ရှင်လောင်းတစ္ဆေ

 


" ရှင်လောင်းတစ္ဆေ "
+++++++++++
" ရှင်လောင်းပေတိုး မြင်းပေါ်က ကျပြီး ဆုံးလို့တဲ့..."
အင်းချောင်းရွာရဲ့ မနက်ခင်းကို အနိဋ္ဌာရုံဖြစ်စေတဲ့ သတင်းတစ်ခု။
မနက်အစောတုန်းက ရွာအလယ်ပိုင်းဆီက ကိုတင်မြင့်တို့အလှူ ရှင်လောင်းလှည့်ထွက်သွားခဲ့တယ်။
ရှင်လောင်းလှည့်တဲ့အဖွဲ့ ထွက်သွားပြီး မကြာဘူး။ သတင်းဆိုးက ရွာဆီကို ပြန်ရောက်လာတော့တာ။
ဖြစ်ပုံကို ပြန်ပြောပြရရင်...။
ရှင်လောင်းလှည့်တဲ့ လူတန်းကြီးက ရွာက မနက်အစော ထွက်ကြပြီး ရွာနဲ့ ငါးတိုင်သာသာလောက်သွားရတဲ့ နတ်ကြီးကမ်းပါးဆီမှာ ရှင်လောင်းတွေကို နတ်ပြကြတာ။
နတ်ကြီးကမ်းပါးဆိုတဲ့နေရာက နာမည်နဲ့ လိုက်အောင်ပဲ မတ်စောက်လွန်းတဲ့ ကမ်းပါးယံကြီးပေါ်မှာ ရှိနေတာလေ။
အဲ့ဒီ့မှာ ရှင်လောင်းတွေကို နတ်ပြနေကြတုန်းက ဘာပြဿနာမှ မရှိသေးဘူး။
ဒါပေမယ့် ပြန်ထွက်လာတဲ့အခါမှာတော့ ရှင်လောင်းပေတိုးကို မြင်းပေါ်ဆီတင်လိုက်တဲ့အချိန် မြင်းက ရုတ်တရက် ဗွေဖောက်လာပြီး အလန့်တကြားနဲ့ လူကြားထဲကနေ တရှိန်ထိုး ခုန်ပေါက်ပြေးတော့တာ။
အဲ့ဒီ့မှာ မြင်းက နံဘေးက ချောက်ကမ်းပါးဆီကို ခြေချော်ကျတော့ အပေါ်က ရှင်လောင်းပေတိုးပါ မြင်းနဲ့အတူ ရောပါသွားလေတော့တာပဲ။
နက်ရှိုင်းလှတဲ့ ချောက်ကမ်းပါးဆီတော့ အောက်ဆီကို ရောက်တာနဲ့ ပေတိုးရော မြင်းပါ ပွဲချင်းပြီး သေဆုံးခဲ့ကြတယ်။
ဒီနေရာမှာ ထပ်ပြီးတော့ ပြောပြချင်သေးတာက ပေတိုးရဲ့ အကြောင်းပဲ။
ပေတိုးဆိုတာက အင်ချောင်းရွာရဲ့ သိပ်ကို ဆင်းရဲလွန်းတဲ့ အမေတစ်ခု၊ သားတစ်ခု ကောင်လေးတစ်ယောက်။
အဖေက သူငယ်ငယ်ကတည်းက မရှိတော့ဘူး။ ပြောရရင် ပေတိုးဟာ ဖတဆိုးလေးတစ်ယောက်ပေါ့။
သားအမိနှစ်ယောက်ထဲ ရှိချိန်မှာ ဆင်းရဲနွမ်းပါးလွန်းတဲ့အတွက်ကြောင့် ၀မ်းရေးအတွက် ပေတိုးလေးက အရွယ်ငယ်ငယ်နဲ့ ငါးရှာဖားရှာလုပ်ရတော့တယ်။
ပေတိုး ရလာသမျှ ငါးတို့ကို သူ့အမေက ဗန်းရွက်ပြီး ရွာထဲမှာ လှည့်ရောင်းရတယ်။
ဒီလိုနဲ့ပဲ ပေတိုးက အကုသိုလ်အလုပ်နဲ့ ယဉ်ပါးဖြတ်သန်းလာခဲ့ရတာ တဖြေးဖြေးနဲ့ အသက်က ဆယ့်လေးနှစ်ပြည့်ပြီးတဲ့ရတယ်။
အသက်သာ ဆယ့်လေးနှစ်ပြည့်ခဲ့ပြီးပေမယ့် အများသူငါ အရွယ်တူတွေကြားမှာ ပေတိုးက လူကောင်သေးနုတ်နေတယ်။
အရွယ်တူ အပေါင်းအသင်းတွေက လူကောင်တွေ ထွားကြိုင်းလာကြတော့ ပေတိုး သူ့ကိုသူ သိမ်ငယ်လာတယ်။
ဒါနဲ့ပဲ တစ်ရက်ကျ သူ့သူငယ်ချင်း ချစ်ဖေက မင်းက ရှင်မပြုရသေးလို့ လူကောင်မထွားတာလို့ ပြောလိုက်တယ်။
ဒီကနေပဲ ပေတိုးရဲ့ စိတ်ထဲမှာ ရှင်ပြုရင် လူကောင်ထွားမယ်ဆိုတဲ့ စိတ်က ၀င်လာရတယ်။
ရှင်ပြုဖို့ရင် ပိုက်ဆံလိုတယ်ဆိုတဲ့ အသိကြောင့် ပေတိုး သူ့အလုပ်ကို အရင်ကထက်ပိုပြိး ကြိုးစားတယ်။ နေ့ညမရွေး ငါးရှာဖားရှာလုပ်ပြီးတော့ ပိုက်ဆံကို ပိုစုတယ်။
