နတ်ရုပ်တစ်ရာချောက်
"နတ်ရုပ်တစ်ရာချောက် "
+++++++++++
မနက်စောစောအချိန်- - -
ဥဒေါင်းကျေးရွာတစ်ရွာလုံး အလွန်ထုးဆန်းတဲ့ ဖြစ်ရပ်တစ်ခုကြောင့် အုတ်အော်သောင်းနင်းဖြစ်ပျက်နေကြတယ်။
အကြောင်းက - - -
ရွာအလည်ပိုင်းမှာနေတဲ့ အောင်မင်းဆိုတဲ့ ကလေးတစ်ယောက်နဲ့ ရွာစွန်ပိုင်းမှာနေတဲ့ အောင်ပုဆိုတဲ့ ကလေးတစ်ယောက်တို့ ညဦးပိုင်း အိပ်ရာဝင်စဉ်က အကောင်း၊ မနက်လင်းမှ နှစ်ယောက်စလုံး သတိလစ်နေခဲ့တာ ဘယ်လိုမှကို ပြန်နှိုးမရတော့ဘူး။
သေပြီလားဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။ နှစ်ယောက်စလုံးရဲ့ အဖြစ်အပျက်က တိုက်တိုက်ဆိုင်ဆိုင် တူနေပြန်တော့ ရွာကလူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ရတာပေါ့။
ကလေးနှစ်ယောက်ကို ရွာရဲ့ ဆေးဆရာကြီး ဦးလူမော်က သူ့အိမ်မှာပဲ ခေါ်ထားပြီး စမ်းသပ်ကြည့်တယ်။
နှစ်ယောက်စလုံးရဲ့ သွေးလည်ပတ်မှုကတော့ မရှိတော့ဘူး။ ဒါပေမယ့် နှလုံးခုန်သံကိုတော့ ကြားနေရသေးတယ်။
ပုံမှန်ဆို သွေးလည်ပတ်မှုနဲ့ နှလုံးခုန်မှုတို့က ဆက်စပ်နေတာ။ အခုကကျ နှလုံးခုန်သံကိုတော့ ကြားရပြီး သွေးကြောတွေဆီမှာက တိုးခတ်မှု လုံးဝမရှိတော့ဘူး။
ဒီလိုဖြစ်ရပ်မျိုးက ဆေးဆရာကြီးရဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံး မြင်ဖူးတာရယ်။ ဒီတော့ အဖြစ်အပျက်က အထူးအဆန်းဖြစ်ရပြီပေါ့။ ပြီးတော့ ကုသမှုအနေနဲ့ကလည်း ထူးခြားလာတာမျိုး မရှိဘူးလေ။
ဒီလိုနဲ့ နောက်ဆုံးတော့ ဆေးဆရာကြီးလည်း ဖြစ်နိုင်ချေရှိတဲ့ ဆေးတချို့ကို တိုက်ကျွေးကြည့်ပြီး အခြေအနေကို စောင့်ကြည့်နေဖို့ပဲ ဆုံးဖြတ်ချက် ချလိုက်တော့တယ်။
မိသားစုဝင်တွေကိုတော့ အခြေအနေကို စောင့်ကြည့်မယ့်အကြောင်းနဲ့ သိပ်တော့ မျှော်လင့်မထားကြဖို့ မှာထားခဲ့ရလေတယ်။
+++++++++
ည- - -
သန်းခေါင်ယံဆီကို တိုင်ခဲ့ပြီ။
အဲ့ဒီ့အချိန်- - -
" အား-----"
အောင်မင်းနဲ့ အောင်ပုတို့ဆီက ကျယ်လောင်လွန်းတဲ့ အော်ဟစ်သံ။
အသံနက်ကြီးတွေနဲ့ အော်တာမို့ ဦးလူမော်ရဲ့ အိမ်မှာရှိနေတဲ့သူအားလုံး လန့်နိုးလာကြရတယ်။
မီးထွန်းပြီး အောင်မင်းနဲ့ အောင်ပုတို့ကို ကြည့်ကြတော့ နှစ်ယောက်စလုံး ပြူးကျယ်ဝိုင်းစက်တဲ့ မျက်ဝန်းတွေနဲ့ အိမ်ခေါင်မိုးဆီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတယ်။
ဦးလူမော်က သူတို့ကို စမ်းသပ်စစ်ဆေးကြည့်ပေမယ့်လည်း နှစ်ယောက်စလုံးက အသိစိတ်ရှိနေတဲ့ပုံ မရဘူး။
မျက်လုံးတွေအရှေ့ကနေ လက်ထားပြီး ကစားပြပေမယ့်လည်း မျက်လုံးတွေက တုန့်ပြန်မှုလုံးဝမရှိဘဲ ငေးရီကြောင်စီနေဆဲပဲ။
ဦးလူမော်စိတ်ထဲ ထင့်ခနဲ ဖြစ်သွားရတယ်။ ပြီးတော့ သူ့ဆရာပြောဖူးတဲ့ စကားတစ်ခွန်းတချို့ကိုလည်း သတိရမိရဲ့။
" ဆေးဝါးကုသရာမှာ သာမန်ရောဂါဆိုရင် ကုသရ ခက်ခဲသည့်တိုင်အောင် ဆေးဝါးရှာဖွေလို့ရတယ်။ အဲ...အမှောင့်ပယောဂမျိုး ပါလာပြီဆိုရင်တော့ သာမန်ဆေးပညာနဲ့ ကုသဖို့ မလွယ်ကူတဲ့အပြင် ရောဂါကိုလည်း ရှာရခက်ပြီး ပတ်ဝန်းမှာလည်း ပယောဂရဲ့ လှုပ်ရှားမှုတချို့ကို တွေ့ရတတ်တယ်..."
ဦးလးမော် ချက်ချင်းပဲ လူနာကလေးနှစ်ယောက်ဆီက ခွာဖယ်လိုက်ပြီး ဘုရားကျောင်းဆောင်ဆီက ပရိတ်ရေကို သွားစွန့်ယူလာခဲ့လိုက်တယ်။
ပြီးတော့...အောင်ပုနဲ့ အောင်မင်းတို့ဆီကို လက်နဲ့ ဆတ်တောက်လိုက်လေတယ်။
" အီး...."
