-ကဲ-ထိတ်တုံးရွှေတို့ အုပ်စုက ဧည့်သည်တွေကို ရွာပြင်ရောက် အောင် လိုက်ပို့လိုက်ပါ။ ရွာသားတွေလည်းကိုယ့်အိမ်ကိုပြန်ကြတော့။ သွား ကြ-သွားကြ”
“ကျန်းမာပါစေ- ချမ်းသာပါစေ”
ကျွန်တော်တို့ အုပ်စုလည်း ဧည့်သည်သိုက်ဆရာအဖွဲ့အား ရွာပြင် ရောက်အောင် လိုက်ပို့ကြတော့သည်။ သိုက်ဆရာအုပ်စုလည်း ကျွန်တော် တို့အား နှုတ်ဆက်၍ ပြန်သွားကြတော့သည်။ ကျွန်တော်တို့အုပ်စုလည်း အပြန်တွင် ဘဘုန်း၏ သီလ၊ သမာဓိ၊ စွမ်းအားများနှင့်ယခုတည်ခဲ့သော စေတီတော်လေးအကြောင်းကို တွေးမကုန်နိုင်တော့အောင် ဖြစ်ရတော့သည်။
ထိုစေတီတော်လေးမှာ ဘွဲ့အမည်ရှိသော်လည်း တစ်နယ်လုံးက ယခု ချိန်အထိအောင် သိုက်ဘုရား၊ သိုက်စေတီဟုသာ ခေါ်နေကြတော့သည်။
ထိုကိစ္စထဲတွင် ဘုရားစေတီလေးထီးတင်သည့်နေ့က နံနက်စာစားရာ တွင် တစ်ခါမှ မတွေ့ဘူးသော မိန်းမပျိုကလေးနှစ်ဦး တည်ခင်းကျွေးသော ထမင်းဟင်းများကိုစားခဲ့သောကျွန်တော်တို့အုပ်စုမှာတစ်ပတ်လုံးအာဟာရ သိဒ္ဓိပြီးသလို ဆာလည်းမဆာသေးကြောင့် ဘာမှမစားဘဲနေနိုင်ခဲ့ကြသည်။ စားပိုးနင့်အောင် စားခဲ့သော သံယောက်မ ဦးပိန်မှာတော့ နှစ်ပတ်ခန့် အာဟာရသိဒ္ဓိပြီးနေခဲ့သည်။ အစာမစားပဲနေကြသော်လည်း ထုံးစံအတိုင်း ညနေပိုင်းတွင် အရည်ကို ဝိုင်းဖွဲ့ခဲ့ကြသည်ကိုတော့ …
ပြီးပါပြီ
Comments
Post a Comment