ဒီကနေပဲ ပိုက်ဆံပြည့်တဲ့အခါကျတော့ ရွာက ကိုတင်မြင့်တို့ အလှူမှာ ပရိက္ခရာဖိုးစိုက်၀င်ပြီး ရှင်တစ်ပါးအဖြစ် ပါ၀င်ခဲ့တာရယ်။
အခုတော့ နတ်ပြပြီး ပြန်အထွက်၊ ပေတိုးတစ်ယောက် မထင်မှတ်ဘဲ ဆုံးပါးခဲ့ရတယ်။
******
သုံးရက်အကြာ၊ ပေတိုး အလောင်းကို မြေချပြီးတဲ့ ည...။
ပေတိုးရဲ့အမေ ဒေါ်အုံးတစ်ယောက် သားဖြစ်သူအတွက်နဲ့ ယူကြုံးမရဖြစ်ပြီး မအိပ်ရတာ ရက်ကြာလာလို့ မှေးခနဲ အိပ်ပျော်သွားတယ်။
အိပ်ပျော်ပျော်ချင်းမှာပဲ သူ့ခြံရှေ့ဆီက မြင်းဟီသံတစ်ချို့ကို ကြားမိလေရဲ့။
ပြီးတော့ မကြာဘူး။
" အမေ---အမေ---"
အိမ်ရှေ့က သားဖြစ်သူရဲ့ ခေါ်သံကြောင့် ဒေါ်အုံးတစ်ယောက် ထွက်ကြည့်မိတယ်။
အိမ်ရှေ့ အမှောင်ထုထဲမှာတော့ သူ့ကို မြင်းစီးပြီး သူ့ကို ကျောခိုင်းထားတဲ့ သားရှင်လောင်း။
" သား---မင်း---အမေ့သား ပေ---ပေတိုးမလား---"
ဒေါ်အုံးရဲ့ မေးမြန်းမှုအဆုံး ရှင်လောင်းပေတိုးက သူ့ဘက်ကို မြင်းကော လူပါ မျက်နှာလှည့်လာတယ်။
" အမလေး---"
ဒေါ်အုံး လန့်ဖျပ်ပြီး အော်မိတာ။
သားဖြစ်သူ ပေတိုးရဲ့ မျက်နှာက အလွန်ပဲ ကြောက်စရာကောင်းလွန်းနေတယ်။
မျက်နှာတစ်ခုလုံးက သွေးစသွေးနတွေပေကျံနေပြီး လက်တစ်ဖက်ကလည်း နံဘေးမှာ တန်းလန်းကြီး ပြုတ်ကျနေတာရယ်။ မြင်းကြီးကလည်း ပေတိုးလိုပဲ။ ရုပ်ပျက်ဆင်းပျက် ကြောက်စရာ ကောင်းနေပြန်သေးတာ။
" အမေ...ကျန်တဲ့ ရှင်လောင်းတွေအားလုံး ကိုရင်၀တ်ပြီးကုန်ပြီ။ ကျုပ်ကိုကျ ဘယ်သူမှ မ၀တ်ပေးကြဘူး။ အဲ့ဒါ...အမေများ ကျုပ်ကို ကိုရင်၀တ်ပေးနိုင်မလားလို့..."
ပေတိုးက ၀မ်းနည်းပက်လက်နဲ့ ပြောတာ။
သားဖြစ်သူရဲ့ အသံက အက်ရှနေပြီး ကြောက်စရာကောင်းနေတယ်ဆိုပေမယ့် ဒေါ်အုံးခမျာ ကြောက်စိတ်ထက် ၀မ်းနဲတဲ့စိတ်၊ သားဖြစ်သူကို သနားတဲ့ စိတ်က ပိုကဲသွားရတယ်။
" သား လူလေး...ပေတိုး။ မင်းကို အမေလည်း ကိုရင်၀တ်ပေးလို့ မရဘူး။ ပြီးတော့ ဘယ်သူမှလည်း ၀တ်ပေးလို့ မရဘူး။ မင်းက သေသွားခဲ့ပြီလေ အမေ့သားလေးရယ်..."
ဒေါ်အုံး စကားကို ကြားတော့ ပေတိုး အံ့သြသွားတယ်။
ပြီးတော့ ၀မ်းနဲသွားသလိုဖြစ်သွားပြီး ချက်ချင်းကိုပဲ မျက်နှာက ခက်ထန်သွားခဲ့တယ်။
" မဟုတ်ဘူး။ အမေ...ခင်ဗျား ကျုပ်ကို ညာနေတာ။ ကျုပ်က မသေသေးဘူး။ ဒီရွာက လူတွေက ကျုပ်ကို အကုသိုလ်ကောင်ဆိုပြီး ကိုရင်၀တ်မပေးချင်လို့ ညာနေကြတာမလား..."
" မဟုတ်ပါဘူး သားရယ်...သားက..."
" ရတယ် ကျုပ်သိသွားပြီ။ ခင်ဗျားတို့ မ၀တ်ပေးလည်း ကျုပ်ကို ကိုရင်၀တ်ပေးမယ့်သူကို ကျုပ်ဘာသာရှာမယ်..."
ဒေါ်အုံး ဘာမှ ပြန်မပြောနိုင်ခင် ပေတိုးက မြင်းကို စီးပြီး ထွက်သွားခဲ့တယ်။
" သား...သား...အမေ့သား..."