" ဝုန်း..."
နှစ်ယောက်စလုံးဆီက မချိမဆန့်အော်သံကြီး ထွက်ပေါ်လာပြီး ဝုန်းခနဲ့ ထထိုင်လာကာ ချက်ချင်းပဲ အိပ်ရာဆီကို ပက်လက်လန် ပြန်လဲကျသွားခဲ့တယ်။
ပြီးတော့ ဦးလူမော်ရဲ့ ခြံထဲဆီက ရုန်းရင်းဆန်းခတ် ပြေးလွှားသံတချို့။
ဦးလူမော် အပြေးအလွှားနဲ့ ပြတင်းတံခါးကို ဖွင့်လို့ ခြံထဲကို ကြည့်လိုက်တယ်။
သူ့မျက်ဝန်းထဲမှာ ခြံထဲဆီက ပြေးထွက်သွားကြတဲ့ အရိပ်အယောင်တချို့။
ဦးလူမော်တစ်ယောက် သက်ပြင်းကို ထျမိလိုက်ချေပြီ။
ပြီးတော့ ကလေးနှစ်ယောက်ရဲ့ မိဘတွေဆီကို ပြန်သွားခဲ့ပြီး- - -
" ကဲ...ကလေးတွေရဲ့ မိဘတွေ။ မင်းတို့ကို ဆရာကြီးအနေနဲ့ ပြောပြရမှာကတော့ အားနာတယ်။ အခု ကလေးတွေမှာ စွဲကပ်နေတာကတော့ သာမန်ရောဂါဘယမဟုတ်ဘူး။ အမှောင့်ပယောဂရဲ့ ဘမ်းစား၊ ပြုစားခြင်းတွေပဲ။ ဒါကို ဖြေရှင်းဖို့ကတော့ ဆရာအနေနဲ့က မစွမ်းသာဘူး။ ဒီတော့ စွမ်းသာနိုင်မယ့်သူကို ရှာဖွေကြဖို့ အကြံပြုလိုပါတယ်..."
ဆေးဆရာကြီးရဲ့ စကားကြောင့် အောင်ပုတို့ မိဘတွေ စိုးရိမ် ထိတ်လန့်ကုန်ကြတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ရပ်ရွာဝန်းကျင်မှာက ပယောဂကို ကုသနှိမ်နင်းဖို့ဆိုတာက စွမ်းသာတဲ့ ဆရာမျိုးဆိုတာ တစ်ဦးတစ်ယောက်တောင် မထွန်းကားခဲ့ဖူးဘူး။
အခု ကလေးတွေမှာ ကြုံနေရတာက ပယောဂဆိုတာကို သူတို့လည်း မျက်မြင်ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းတောင် မသိကြတော့ဘူး။
" ဆရာကြီးရယ်...ကျုပ်တို့ ကလေးတွေကို တစ်ခုခုနဲ့ ကယ်တင်ပေးဖို့ကော မဖြစ်နိုင်ဘူးလား။ သေချာ စဉ်းစားကြည့်ပါဦး ဆရာကြီးရယ်..."
" ဟုတ်တယ် ဆရာကြီး။ ကျုပ်တို့နဲ့ အနီးတဝိုက်မှာက ဆရာကြီးပြောသလို ပယာဂဆရာဆိုတာက ရွှေထက်ကို ရှားပါးနေတာ။ ကျုပ်တို့ရဲ့ ကလေးတွေကို ကယ်တင်ဖို့ နည်းလမ်းရှာပေးပါဦး ဆရာကြီးရယ်။ ကယ်တင်ပေးပါဗျာ..."
ကလေးနှစ်ယောက်ရဲ့ မိဘတွေက ကူရာကယ်ရာမဲ့နေတာမို့ ရှိရင်းစွဲကိုပဲ အားကိုးတိုက်တွန်းမိလိုက်ကြတယ်။
ဒါပေမယ့် ဆေးဆရာကြီးက ခေါင်းကို ခါရမ်းလိုက်ပြီး...။
" ဒါမျိုးတွေကျ ဆရာကြီးအနေနဲ့ နားလည်တတ်ကျွမ်းမှုမရှိဘူး။ ပြီးတော့ ကြားဖူးနားဝအရ တတ်ကျွမ်းနားလည်သူနဲ့ပဲ ကုသပေးသင့်တယ်..."
ဆရာကြီးရဲ့ ငြင်းဆန်မှုကြောင့် ကလေးနှစ်ယောက်ရဲ့ မိသားစုတွေ စိတ်ပျက် အားငယ်သွားကြရတယ်။
" ဘယ်လိုလုပ်ကြရမလဲ..."
" ငါတို့လည်း မပြောတတ်တော့ပါဘူး..."
မိသားနှစ်စုတို့ရဲ့ ပြောစကားတွေကို ဆေးဆရာကြီး ဦးလူမော် စိတ်ကမပါပေမယ့် လစ်လှူရှုထားမိရတယ်။
" ကဲပါလေ...ဘာပဲဖြစ်ဖြစ် ညဥ့်လည်းနက်လှပြီဆိုတော့ ကလေးတွေနဲ့ ခင်ဗျားတို့အားလုံး ဒီတစ်ညတော့ ကျုပ်ရဲ့ အိမ်မှာပဲ အိပ်စက်လိုက်ကြပေါ့..."
ရွာရဲ့ အတွင်းမှာပဲဆိုပေမယ့် ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေကြောင့် နှစ်ဖက်မိသားစုတို့ ဦးလူမော်ရဲ့ စကားကို ငြင်းဆန်မှုမပြုခဲ့ကြပါဘူး။
*******
" အို...လုပ်ကြပါဦးတော်၊ က...ကလေးတွေ မရှိတော့ဘူး..."
အောင်ပုအမေရဲ့ အော်သံကြောင့် အားလာံး လန့်နိုးလာကြရတယ်။
ညတုန်းက အဖြစ်အပျက်အပြီးမှာ အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကုန်ကြတာ အခု အောင်ပုအမေရဲ့ အော်သံကြားရတဲ့အထိပဲ။
အိပ်မှုန်စုန်မွှားနဲ့ ကလေးတွေကို ထရှာကြတယ်။
ဒါပေမယ့် တစ်အိမ်လုံးတင်မက၊ ခြံထဲအထိပါ နှံ့သွားတယ်။ ကလေးတွေရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရဘူး။
အခြေအနေက ရုတ်ရုတ်သဲသဲဖြစ်ရပြီ။
မိသားစုအရေးကနေ ရပ်ရွာအရေးဖြစ်ခဲ့ပြီး တစ်ရွာလုံး ဝိုင်းဝန်းရှာဖွေကြဖို့ ဖြစ်လာခဲ့တယ်။
ရပ်အနှံ့၊ ရွာအနှံ့ ရှာကြပေမယ့် ကလေးတွေရဲ့ အရိပ်အယောင်ကိုတောင်မှ မတွေ့ရဘူး။
သေသလား၊ ရှင်သလား ဆိုတာကလည်း မသိနိုင်၊ မိသားစုတွေကလည်း ငိုယိုကုန်ကြပြီ။
ဒီလိုနဲ့- - -
နေ့ခင်းဘက်အချိန်မှာတော့ ဥဒေါင်းရွာထဲဆီကို ယောဂီအဝတ် ဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက် ရောက်လာခဲ့တယ်။
သူတို့က ရွာထဲကို ဝင်လာပြီးတာနဲ့ အောင်ပုတို့ အိမ်ဆီကို တန်းဝင်သွားတယ်။
" ဒီကတို့ရဲ့ ကလေး မကျန်းမမာဖြစ်ပြီး ထူးထူးဆန်းဆန်းဖြစ်ရပ်နဲ့ ပျောက်ဆုံးနေတယ်ဆိုတာ ဟုတ်ပါသလားလို့..."
ယောဂီဝတ်လူကြီးက မေးလာတယ်။
ဒီတော့ အောင်ပုတို့ မိဘတွေက ဟုတ်မှန်ကြောင်း ဖြေမိကြပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြတယ်။
ပြီးတော့ လူကြီးတို့ရဲ့ အသွင်အပြင်ကြောင့် အကူအညီတောင်းဖို့ စဉ်းစားလိုက်ကြတယ်။
ဒါပေမယ့် လူကြီးက သူတိူ့ အကြံကို ကြိုသိနေပြီး လက်ကာပြလို့- - -
" ဒီကိစ္စက သာမန်သွေးရိုးသားရိုး မဟုတ်ဘူး။ အမြင်နိုင်တဲ့ လောကတစ်ခုနဲ့ ဆက်စပ်နေတာရယ်။ ဒီက မိဘတို့တော့ စိတ်မပူကြနဲ့။ ဒီကိစ္စအတွက် ဘကြီးတို့ ကူညီပေးမယ်..."
သူတို့ ပြောမယ့်စကားကို ကြိုပိတ်ပြီးပြောလာတဲ့ လူကြီးကြောင်ဘ အောင်ပုတို့မိဘတွေ အံ့အားသင့်သွားကြတယ်။
" ကဲ...ကဲ...ဒီကတို့လည်း လုပ်စရာရှိတာ လုပ်ကြချေ။ ဘကြီးတို့လည်း ကလေးတွေကို ကယ်တင်ဖို့ ကြိုးစားချေဦးမယ်..."
လူကြီးနဲ့ ကလေးနှစ်ယောက်တို့ ရွာအပြင်ကို ပြန်လည်ထွက်ခွာသွားကြတယ်။
ရွာထဲကလူတွေကတော့ သူတို့အကြောင်းကို ပြောရင်း ကျန်ရစ်ခဲ့ကြတာပေါ့။
+++++++++
ဒိုးညီနောင်နဲ့ ဦးသိဒ္ဒိတို့ ရွာအပြင်ဘက်ကို ရောက်လာခဲ့တယ်။
ရွာထိပ်ပိုင်းဆီက ညောင်ပင်ကြီးတစ်ပင်ဆီရောက်တော့ နတ်ကွန်းငယ်လေးတစ်ခုကို တွေ့ကြရလေရဲ့။
ဦးသိဒ္ဒိက နတ်ကွန်းငယ်လေးရဲ့ အရှေ့မှာ ရပ်လိုက်တယ်။
" ဒီရွာကို စောင့်ရှောက်အပ်တဲ့ ရွာစောင့်နတ်၊ ကျွန်ုပ်ရဲ့ အရှေ့မောက်ကို အခုပဲရောက်ရှိလာဖို့ ဖိတ်ကြားအပ်ပါတယ်..."
ဦးသိဒ္ဒိရဲ့ စကားသံအဆုံး နတ်ကွန်းရဲ့ အရှေ့ဆီမှာ အထက်အောက် အဝတ်ဖြူကို ဝတ်ဆင်ထားတဲ့ အသက်ကြီးကြီး လူတစ်ယောက် ပေါ်လာခဲ့တယ်။
" ကျွန်ုပ်က ဒီရွာရဲ့ ရွာစောင့်နတ်ပါပဲ။ အခု ဒီက ပုဂ္ဂိုလ်တို့ ကျွန်ုပ်ကို ဖိတ်ကြားမှုကြောင့် အရောက်လာရပါတယ်။ ဘာအတွက်ကြောင့်များ ဖိတ်ကြားအပ်ပါသလဲ..."