ဒေါ်အုံး အလန့်တကြားနဲ့ ဟစ်အော်ရင်း အိပ်ရာက လန့်နိုးလာတယ်။
ပေတိုးရဲ့ နာရေးက ရက်မလည်သေးဘူးဆိုတော့ စောင့်အိပ်ပေးတဲ့ လူသူတချို့လည်း ရှိနေသေးတာမို့ ဒေါ်အုံးရဲ့ အော်သံကြားကြားချင်း အားလုံး အပြေးရောက်လာကြတယ်။
သူတို့ရောက်ချိန်မှာ ဒေါ်အုံးကတော့ အိပ်ရာဖြစ်တဲ့ ဖျာကလေးပေါ်မှာ ငုတ်တုတ်ထိုင်ရင်း ရှိုက်ကြီးတငင်နဲ့ကို ငိုကြွေးနေခဲ့ပြီ။
ဒါပေမယ့် သားဖြစ်သူကို အိပ်မက်တဲ့ အကြောင်းကိုတော့ ဒေါ်အုံး ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။
ဒါပေမယ့်လည်း နောက်တစ်ရက်အရောက်မှာတော့...။
" ညတုန်းက အောင်ချစ် အပေါ့အပါးဆင်းသွားရင်း ရှင်လောင်း၀တ်စုံကြီးနဲ့ ပေတိုးကို မြင်းကြီးစီးပြီး ရွာထဲကို ၀င်သွားတာ တွေ့လိုက်တယ်တဲ့..."
ရွာအစွန်ဘက်နေသူတွေဆီက ထွက်ပေါ်လာတဲ့ သတင်း။
ဒီသတင်းကို ယုံသူယုံ၊ မယုံသူမယုံနဲ့ သို့လောသို့လော ဖြစ်နေကြရပေမယ့် တစ်ရွာလုံးနီးပါး ပေတိုးအတွက် စိတ်မကောင်းတော့ ဖြစ်ကြရတယ်။
ဒီကနေ နောက်ပိုင်းမှာတော့ ပေတိုးနဲ့ ပက်သက်တဲ့ အဖြစ်အပျက်တစ်ခု တစ်ဖက်ရွာကနေ ကြားရလာပြန်တယ်။
ဖြစ်ပုံက...။
တစ်ဖက်ရွာဆီက ရှင်ပြုအလှူတစ်ခုက နတ်ကြီးကမ်းပါးဆီမှာ ရှင်လောင်းတွေ နတ်ပြဖို့လာတော့ တန်းစီထားတဲ့ ရှင်လောင်းတွေ အားလုံးထဲမှာ ရှင်တစ်ပါးက ပိုနေတယ်။
ဒါကို အလှူက လူတွေက အစပိုင်းမှာ သတိမထားမိကြပေမယ့် ရှင်အပါးအတွက်နဲ့ နတ်ပြပြောပြိး အပ်နှံချိန်ကျ တချို့သူတွေက ရှင်အရေအတွက်ကို အမှတ်မထင် လိုက်ရေမိရင်း သိကြရတယ်။
ဒါနဲ့ပဲ ရုတ်ရုတ်သဲသဲဖြစ်ပြီး ကိုယ့်ရှင်လောင်းကို ပြန်ချီကြလို့ ရေတွက်ပြန်တော့ အရေအတွက်က ကိုက်နေပြန်ရော။
ရှင်လောင်းတွေကို ပြန်ပြီး စီတန်းအပ်နှံဖို့ လုပ်တဲ့အခါကျ အရေအတွက် ပိုနေပြန်တယ်။
ဘယ်တစ်ပါးက ပိုနေတယ်ဆိုတာ လိုက်ကြည့်ပေမယ့်လည်း မျက်စိလည်ကုန်ရပြီး ပိုနေတဲ့သူကို မသိနိုင်လောက်အောင်ပဲ။
နောက်တော့ အဲ့ဒီ့က လူတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး အဲ့ဒီ့အတိုင်းအပ်နှံပြီး ပြန်ထွက်တဲ့အချိန်ကျ အလှူလူတန်းကြီး ကုန်ဆုံးသွားချိန်မှာ နတ်ကြီးကမ်းပါအရှေ့မှာ မြင်းစီးပြီး ကျန်ရစ်ခဲ့တဲ့ ရှင်တစ်ပါးကို မြင်တဲ့သူက မြင်ခဲ့ကြရတယ်။
အားလုံးက ဒါဟာ မကြာသေးခင်က ချောက်ကမ်းပါးထဲကို ပြုတ်ကျပြီး သေသွားတဲ့ အင်းချောင်းရွာက ရှင်လောင်းပေတိုးပဲဆိုတာကို တစ်ထစ်ချ ယုံကြည်ခဲ့ကြတယ်။
ဒီအကြောင်းတွေကို အင်းချောင်းရွာသားတွေ ပြန်ကြားတော့ ဒါဟာ သူတို့ရွာကို သက်သက်သိက္ခာကျအောင် စွပ်စွဲတာဆိုပြီး ဒေါသပုန်ထသူတွေ ထကြရသေးတယ်။
ဒါပေမယ့်လည်း မကြာပါဘူး။
ရှင်လောင်းတစ္ဆေ ပေတိုးနဲ့ အင်းချောင်းရွာက လူတိုင်း နဖူးတွေ ဒူးတွေ့ ကြုံရတဲ့ တစ်ရက်ဆီ ရောက်လာခဲ့တယ်။
အဲ့ဒီ့နေ့က...။
အင်းချောင်းရွာက နောက်ထပ် အလှူပွဲတစ်ခုက အလှူလှည့်မယ့်ရက်ပဲ။
မနက်အစောပိုင်း ဝေလီဝေလင်းမှာ ရှင်လောင်းတွေကို အ၀တ်အစားတွေ လဲပေးနေတုန်း အလှူမဏ္ဍာပ်အရှေ့ကနေ ရှင်လောင်းတစ်ပါးက မြင်းကို အမြန်စီးပြီး ဖြတ်သွားတာကို လူအတော်များများ မြင်လိုက်ကြရတယ်။
အချိန်က မပီဝိုးတဝါးနဲ့ဆိုတော့ လာသေးတော့ အဲ့ဒီ့ရှင်လောင်းဟာ ဘယ်သူဘယ်ဝါရယ်ဆိုတာ မသိကြဘူး။
ဒီလိုနဲ့ပဲ ရှင်လောင်းလှည့် ထွက်ခဲ့ကြတယ်။