ရွာစောင့်နတ်က မေးလာတယ်။
ဦးသိဒ္ဒိက...။
" ကျွန်ုပ်တို့က ခရီးသည်တွေပါ။ ဟော့ဒီ့ရွာကအဖြတ် မကောင်းတဲ့ အငွေ့အသက်တချို့ကြောင့် ဝင်ပြီး စုံစမ်းတာမှာ ကလေးငယ်နှစ်ယောက် အမှောင့်ပယောဂရဲ့ နှောက်ယှက်ခံရပြီး ပျောက်ဆုံးနေတယ်လို့ သိရတယ်။ ဒါက ဘယ်လို ဖြစ်ရတာလဲ။ ရွာစောင်နတ်မင်း သိရင် ပြောပြပေးပါ..."
" ကျွန်ုပ်သိပါတယ်။ ဒီကလေးတွေက ဇာတိလို့ နာမည်ရှိတဲ့ ဘီလူးအပိုင်စားတဲ့ နတ်ရုပ်တစ်ရာချောက်ဆီမှာ နွားကျောင်းသွားကြရင်း အဲ့ဒီ့က ရုပ်ထုတစ်ခုကို မဖွယ်မရာကိစ္စတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ အဲ့ဒီ ဇာတိဘီလူးရဲ့ အစေအပါးတွေက ကလေးတွေကို ပြုစားခေါ်ဆောင်သွားခဲ့တာပါ..."
ဦးသိဒ္ဒိ အံ့သြသွားတယ်။
" ဟင်...ဒါဖြင့် သူတို့တတွေ ရွာထဲကို ဝင်တာကို ဝင်ချိန်တုန်းက သင်က မတားမြစ်ဘူးလား..."
ရွာစောင့်နတ်က ခေါင်းကို ခါရမ်းလိုက်တယ်။
" ကျွန်ုပ်အနေနဲ့ တားမြစ်ဖို့ မစွမ်သာပါဘူး။ သူတို့က ကလေးတွေကို ကြိုတင်ဖမ်းစားနှင့်ထားပြီးမှ ဝင်ရောက်လာကြတာပါ။ လာခေါ်ချိန်မှာလည်း အုပ်နဲ့သင်းနဲ့ လာခေါ်ဆောင်သွားခဲ့တာပါ။ ပြီးတော့ နတ်ရုပ်တစ်ရာချောက်ရဲ့ အပိုင်စားဖြစ်တဲ့ ဇာတိဘီလူးဟာ သက်တမ်းရှည်ကြာပြီဖြစ်ပြီး စွမ်းအားကလည်း အင်မတန်ကြီးပါတယ်။ ဒါကြောင့် ကျွန်ုပ်အနေနဲ့တော့ သူတို့ကို ရင်ဆိုင်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်ုပ် မကြည့်သာပေမယ့် ရှောင်ဖယ်နေခဲ့ရပါတယ်..."
ဦးသိဒ္ဒိသက်ပြင်းကို ချလိုက်တယ်။
" အင်းလေ...ဟုတ်ပါပြီ။ ဒါဖြင့်လည်း ဒီကကို ကျုပ်အပြစ်မတင်တော့ပါဘူး..."
" ကျေးဇူးတင်ပါတယ် အရှင်..."
" ကဲ...ဒါဖြင့်လည်း တို့တတွေကို နတ်ရုပ်တစ်ရာချောက်ဆီသွားဖို့အတွက် လမ်းညွှန်ပေးချေဦး..."
" ကျွန်ုပ် ညွှန်ပေးပါ့မယ်။ ဒီကနေလမ်းအတိုင်း အရှေ့ဘက်စူးစူးကို တစ်တိုင်လောက်သွားပါ။ ပြီးရင်တော့ လက်ယာဘက် လျိုအစပ်ကနေ ကပ်ပြီးဆင်းသွားခဲ့ရင် နတ်ရုပ်တစ်ရာချောက်ဆီကို ရောက်ပါလိမ့်မယ်..."
" သင်သွားလို့ ရပါပြီလေ..."
ရွာစောင့်နတ် ကွယ်သွားခဲ့တယ်။
အဲ့ဒီ့နောက်မှာတော့ ဦးသိဒ္ဒိတို့ သုံးဦးဟာ ရွာစောင့်နတ် ညွှန်ပြတဲ့လမ်းအတိုင်း နတ်ရုပ်တစ်ရာချောက်ဆီကို ဥိးတည် ထွက်ခွာခဲ့ပါတော့တယ်။
+++++++++
ညနေစောင်းအချိန်- - -
ဦးသိဒ္ဒိတို့ လျိုနံဘေးကနေ ကပ်ပြီးလျှောက်နေတုန်း...။
" ဟား...ဟား...ဟား..."
" ခစ်...ခစ်...ခစ်..."
ပတ်ဝန်းကျင် အနှံ့ဆီက ထွက်ပေါ်လာတဲ့ အမျိုးမျိုးသော ရယ်မောသံတို့ကို ကြားလိုက်ရတယ်။
" အင်း...ရွာစောင့်နတ်ပြောသလိုပဲ ဇာတိဘီလူးရဲ့ အပေါင်းအပါတွေက မနဲမနောပါလား..."
ဦးသိဒ္ဒိက ခပ်တိုးတိုး ရေရွတ်တော့ ဒိုးညီနောင်တို့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိကြတယ်။ သစ်ပင်တွေလွဲပြီး တခြားဘာမှ ရှိမနေဘူး။
" ဘဘ...ဒီအနေကို ကြည့်ရတာတော့ ကျုပ်တို့ နတ်ရုပ်တစ်ရာ ချောက်ဆီကို ရောက်တော့မယ်နဲ့ တူတယ်..."
ဒိုးငယ်က ပြောလာတာ။ ဦးသိဒ္ဒိက...
" အင်း...ဟုတ်တယ် လူလေးရဲ့။ ဟိုး အရှေ့က ကျောက်တုံးမည်းမည်းကို လွန်ရင် နတ်ရုပ်တစ်ရာချောက်ပေပဲ..."
သူတို့ ဆက်လှမ်းခဲ့ကြပြီး ကျောက်တုံးမည်းကြီးအနားဆီကို ရောက်တော့ ထွက်ပေါ်နေတဲ့ ရယ်မောသံတွေ အားလုံးက တိခနဲရပ်တန့်သွားတယ်။
ပတ်ဝန်းကျင်က သာမန်ထက်ကို ပိုကဲပြီး တိတ်ဆိတ်သွားတယ်။
ကျောက်တုံးမည်းကြီးကို ကျော်လိုက်ချိန်ကျတော့ ချောက်တစ်ခုထဲဆီမှာ နေရာအနှ့ ပြည့်လုနီးနီး ဖြစ်နေတဲ့ ရုပ်တုတွေကို ဦးသိဒ္ဒိတို့ တွေ့လိုက်ကြရတယ်။
အရုပ်တစ်ချို့က ကျိုးပျက်နေပြီး အနဲစုကသာ အကောင်းပကတိကျန်ရစ်လေတယ်။
" ရုပ်ထုတွေက အများကြီးပဲ။ ဒါကြောင့်လည်း နတ်ရုပ်တစ်ရာချောက်လို့ သမုတ်ချေတာပေါ့..."
ဦးသိဒ္ဒိက ရေရွတ်တယ်။
အဲ့ဒီအခိုက်မှာပဲ ပတ်ဝန်းကျင်ဆီက တော်လဲသံကြီး ထွက်ပေါ်လာပြီး အမှောင်ထုတစ်ခုကလည်း ချောက်ဆီကို လွှမ်းမိုးလာတယ်။
" အင်း...ဒီအခြေအနေကို ကြည့်ရတာတော့ ဇာတိဘီလူးဟာ ကတယက္ခအနွယ်ဝင်ပဲ။ ဒါပေမယ့် ရွာစောင့်နတ်ပြောသလို သက်တမ်းအနေအထားကြောင့် စွမ်းအားက မသေးချေဘူးရယ်..."
" ကတယက္ခ ဟုတ်လား ဘဘ။ အဲ့ဒါက ဘာကို ပြောတာလဲ..."
" အင်း...ကတယက္ခဆိုတာက ဘီလူးရုပ်ထုဆစ်ချိန်မှာ နက္ခတ်အချိန်နဲ့ ကိုက်ညှိပြီး မန္တာန်တွေနဲ့ အသက်သွင်းထားခဲ့တဲ့ အစီအမံကြောင့် ဖြစ်တည်လာတဲ့ ဘီလူးပေါ့။ ပုံမှန်ဆိုရင်တော့ ဒီလိုဘီလူးတွေက တန်ခိုးသိဒ္ဒိကြီးမားလေ့ မရှိဘူး။ ဒါပေမယ့် အခုဇာတိဘီလူးကတော့ သက်တမ်းအားဖြင့် ရှည်ကြာပြီမို့ တန်ခိုးသိဒ္ဒိက သာမန်ထက် ကဲသွားခဲ့တာရယ်..."
ဦးသိဒ္ဒိရဲ့ စကားကို ဒိုးကြီးရော ဒိုးငယ်မှာ မှတ်သားလိုက်ကြတယ်။
" ကဲ...လူလေးတို့ အခုနေတော့ ဘာမှမလုပ်ချေနဲ့ဦး။ နှုတ်ကနေတော့ ကိုယ်လုံအောင် ဘုရားဂုဏ်တော်ကိုးပါးကို အာဂုံဆောင်ထားကြ..."
" ဟုတ်ကဲ့ ဘဘ..."
ဦးသိဒ္ဒိပြောတဲ့အတိုင်း ဒိုးညီနောင်တို့ ဘုရားဂုဏ်တော်ကိုးပါးကို အာဂုံဆောင်လိုက်ကြတယ်။
" ဝေါ...ဂျစ်...ဂျစ်..."
ရုပ်တုတွေက တုန်ခါ ရွေ့လျားလာတယ်။
ပြီးတော့ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကျယ်လောင်လွန်းတဲ့ ရယ်မောသံကြီးတစ်ခုကလည်း ထွက်ပေါ်လာလေရဲ့။
" ဟမ်း...မဆီမဆိုင် ဆရာဂိုဏ်းဝင်ထားပြီး ငါ့နေရာကို ခွင့်မတောင်းဘဲ ကျူးကျော်ဝံ့သပေါ့..."
သြရှကြမ်းတမ်းစွာနဲ့ ခြိမ်းခြောက်လာတဲ့ စကားသံ။
" ကျွန်ုပ်တို့ ကိစ္စတစ်ခုကြောင့် ဒီချောက်ဆီကို ရောက်လာကြတာပါ။ အခု စကားပြောတဲ့ ဇာတိယက္ခကိုလည်း ကိုယ်ထင်ပြပေးဖို့ တောင်းဆိုပါတယ်..."
ဦးသိဒ္ဒိက မေတ္တာရပ်ခံသလို ပြောပေမယ့် တစ်ဖက်က တုန့်ပြန်မှု ရှိမလာဘူး။ ရုပ်တုတွေဆီက ဟားတိုက်ရယ်မောသံတွေ အများအပြားပဲ ထွက်လာခဲ့တယ်။
ဦးသိဒ္ဒိက အိတ်ထဲက ဆေးလုံးလေးတစ်လုံးကို ထုတ်ယူပြီး မန္တာန်တစ်ပုဒ်အုပ်လို့ တုန်ခါနေတဲ့ ရုပ်တုတွေရှိရာဆီကို ပစ်သွင်းလိုက်တယ်။
" ဝုန်း..."
ကျယ်လောင်တဲ့ အသံနဲ့အတူ တုန်ခါနေတဲ့ ရုပ်တုတွေ ငြိမ်သက်သွားပြီး ရယ်မောသံတွေလည်း ပျောက်ရှသွားတယ်။
" ဪ...သင်က ဘယ်ဆိုးလို့တုန်း..."