ထုံးစံအတိုင်းပဲ နတ်ကြီးကမ်းပါးဆီက နတ်နန်းမှာ ရှင်လောင်းတွေကို နတ်ပြဖို့ တန်းစီတော့ တစ်ပါးပိုနေတယ်။ အရေအတွက်ကို ပြန်ကိုက်ညှိပေမယ့် တန်းစီပြီး နတ်ပြချိန်တိုင်း တစ်ပါးက ပိုနေပြန်တာပဲ။
နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး နတ်ပြပြီး ပြန်လာကြတယ်။
ညဘက်ရောက်လို့ ရှင်လောင်းတွေကို သင်္ကန်းစည်းချိန်လည်း ကျရော လူအုပ်ထဲက မိန်းမကြိးတစ်ယောက်ကို ပေတိုးက ၀င်ပူးတော့တာ။
" ငါ့ကိုလည်း သင်္ကန်း၀တ်ပေး---"
မိန်းမကြီးဆီက ရုတ်တရက် အက်ရှတဲ့ အသံကြီးနဲ့ ထအော်တာ။
ပထမတော့ ကြားရသူတို့ ဘာဖြစ်မှန်းမသိ ကြောင်အမ်းကုန်ကြရတယ်။
နောက်တော့မှ မေးကြမြန်းကြရင်း ပေတိုး၀င်ပူးနေတယ်ဆိုတာ သိကြရတော့တာ။
ပေတိုးက သူ့ကို ကိုရင်၀တ်ပေးဖို့ပဲ အော်ဟစ်နေတာ။
ပေတိုးအမေ ဒေါ်အုံးတင် မကဘူး၊ ရွာကျောင်းက ဆရာတော်ကပါ ၀င်ပြီး ဖြောင်းဖျပေမယ့်လည်း ပေတိုး နားမ၀င်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ကိုရင်၀တ်ပေးဖို့ကိုပဲ ပေတိုးက အတွင်တွင် ပြောနေရင်းက မရတော့ ဒေါသတကြီးဖြစ်လာပြီး...။
" အေး...နင်တို့ ငါ့ကို ကိုရင် မ၀တ်ပေးကြဘူး။ နင်တို့နဲ့ ငါနဲ့ တွေ့မယ်..."
ရွာကို ကြိမ်းဝါးပြီးတာနဲ့ ၀င်ပူးခံရတဲ့ မိန်းမကြီး ပျော့ခွေပြီး လဲကျသွားတယ်။
အဲ့ဒီ့နေ့က ပေတိုးရဲ့ ကြိမ်းဝါးနဲ့ ပက်သက်ပြီး နေုာက်ရက်များမှာတော့ တစ်ရွာလုံး ဗြောင်းဆန်အောင် ကြုံတွေ့ရတော့တာ။
******
" ညက ပေတိုး ကျောင်းထဲက ကိုရင်တွေ ခြောက်လှန့်တယ်တဲ့..."
" အေး...ဟိုဘက်ညကလည်း ရွာထဲမှာ မြင်းကြီးနဲ့ ပတ်သွားနေတာ တစ်ရွာလုံး အိပ်မရကြတဲ့ အထိပဲ။ ခွေးတွေ အူတာဆိုတာက ဆူညံနေတော့တာပဲ..."
" ဟုတ်ပါ့ဟယ်။ ညဘက်ရောက်မှာကိုတောင် ကြောက်လာရပြီ..."
တစ်ရက်နှစ်ရက်ပဲ ရှိသေးတယ်။
ရွာထဲမှာ ရှင်လောင်းတစ္ဆေ ပေတိုး ခြောက်လှန့်တဲ့ အကြောင်းတွေက အမျိုးမျိုးအဖုံဖုံဖြစ်နေပြီး ဆူညံပွက်လောကို ရိုက်နေတော့တာ။
ပေတိုးအတွပ်ကို ရည်စူးပြီး အလှူအတန်းလုပ်ပေး၊ အမျှအတန်းပေးဝေပေမယ့်လည်း အခြေအနေက ထူးမလာဘူး။
တဖြေးဖြေးနဲ့ ရွာသူရွာသားတွေ ညဘက်ဆို ပေတိုးရဲ့ သောင်းကျန်းမှုကြောင့် ကျီးလန့်စာစားဘ၀ကို ရောက်လာခဲ့တယ်။
ပေတိုးအမေ ဒေါ်အုံးဆိုရင်လည်း သူ့သားစိတ်နဲ့ အိပ်ရာထဲ ဘုံးဘုံးလဲခဲ့ရတော့တာရယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့...။
******
အင်းချောင်းရွာထိပ်က ဇရပ်ဆီမှာ ယောဂီ၀တ်ဆင်မြန်းထားတဲ့ လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်တို့ ရောက်ရှိနေကြတယ်။
လူကြီးက ဇရပ်ထဲကို ရောက်ပြီး မကြာဘူး။ တစ်စုံတစ်ရာရဲ့ စေ့ဆော်မှုကြောင့် မျက်၀န်းအစုံကို မှိတ်ပြီး အာရုံခံကြည့်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ လူကြီးရဲ့ အာရုံဆီမှာ သွေးသံတရဲရဲနဲ့ ရှင်လောင်းတစ်ပါး ပေါ်လာခဲ့တယ်။
ရှင်လောင်းရဲ့ ပုံစံက ကြောက်မက်ဖွယ်ရာ အဆင်းနဲ့ တကယ့်ကို ရုပ်ပျက်ဆင်းပျက်ပဲ။
ရှင်လောင်းရဲ့ ရုပ်သွားကွယ်သွားတော့ လူကြီးက သက်ပြင်းကို ချပြီး မျက်၀န်းအစုံကို ဖွင့်လာတယ်။
" ဘဘ...ဘာဖြစ်လို့လဲ..."
ကလေးငယ်တစ်ယောက်က မေးလာတာ။
" ဒီရွာမှာ ရှင်လောင်းနဲ့ ပက်သက်တဲ့ အမှောင့် ပယောဂတစ်ခုတော့ ရှိနေပြီ လူလေးရဲ့---"
" ဟင်...ရှင်လောင်းနဲ့ ပက်သက်တယ် ဟုတ်လား ဘဘ။ ဘယ်လိုများလဲ..."