သြရှတဲ့ အသံက ထွက်ပေါ်လာခဲ့ပြန်ပြီး ရုတ်တရက် ဦးသိဒ္ဒိတို့နဲ့ မလှမ်းမကမ်းဆီမှာ အနီရောင်အဝတ်အစားနဲ့ သန်လျက်ကိုင် ဘီလူးတစ်ကောင် ထွက်ပေါ်လာခဲ့တယ်။
" ကဲ...ကျွန်ုပ်က သင်တို့ ဘာကိစ္စနဲ့ ကျွန်ုပ်ဆီကို လာကြရတာတုန်း။ နယ်မြေချဲ့ထွင်ဖို့ ကျူးကျော်လာတာဆိုရင်တော့ ကျွန်ုပ်ရဲ့ ဟော့ဒီ့သံလျက်က သင်တို့ရဲ့ ခေါင်းကို ဖြတ်ရလိမ့်မယ်..."
ဇာတိယက္ခက မေးလည်းမေး ကြိမ်းလည်း ကြိမ်းလာတယ်။ ဦးသိဒ္ဒိက...
" ကျုပ်တို့က ဒီနေရာကို ကျူးဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ဒီကနေ နှစ်ပြလောက်ဝေးတဲ့ ဥဒေါင်းရွာက ကလေးငယ်နှစ်ယောက်ကို သင့်ရဲ့ ငယ်သားတွေက ပြုစားခေါ်ဆောင်သွားတယ်လို့ သိရတဲ့အတွက် လိုက်လံပြီး ခေါ်ဆောင်ပေးတာပါ။ ကလေးတွေကို ကျွန်ုပ်တို့ဆီကို ပြန်ပေးဖို့ မေတ္တာရပ်ခံပါရစေ..."
ဇာတိယက္ခ အံ့သြသွားတယ်။
ပြီးတော့ ချက်ချင်းပဲ မာန်တင်းလိုက်ပြီး...။
" ဟုတ်ပြီလေ။ ကလေးတွေကို ကျွန်ုပ်ရဲ့ ငယ်သားတွေက ခေါ်ဆောင်လာတယ်ဆိုတာကိုတော့ ကျွန်ုပ်မသိထားဘူး။ ထားလိုက်ပါ။ ဒါက ကျွန်ုပ်ဖြေရှင်းပေးလို့ရတဲ့ ကိစ္စပါ။ ကလေးတွေကို ကျွန်ုပ် ပြန်ယူပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ဒီကလေးတွေကို သင်တို့ ပြန်လိုချင်တယ်ဆိုရင်တော့ သင်တို့ထဲက တစ်ယောက် ကျွန်ုပ်နဲ့ ပညာပြိုင်ဖို့တော့ လိုလိမ့်မယ်။ သင်တို့နိုင်ရင် ကလေူတွေကို ကျွန်ုပ် ပြန်ယူပေမယ်။ မနိုင်ရင်တော့ ဒီကလေးတွေကို ကျွန်ုပ်ရဲ့ ငယ်သားတွေ စားသောက်ဖို့ သင်ထားခဲ့ရလိမ့်မယ်..."
ဇာတိယက္ခက မာန်တက်လွန်းလှတဲ့ စကားကို ဆိုလိုက်တယ်။
ဦးသိဒ္ဒိက ဇာတိယက္ခရဲ့ စကားကို လက်ခံလိုက်ပြီး- - -
" ကောင်းပြီလေ- သင်နဲ့ ကျွန်ုပ် ယှဉ်ပြိုင်ပါ့မယ်။ ဘယ်လို ယှဉ်ပြိုင်ရမလဲဆိုတာကို ပြောပါ..."
" ဟား...ဟား...ဟား..."
ဇာတိယက္ခက ဟက်ဟက်ပက်ပက် ရယ်မောလိုက်တယ်။ ပြီးတော့...
" ဟုတ်ပြီလေ...ကျွန်ုပ်ကလည်း ဒီလို အခွင့်အရေးမျိုးကို မျှော်လင့်နေခဲ့တာ။ ကဲ...ဘယ်လို ယှဉ်ပြိုင်မလဲဆိုတာတော့ တိုက်တာနဲ့ ခုခံတာ နှစ်ခုထဲက သင်တစ်ခုရွေးပါ။ သုံးကြိမ်သုံးခါ ယှဉ်ပြိုင်မှုမှာ နိုင်ဖို့လိုပါတယ်..."
ဦးသိဒ္ဒိက ခေါင်းကို ညိတ်လိုက်တယ်။
" ကောင်းပါပြီ သင်တိုက်ပါ။ ကျွန်ုပ် ခုခံပါ့မယ်..."
ဇာတိယက္ခက သဘောတူလိုက်တယ်။
" ကဲ...လူလေးတို့ ဒီကနေ နဲနဲလှမ်းတဲ့ဆီမှာ သွားနေကြပါ..."
ဒိုးညီနောင်တို့ ဦးသိဒ္ဒိရဲ့အနားကနေ အနောက်ကို ဖယ်ခွာခဲ့ကြတယ်။
" ရပါပြီ...သင် အဆင်သင့်ဖြစ်ရင် စ'ပါတော့..."
ဦးသိဒ္ဒိက ပြောပြီးတာနဲ့ မျက်ဝန်းအစုံကို မှိတ်ပြီး မြတ်ဗုဒ္ဓဟောကြားအပ်တဲ့ မေတ္တာသုတ်တော်ထဲက အနှစ်ချုပ်အပိုဒ်နေရာကို ဥုံခံလို့ မန္တာန်အဖြစ် ရွတ်ဆိုနေလိုက်တယ်။
အခုနကတည်းက ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုပြီး ကိုယ်လုံထားစေခဲ့တာမို့ နံဘေးဝန်းကျင်မှာ ပါးလွှာလွန်းတဲ့ အကာအရံတစ်ခုက ရှိနေခဲ့လေရဲ့။
တစ်ဖက်က ဇာတိယက္ခက ဦးသိဒ္ဒိကို တိုက်ခိုက်ဖို့ ပြင်ချေပြီ။
ဇာတိယက္ခက ဦးသိဒ္ဒိဆီကို အဝေးကနေ သန်လျက်နဲ့ ခုတ်ပိုင်းသယောင်လုပ်လိုက်တယ်။
" ဝေါ...ဂျစ်...ဂျစ်..."
သံလျက်ရဲ့ အသွားဆီက အော်မြည်သံတွေနဲ့အတူ နီစွေးတဲ့ ဓားသွားသဏ္ဍာန်စက်တွေက ဦးသိဒ္ဒိဆီကို တိုးဝင်လာခဲ့တယ်။
" ဖြန်း...ဖျောင်း...ဖျောင်း..."
ဇာတိယက္ခရဲ့ စက်တွေက ဦးသိဒ္ဒိနဲ့ ငါးပေလောက်အကွာအရောက်မှာ တစ်စုံတစ်ခုက တားမြစ်ခုခံထားသလိုပြီး ကျိုးပျက်ကုန်ခဲ့တယ်။
" သင်က ခုခံနိုင်သားပဲ..."
ဇာတိယက္ခက ရေရွတ်လိုက်ပြီးတာနဲ့ နောက်ထပ်တစ်မျိုး တိုက်ခိုက်ဖို့ ကြိုးစားတယ်။
ဒီတစ်ကြိမ်တော့ သူ့မျက်လုံးဆီက နီရဲ့တောက်ပတဲ့ စက်တွေထွက်လာခဲ့ပြီး ဦးသိဒ္ဒိဆီကို ပြေးဝင်ခဲ့တယ်။
ဦးသိဒ္ဒိကတော့ မျက်ဝန်းအစုံကို မှိတ်ပြီး မတုန်မလှုပ်နဲ့ ရှိနေဆဲပဲ။
" ဝေါ...ဖျစ်...ဖျစ်..."
ပထမအကြိမ်တုန်းက အတိုင်းပါပဲ။ သူ့ရဲ့ သက်တွေက ဦးသိဒ္ဒိရဲ့ အနားကို ရောက်တာနဲ့ အကာအကွယ်တစ်ခုနဲ့ ထိမိလိုက်သလိုဖြစ်ပြီး ကျိုးပြတ်ကုန်ရတယ်။
အခုထိ ဦးသိဒ္ဒိကို ထိခိုက်မှု မရှိသေးတော့ ဇာတိယက္ခ အလွန်ကို စိတ်ဆိုးသွားခဲ့ရပြီ။
သူ့ခန္ဓာကိုယ်ကို လှုပ်ခတ်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ နဂိုရှိရင်းစွဲ ခန္ဓာကိုယ်ထက် သုံးဆလောက်ကြီးမားသွားခဲ့တယ်။
" ဒီတစ်ခါတော့ သင်ခုခံနိုင်မယ် မထင်ဘူး။ သေဖို့သာ ကြံပေတော့..."
ဇာတိယက္ခက ဦးသိဒ္ဒိဆီကို လှမ်းလာခဲ့ပြီး နင်းချေဖို့ လုပ်ဆောင်လိုက်တယ်။
ဦးသိဒ္ဒိကတော့ မတုန်မလှုပ်ရပ်နေလျက်ပါပဲ။ ဒိုးညီနောင်တို့ကလည်း ပညာပြိုင်ပွဲကို အသက်ရှူဖို့ မေ့နေတော့မတတ် ကြည့်နေမိကြတယ်။
" အရှင်...သူ့ကို သေအောင်သတ်..."
" ဒါမှ ငါတို့ အရှင်ကွ..."
ဇာတိယက္ခကို အော်ဟစ်အားပေးသံတွေက အကောင်အထည်တွေ မမြင်ရဘဲ နေရာအနှံ့ဆီက ထွက်ပေါ်လာသည်။
" ဟင်..."
ဇာတိယက္ခရဲ့ ခြေထောက်က ဦးသိဒ္ဒိရဲ့ အပေါ်ကို မြှောက်ပြီး နင်းချေဖို့ ပြင်နေတုန်း လေထဲမှာပဲ တန့်သွားခဲ့ရတယ်။ ပြီးတော့ အောက်ဆီက ဖြူစင်တောက်ပလွန်းတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာပြီး ပြင်းထန်တဲ့ တွန်းအားတစ်ခုနဲ့အတူ ဇာတိယက္ခ လွင့်စင်သွားခဲ့ရပါပြီ။
ဇာတိယက္ခ လွင့်စင်ထွက်သွားပြီး မြေဆီကို ပြုတ်ကျတော့ နဂိုမူလ ပုံစံအတိုင်းပဲ ရှိနေခဲ့ပြီ။ အော်ဟစ်နေကြတဲ့ အသံတွေလည်း ပျောက်ခြင်းမလှ ပျောက်ခဲ့ရပြီ။
ဦးသိဒ္ဒိက ဇာတိယက္ခရဲ့ အနားဆီကို သွားလိုက်တယ်။
" ဇာတိယက္ခ...သင့်အနေနဲ့ ကတအနွယ်ဝင်ယက္ခဖြစ်ပြီး ဒီလောက်အစွမ်းရှိနေတာနဲ့ပဲ ကျေနပ်လိုက်ပါ။ သင်တို့ ကတအနွယ်ဝင်တွေဟာ သက်တမ်းကန့်သတ်ချက်မရှိတာမို့ အမှီအတွယ်တည်ရင် တည်သလောက် ရှင်သန်ကြမှာပါ။ ဒါကြောင့် ဒါကိုပဲ အရင်းပြုပြီး အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ဖို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်..."
ဇာတိယ္ခ မာန်လျော့ခဲ့ရပြီ။
ဦးသိဒ္ဒိရဲ့ အရှေ့မှာ ဒူးထောက်လိုက်တယ်။
" ကျွန်ုပ်မှားပါတယ်...အဘသိဒ္ဒိ။ တန်ခိုးသိက္ခာကြောင့် မာန်မာနထားခဲ့မိပါတယ်။ ခွင့်လွှတ်ပေးပါ။ နောက်ပြီးတော့ ကျွန်ုပ်ကို တစ်စုံတစ်ခုကိုလည်း မေးခွင့်ပြုပါ အဘသိဒ္ဒိ..."
" ရပါတယ် မေးပါ..."