ကျန်တဲ့ ကလေးငယ်ကပါ ၀င်မေးလာတယ်။ လူကြီးက ခေါင်းကို ခပ်သာသာ ခါရမ်းပြီး...။
" ဘယ်လိုရယ်တော့ ဘဘလည်း သေချာမသိသေးဘူး။ အခုနက အာရုံမှာ သွေးသံတရဲရဲနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရှင်လောင်းတစ်ပါးကို တွေ့လိုက်ရတယ်..."
" ဟင်..."
ကလေးငယ်နှစ်ယောက် အံ့သြသွားကြတယ်။
အဲ့ဒီ့အခိုက်မှာပဲ...။
မြက်ခြင်းကိုယ်စီ ထမ်းထားတဲ့ လူနှစ်ယောက် ဇရပ်ဆီကို လှမ်းလာနေတာကို သူတို့ မြင်လိုက်ရတယ်။
မကြာဘူး။
အဲ့ဒီ့ရွာသားနှစ်ယောက်က ဇရပ်ဆီကို ရောက်လာကြပြီး အထဲကို ၀င်လာကြတယ်။
ဧည့်သည်တွေကို မြင်တော့ နှစ်ယောက်စလုံးက တစ်ချက် အကဲခတ်ပြီး ဇရပ်တစ်နေရာမှာ အတူထိုင်ကြတယ်။
" ဟူး...လှတိုးရေ။ ငါတို့ရွာလည်း ပေတိုးကြောင့်နဲ့ ကြာရင် ဖွတ်ဖွတ်ညက်ညက်ကြေတော့မယ်ထင်တယ်ကွာ..."
" အေးကွာ...ညတုန်းလည်း သောင်းကျန်းချက်က အိပ်လို့တောင်းမရဘူး။ အခုမနက်ကျ အလုပ်လုပ်တော့ အိပ်ငိုက်နေရရော..."
ရွာသားနှစ်ယောက်ရဲ့ ညည်းတွားသံကို နားထောင်ပြီးတော့ လူကြီးက...။
" ဒီက မောင်ရင်တို့ရွာမှာ ရှင်လောင်းတစ်ပါးကြောင့် ဒုက္ခတွေများနေတယ်ထင်ပါ့..."
လူကြီးရဲ့ စကားအဆုံး ရွာသားနှစ်ယောက် အံ့သြသွားကြတယ်။
" ဒီက ဆရာကြီးက ဘယ်သူလဲ။ ပြီးတော့...မျက်နှာစိမ်းတွေဖြစ်ပြီး ဒီရွာမှာဖြစ်နေတာကို ဘယ်လိုများ သိနေတာလဲ..."
လူကြီးက ပြုံးတယ်။ ပြီးတော့...
" ကျုပ်နာမည်က ဦးသိဒ္ဒိပါ။ ဒီက ကလေးနှစ်ယောက်ကတော့ ဒိုးကြီးနဲ့ ဒိုးငယ်တဲ့။ ကျုပ်တို့ သုံးယောက်က ဂန္ဓာရီ ခရီးသွားတွေဆိုပါတော့။ ပြောရရင်တော့ မောင်ရင်တို့ ရောက်မလာခင် ဦးကြီးရဲ့ အာရုံမှာ သွေးသံတရဲရဲနဲ့ မြင်းစီထားတဲ့ ရှင်လောင်းတစ်ပါးကိုမြင်မိလိုက်လို့။ တကယ်လို့ ဒီမြင်ထားတဲ့ ကိစ္စဟာ သိပ်ကို ဆိုးရွားလွန်းနေတယ်ဆိုရင်တော့ ကျုပ်တို့က ကူညီပေးသင့်ရင် ကူညီပေးရအောင်လို့ မေးတာပါ..."
ရွာသားနှစ်ယောက်က ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်ဆိုတို့ကို ကြည့်ပြီး ကြည်ညိုအားကိုးတဲ့ အသွင်တွေ ဖြစ်ကုန်ကြတယ်။
တစ်ယောက်က...။
" ဒါဖြင့်ရင်တော့ ကျုပ်တို့ ဆရာကြီးတို့ကို အားကိုးပါရစေဗျာ။ ဖြစ်နေတာကတော့ တော်တော့ကို ဆိုးနေတာဗျ။ အင်း...ဆရာကြိးတို့ကို ပြောပြရရင် ကျုပ်တို့ရွာမှာ တန်ခူးလဆန်းပိုင်းတုန်းက အလှူတစ်ခု လုပ်ရင်း ပေတိုးဆိုတဲ့ ရှင်လောင်းတစ်ပါးက နတ်ကြီးကမ်းပါးမှာ မတော်တဆချောက်ထဲကျပြီး သေသွားတယ်..."
" ဟုတ်တယ် ဆရာကြီး။ သေပြီးတော့ အဲ့ဒီ့ရှင်လောင်းက မကျွတ်ဘဲ ရှင်ပြုအလှူတွေလုပ်တာတွေ့ရင် ရောက်လာပြီး သူ့ကို သင်္ကန်းစည်းပေးဖို့ ၀င်ပူးပြီး ပြောတယ်။ တစ္ဆေသရဲမို့ စည်းပေးလို့မရဘူးဆိုတာကိုလည်း သူက လက်မခံဘူး။ နောက်ကျတော့ အဲ့ဒါကို အကြောင်းပြုပြီးတော့ သူက ရွာထဲမှ ာ ညတိုင်းသောင်းကျန်နေတော့တာပဲ..."
" အင်း...သူက ဘယ်လိုတွေများ သောင်းကျန်းတာလဲ ကျုပ်ကို နဲနဲပြောပြပါဦး..."
လူကြီးက မေးတယ်။ ရွာသားတစ်ယောက်က...။
" ခြောက်တာလှန့်တာတွေကတော့ အစုံပါပဲ ဆရာကြီးရာ။ ညဘက်ဆိုရင် ရွာထဲမှာ လူသူတွေ အိပ်မရအောင်လုပ်တယ်။ ပြီးရင် ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးတွေ ကိုရင်တွေကိုလည်း နေမရလောက်အောင်ကို ကြမ်းကြမ်းတမ်းတမ်းခြောက်လှန့်တာပဲ..."
" ဪ...အဲ့ဒီ့လောက်တောင်ပဲလား။ အင်းလေ...သူ့ခမျာ သင်္ကန်း၀တ်ချင်တာကို ၀တ်မရဘူးဆိုတော့ သနားစရာလည်း ကောင်းလေရဲ့..."
" ဆရာကြီးတို့ ကူညီနိုင်ရင် ကူညီပေးပါဦးဗျာ..."
ရွာသားနှစ်ယောက်က တောင်းဆိုတယ်။
လူကြီးက သူတို့ရဲ့ တောင်းဆိုမှုကို ခပ်သာသာပဲ ခေါင်းညိတ်လို့ လက်ခံခဲ့တယ်။
*******
ညက တိတ်ဆိတ်ငြိမ်သက်နေတယ်။
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့က အင်းချောင်းရွာရဲ့ အရှေ့ဘက်ထိပ်ဆီမှာ ရောက်ရှိနေကြတယ်။
အဝေးဆီက နွေလေပြေသော့သော့က သူတို့သုံးယောက်ဆီကို ကလူကျီစယ်နေလေရဲ့။
ညဉ့်နဲနဲ နက်လာတော့ အဝေးဆီကနေ လာနေတဲ့ မြင်းခွာသံပြင်းပြင်းကို သူတို့ ကြားလိုက်ရတယ်။
" လူလေးတို့ အာရုံခံပြီး ကြည့်ကြည့်ချေ..."
ဒိုးညီနောင်တို့ မျက်၀န်းများကို ပြိုင်တူမှိတ်ပြီး အသံကြားရာဆီကို မှန်းဆအာရုံခံကြည့်လိုက်တယ်။
သွေးသံတရဲရဲနဲ့ ရှင်လောင်းတစ်ပါးက သူတို့ရှိရာဆီကို ဦးတည်ပြီး ပုံပျက်ပန်းပျက် မြင်းတစ်ကောင်ကို အပြင်းမောင်းနှင်ပြီး လာနေတာ။
" ဘဘ...သူ ရောက်တော့မယ်..."
" အင်း..."
ဦးသိဒ္ဒိက ခေါင်းကို ညိတ်ပြီး သူတို့ရဲ့ အရှေ့ ဆယ်တောင်လောက်နေရာဆီကို လက်နဲ့ စည်းတားသလိုမျိုး လုပ်ဆောင်လိုက်တယ်။
စည်းတားပြီးတဲ့အခါကျတော့ ရှင်လောင်းတစ္ဆေက သူတို့နဲ့ အတော့်ကို နီးကပ်နေပြီ။
စည်းကို ရှင်လောင်းတစ္ဆေက ခုန်ကျော်လိုက်တယ်။
အလင်းရောင်တစ်ချို့ တောက်ပလာပြီး ရှင်လောင်းတစ္ဆေနဲ့ သူ့မြင်းကြီး လွင့်စင်သွားတယ်။
ရှင်လောင်းတစ္ဆေက လူးလဲထပြီး သူ့အဖြစ်အပျက်ကို မယုံသင်္ကာဟန်နဲ့ ကြည့်တယ်။
သူ့ဖြတ်လို့မရတဲ့နေရာမှာ ဘာမှမရှိတာကို မြင်တော့ ရှင်လောင်းတစ္ဆေ အံ့သြသွားတယ်။
ပြီးတော့ မြင်းပေါ်ကို ပြန်တက်လို့ တရှိန်ထိုး မောင်းနှင်လိုက်ပြန်တယ်။
အခုနကလိုပါပဲ...။
မြေပြင်ကနေ အလင်းရောင်တွေ လက်ခနဲထွက်ပေါ်လာပြီး ဝုန်းဆိုတဲ့ အသံနဲ့အတူ ရှင်လောင်းတစ္ဆေလွင့်စင်သွား ပြန်တယ်။
ဒီတစ်ကြိမ်တော့ ရှင်လောင်တစ္ဆေ ဒေါသထွက်သွားရပြီး ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လို့ သူ့ကို ရန်ပြုသူကို ရှာတယ်။
ဒိုးညီနောင်တို့ ထိတ်ခနဲဖြစ်သွားတယ်။ ဒါပေမယ့် ဦးသိဒ္ဒိက...
" စိတ်မပူနဲ့ လူလေးတို့ရဲ့။ ဘဘ ကိုယ်ပျောက်မန္တာန်ကို ရွတ်ထားတာမို့ သူ...တို့တတွေကို မမြင်နိုင်ဘူးရယ်..."
ဒိုးညီနောင်တို့ စိတ်အေးသွားရတယ်။
အဲ့ဒီ့အခိုက်မှာ ဦးသိဒ္ဒိက မျက်စိမှိတ် အဓိဋ္ဌာန်ပြုလို့ သူ့လက်ကို အပေါ်ဆီ မြှောက်လိုက်လို့ ဖြန့်ချလိုက်တယ်။
ချက်ချင်းဆိုသလိုပဲ လက်ထဲမှာ သင်္ကန်းပရိက္ခရာရှစ်ပါးက ထင်းခနဲပေါ်လာခဲ့တယ်။
ရှင်လောင်းတစ္ဆေက ဦးသိဒ္ဒိတို့ကို မမြင်နိုင်တော့ ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲမှာ ချိတ်ဆွဲထားသလိုဖြစ်နေတဲ့ ပရိက္ခရာရှစ်ပါးကို တအံ့တသြနဲ့ ကြည့်နေတယ်။
ပြီးတော့ လဲနေရာကနေ ကုန်းထလာပြီး ပရိက္ခရာရှစ်ပါးကို ပြေးဆွဲဖို့ ကြိုးစားတယ်။
အဲ့ဒီ့အချိန်မှာပဲ ဦးသိဒ္ဒိက...။
" ရှင်လောင်း ပေတိုး..."