" အခြားတော့ မဟုတ်ပါဘူး။ ကျွန်ုပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းရည်က နတ်ဘီလူးတွေနီးနီးလောက်ကို ရှိနေတာပါ။ ဒါကို အဘသိဒ္ဒိက ဘယ်လိုများ ချေဖျက်နိုင်ခဲ့တာပါလဲ..."
ဦးသိဒ္ဒိက ပြုံးလိုက်တယ်။ ပြီးတော့...
" သုံးလောကရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ တို့မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်နဲ့ သတ္တလောကကြီး အလုံးစုံကို လွှမ်းမိုးနိုင်တဲ့ မေတ္တာသုတ္တံကြောင့်ပါပဲ..."
" ထူးတော့ ထူးဆန်းတယ်။ ဒီလိုအဖြစ်အပျက်ကို ကျွန်ုပ်ကြုံခဲ့ဖူးတယ်။ အရင်က ဒီနေရာကို လူသားတချို့ ရောက်လာချိန်မှာ သူတို့ငို ကျွန်ုပ်က ခြောက်လှန့်ခဲ့တယ်။ ဟန့်တားဖို့ သူတို့တတွေ ဒီလိုမျိုးတွေ ရွတ်ဆိုခဲ့ဖူးတာပဲ။ ဒါပေမယ့် ကျွန်ုပ်ကို မဟန့်တားနိုင်ခဲ့ဘူးလေ..."
ဦးသိဒ္ဒိက ခေါင်းကို ခါရမ်းလိုက်တယ်။
" ဇာတိယက္ခ သင်နားလည်အောင် ပြောရရင်တော့ သံချင်းတူပေမယ့် ဓားမဖြစ်သေးဘူး။ အဆောက်အဦးနဲ့ ဥပမာပြရရင် အုတ်ခဲတွေကို သရိုးနဲ့ တစ်လုံးချင်းစီ စီမံပါမှ အဆောက်အဦးဖြစ်သလိုပါပဲ။ ကျွန်ုပ်က ဂါထာ၊ မန္တာန်တွေကို အာဂုံဆောင်ခဲ့တာ အကြိမ်ပေါင်း ထောင်သောင်းမကတော့ဘူး။ ဒီတော့ အဆောက်အဦး အဖြစ်တည်နိုင်ခဲ့ပါပြီ။ သံချင်းတူပေမယ့် ကျွန်ုပ်ရဲ့ အားထုတ်မှုကြောင့် ဓားဖြစ်ခဲ့ပါပြီ။ ဒီလောက်ဆို သင်သဘောပေါက်ပြီလို့ ယူဆပါတယ် ..."
" ကျွန်ုပ် သဘောပေါက်ပါပြီ..."
ဇာတိယက္ခက ဦးသိဒ္ဒိဆီမှာ ထပ်မံပြီး ဝန်ချတောင်ပန်ခဲ့တယ်။
အဲ့ဒီ့နောက်မှာတော့ သူ့ရဲ့ အစေအပါးတွေ ဖမ်းဆီးထားတဲ့ ကလေးတွေကို ဖမ်းစားမှုတွေ ဖြေလျော့ပြီး သူတို့ကိုယ်တိုင်ပဲ မိဘတွေဆီ ပြန်ပို့ပေးခဲ့တယ်။
အချိန်က ညဥ့်နက်လှပြီဆိုတော့ သူတို့ ပြန်ပို့ပေးခဲ့တာကို ဥဒေါင်းရွာက ရွာစောင့်နတ်ကလွဲပြီး ဘယ်သူမှ မသိခဲ့ဘူး။
မနက်မိုးလင်းပါမှ ကလေးတွေ ပြန်ရောက်နေပြီး ကျန်းကျန်းမာမာနဲ့ ရှိနေတာ တွေ့ကြရပြီး အားလုံးဝမ်းသာ ပျော်ရွှင်ကုန်ကြတယ်။
အဖြစ်အပျက်ကို မေးကြည့်တော့ အောင်ပုနဲ့ အောင်မင်းတို့က နတ်ရုပ်တစ်ရာချောက်ထဲကို နွားပျောက်ရှာရင်း ရောက်သွားကြပြီး ရုပ်တုတွေကို တွေ့တော့ ကလေးတို့သဘာ၀ အဆော့လွန်ခဲ့မိကြတာ။
ဒါကနေပဲ မထင်မှတ်ဘဲ သူတို့အသက်ဆုံးပါးလုနီးနီး ဖြစ်ခဲ့ရတယ်။
အခုတော့ သူတို့တတွေအားလုံး နတ်ရုပ်တစ်ရာချောက်ထဲကို ခြေဦးတောင် မလှည့်ရဲခဲ့ကြတော့ဘူး။
နတ်ရုပ်တစ်ရာချောက်ဟာလည်း အဲ့ဒီ့ကနေ နောက်တစ်ရက်မှာတော့ ချောက်ထဲမှာ ရှိနေတဲ့ ရုပ်တုတချို့ဟာ ပျောက်ကွယ်သွားခဲ့တယ်။
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ ညတွင်းချင်းကိုပဲ နတ်ရုပ်တစ်ရာချောက်ဆီကနေ မူလရည်မှန်းရာဆီကို ခရီးဆက်လက်ခဲ့ကြပါတယ်။
အဲ့ဒီ့လို ခရီးဆက်ကြရင်းနဲ့ ရွာတစ်ရွာဆီကို ရောက်ချိန်ကျတော့ အဲ့ဒီ့ရွာက လူတချို့ဟာ အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ အစီအရင်တစ်ခုရဲ့ အတိုက်အခိုက်ကို ခံနေကြရပါတယ်။
ဒီအကြောင်းကိုတော့ " သွေးသောက်ကျောက်လက်ဝါး" ဆိုတဲ့ စာမူမှာ ဆက်လက်ဖတ်ရှုပေးကြပါဦးခင်ဗျာ...။
နောင်ရိုး(ဆေးတပ်)
Comments
Post a Comment