ရှင်လောင်းတစ္ဆေရဲ့ ခြေလှမ်းတွေက တန့်ခနဲပဲ။ ပြီးတော့ အသံလာရာကို ရှာပေမယ့် သူ့အနေနဲ့ ဘာမှမတွေ့ရဘူးဖြစ်နေတယ်။
" သင်ရဲ့ လက်ရှိဘ၀ အခြေအနေကို နားလည်ပါတော့။ သင်ဟာ အပါယ်လေးဘုံသားထဲမှာ အကျုံး၀င်နေတာမို့ ဒီလိုဘ၀နဲ့တော့ သင်္ကန်း၀တ်၊ သင်္ကန်းစည်းပေးဖို့က မရနိုင်ဘူးလေ။ ဒါကို သင်နားလည်ရမယ်..."
လူကို မတွေ့ရဘဲ အသံပဲ ကြားနေရတာမို့ ရှင်လောင်းတစ္ဆေခမျာ အံ့သြထိတ်လန့်နေမိရဲ့။
" ဒါကြောင့် သင့်အနေနဲ့ သင်္ကန်းစည်းချင်တယ်ဆိုရင် နောင်တစ်ကြိမ် လူဘ၀ကို ပြန်၀င်စားပါမှ စည်းလို့ရမယ်လေ။ ဒီကြားထဲမှာ သင့်ရဲ့ ဘဝဟောင်းက လုပ်ဆောင်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံတို့က တုန့်ပြန်ပေးအပ်လာတာမျိုးရှိမယ်ဆိုရင် သင့်အနေနဲ့ ပေးဆပ်ဖို့ ရှိနိုင်သေးတယ်။ ဒီတော့ သင့်အနေနဲ့ သေချာစဉ်းစားပါ။ ကျွန်ုပ် အနေနဲ့ဆိုရင်တော့ သင့်မှာရှိနေတဲ့ အစွန်းအထင်း၊ ကောင်းမှုဆိုးမှု အရာအားလုံးကို ကျေလည်အောင် ပေးဆပ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ ဘ၀နဲ့မှသာ မြင့်မြတ်တဲ့ ဟော့ဒီသင်္ကန်းကို စည်းနှောင်စေချင်မိပါတယ်..."
ရှင်လောင်းတစ္ဆေ တွေဝေသွားတယ်။
တစ်ဖက်က ပြောလာတဲ့ စကားတွေက သူ့အာရုံ မှာ ထပ်ဖန်တလဲလဲ လွှမ်းမိုးနေလေရဲ့။
ဒါပေမယ့် လူ့ဘ၀တုန်းက သူ့ခမျာ ၀မ်းစာရေးအတွက်ကိုပဲ နေ့ရှိသရွေ့ ရုန်းကန်နေခဲ့ရတာမို့ အရာအားလုံးနဲ့ ကင်းကွာခဲ့ရတဲ့အတွက် သေချာသုံးသပ်နိုင်စွမ်းကတော့ သူ့မှာ မဲ့နေရတယ်။
လေထဲမှာ လွင့်နေတဲ့ ပရိက္ခရာတို့ကို ရှင်လောင်းတစ္ဆေ မော်ကြည့်လိုက်တယ်။ ပြီးတော့ အသံလာရာဆီကို မှန်းဆပြီး...။
" အခုပြောနေတဲ့ သူက ဘယ်သူလဲ။ တန်ခိုးရှင်လား။ ပြီးတော့ ခင်ဗျားက ကျုပ်ကို ကောင်းစေချင်တာလား။ ဆိုးစေချင်တာလား..."
" ကျွန်ုပ်က တန်ခိုးရှင် မဟုတ်ပါဘူး။ သင့်ကို ကောင်းစေချင်တာလား၊ ဆိုးစေချင်တာလား ဆိုတာကတော့ ကောင်းစေချင်တဲ့အတွက်လို့ပဲ ချွင်းချက်မရှိ ဖြေလိုပါတယ်..."
" ဟုတ်ပြီလေ။ ကျုပ်ကို ကောင်းစေချင်တယ်ဆိုတာကိုတော့ နားလည်သွားပြီ။ ဒါပေမယ့် သင်ပြောတာတွေ ဖြစ်လာဖို့အတွက် ကျုပ်က ဘာတွေ လုပ်ရမှာလဲ..."
" သင့်အနေနဲ့ ထွေထူးပြီး ဘာမှ လုပ်စရာမလိုပါဘူး။ အခု သင်မြင်နေတဲ့ သင်္ကန်းပရိက္ခရာရှစ်ပါးကို မနက်ဖြန်မနက်မှာ သင့်အမေကိုယ်တိုင် သံဃာတော်တွေဆီမှာ ဆပ်ကပ်လှူဒါန်းပေးပါလိမ့်မယ်။ လှူဒါန်းပြီးတဲ့အခါမှာ သံဃာတော်တွေနဲ့ သင့်ရဲ့ မိခင်တို့က သင့်နာမည်ကို ခေါ်ပြီး အမျှအတန်းပေးဝေလိမ့်မယ်။ အဲ့ဒီ့အခါကျမှ သင့်အနေနဲ့ ကျွတ်လွတ်ချင်တဲ့ စိတ်ဆန္ဒအပြည့်အ၀နဲ့ သာဓုလိုက်ခေါ်ရုံပါပဲ..."
" သာဓုလိုက်ခေါ်ရုံပဲ...ဟုတ်လား။ ?ာဆို ရပြီလား..."
" ရပါပြီ..."
ရှင်လောင်းတစ္ဆေ တဒင်္ဂငြိမ်သက်သွားတယ်။
အတန်ကြာတဲ့အခါကျတော့မှ...။
" ခင်ဗျား ပြောတာကို ကျုပ် လက်ခံပါတယ်။ တကယ်တမ်းပြောရရင် ကျုပ်လည်း ဒီဘဝြကီးကို စိတ်ပျက်လှပြီ။ ဒီဘဝြကီးမှာ နေရတာ ဘာမှမကောင်းဘူး။ ကျုပ်ကို အားလုံးက ကြောက်နေကြတယ်။ ထိတ်လန့်နေကြတယ်။ အစကတော့ ဒါကို ကျေနပ်မိသလိုလို ဖြစ်ရပေမယ့် အချိန်ကြာလာတော့ ကျပြ် ၀မ်းနည်းလာရတယ်။ ကျုပ် ညတိုင်းငိုနေရတယ်။ သူများတွေ ရှင်လောင်းဖြစ်ပြီး သင်္ကန်း၀တ်တာမြင်ရင်လည်း ကျုပ်ငိုမိတယ်။ အမေ့ကို သတိရရင်လည်း ကျုပ်ငိုမိတယ်။ သူတို့ကိုလည်း မနာလိုစိတ်လည်း ဖြစ်ရတယ်။ ဒေါသလည်း ဖြစ်ရတယ်။ အခု ခင်ဗျားပြော သလို လုပ်မယ်။ ကျုပ် ဒီဘဝြကီးကနေ လွတ်သွားပြီး နောက်တစ်ကြိမ် လူဘ၀ကို ပြန်ရရင် သူများတကာတွေလို လွယ်လွယ်ကူကူနဲ့ သင်္ကန်း၀တ်ခွင့်ရပါစေလို့ ကျုပ် ဆုတောင်းမယ်..."
ရှင်လောင်းတစ္ဆေက ပြောရင်းနဲ့ ရှိုက်ကြီးတငင်ကို ငိုကြွေးတော့တယ်။
ငိုနေတဲ့သူ့ရဲ့ မျက်၀န်းဆီက သွေးမျက်ရည်စတွေက တလိမ့်လိမ့်ကျဆင်းနေတယ်။
ဒိုးညီနောင်တို့ ရှင်လောင်းတစ္ဆေကို ကြည့်ပြီး သနားစိတ်၀င်မိကြတယ်။
ဦးသိဒ္ဒိကတော့ မကောင်းတဲ့အရာတွေကို စွန့်ပါယ်ဖို့ ဆုံးဖြတ်နိုင်ခဲ့ပြီဖြစ်တဲ့ ရှင်လောင်းတစ္ဆေကို ကြည့်လို့ ဂရုဏာသက်နေမိခဲ့တယ်။
အဲ့ဒီ့နောက်မှာတော့...။
ရှင်လောင်းတစ္ဆေက ရွာထဲကို မ၀င်တော့ဘဲ လှည့်ပြန်သွားခဲ့ပြီး ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ ရွာထဲကို ပြန်၀င်ခဲ့ကြပါတော့တယ်...။
*******
နောက်တစ်နေ့မှာတော့...။
အင်းချောင်းရွာရဲ့ ရွာဦးကျောင်းတိုက်ဆီမှာ တစ်ရွာလုံးက တရားနာပရိတ်သတ်တွေနဲ့ ပြည့်လုပြည့်ခင်ဖြစ်နေတယ်။
အရှေ့ဆီကနေ တရားဟောကြားတော်မူနေတဲ့ သံဃာတော်တွေထံဆီမှာတော့ တစ်ရွာလုံးက ဆပ်ကပ်လှူဒါန်းထားတဲ့ သင်္ကန်းပရိက္ခရာတွေ။
တရားဟောကြားမှု ပြီးဆုံးတဲ့အခါကျတော့ လှူဒါန်းမှု အစုစုတို့အတွက် သံဃာတော် အရှင်သူမြတ်တို့က အရှေ့က တိုင်ပေးပြီး ဒေါ်အုံး ဥိးဆောင်တဲ့ တရားနာပရိတ်သတ်တို့က ရေစက်ချ အမျှအတန်းပေးဝြေကတော့တယ်။
သာဓုခေါ်ချိန်မှာကျတော့ အားလုံးရဲ့အသံတွေအထဲမှာမှ သြရှရှနဲ့ အသံတစ်သံက တစ်မူကွဲထွက်နေတာကို အားလုံး သတိထားမိခဲ့ကြတယ်။
နောက်တော့ ကျောင်း၀န်းထဲကနေ ထွက်ခွာသွားတဲ့ မြင်းခွာသံတချို့...။
အဲ့ဒိအချိန်ကစလို့ ရှင်လောင်းတစ္ဆေပေတိုးရဲ့ ခြောက်လှန့်မှုကို အင်းချောင်းရွာဆီတင်မက နတ်ကြီးကမ်းပါးဆီမှာပါ ထပ်မကြုံကြရတော့ဘူး။
ပေတိုးတစ်ယောက် ဘယ်ဘ၀ ဘယ်ဋ္ဌာနီဆီကို ရောက်သွားတယ်ဆိုတာ ဘယ်သူကမှ အတတ်မသိကြပေမယ့် လွတ်ကျွတ်သွားပြီဆိုတာကတော့ သေချာသလောက်ပါပဲ။
ဒီအဖြစ်အပျက်နဲ့ ကြုံဆုံခဲ့ပြီးနောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ခနောင်ဆိုတဲ့ ရွာဆီကို ရောက်ခဲ့ကြရပြီး အဲ့ဒီ့ရွာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို ဖြေရှင်းပေးဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတယ်။
ဒီအကြောင်းကိုတော့ " နတ်ရုပ်တစ်ရာချောက်..." ဆိုတဲ့ ဇာတ်လမ်းမှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦး...။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)

Comments

Popular posts from this blog

သရဲပေတိုး

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

စောရဦးခေါင်း