အောင်မြတ်သာနှင့်ကွမ်တိယအစွဲ
" အောင်မြတ်သာနှင့်ကွမ်တိယအစွဲ "
+++++++++++++++++++++
မီးခိုးတလူလူထွက်နေတဲ့ ပျဉ်ထောင်အိမ်တစ်လုံးရှေ့ကို ဆန်အိတ်ထမ်းထားတဲ့လူတစ်ယောက် မယောင်မလည်နဲ့ရောက်လာခဲ့တယ်။
" အစ်မဝင်း အစ်မဝင်း ---ဒါ အစ်မဝင်းတို့အိမ်လား"
လည်ချောင်းကွဲမတတ်အော်နေတဲ့အသံကြောင့် ကလေးသုံးယောက်ကို ထမင်းကျွေးနေတဲ့ အစ်မဝင်း အိမ်ရှေ့ကိုထွက်လာပြီး
" အေး ဘယ်သူများလဲကွယ့်"
" ဆရာက ငါ့အိမ်ကို ဆန်တစ်အိတ်ပို့လိုက်ဆိုလို့ လာပို့တာပါ"
" အော် အေးအေး ဆန်အိတ်ကို အိမ်ရှေ့မှာပဲချထားလိုက်လေ"
မဝင်းစကားကြောင့် ဆန်အိတ်ထမ်းထားတဲ့လူက ပခုံးပေါ်ကအိတ်ကို ပစ်ချလိုက်ပြီး
" အစ်မ ဆရာ ဒီည နောက်ကျမယ်လို့ပြောတယ် .. အဲဒါအစ်မတို့ သားအမိတွေ ထမင်းစားချင်ရင် စားထားနှင့်ဆိုပြီးမှာခဲ့လို့"
" နင်တို့ဆရာ ဘယ်အရက်ဝိုင်းသွားပြန်ပီလဲ --- ငါတော့စိတ်ညစ်ပါတယ်"
" ဘယ်သွားမလဲတော့ကျွန်တော်မသိဘူးအစ်မ .. ဆရာကအဲလိုပဲပြောလိုက်တာ"
" အေးအေး တကူးတကလာပိုပေးတာ ကျေးဇူးတင်ပါတယ်"
ဆန်လာပို့တဲ့သူထွက်သွားတော့ မဝင်း အိမ်ထဲပြန်ဝင်ပြီး ဘဲဥဟင်းနဲ့ထမင်းစားနေကြတဲ့ လူမမယ်ကလေးသုံးယောက်ကိုကြည့်ကာ သက်ပြင်းရှည်တစ်ချက်ချလိုက်မိတယ်။
+++++++
ညဦးပိုင်းရောက်တော့ လမ်းထိပ်ကနေ သီချင်းဆိုပြီး ပြန်လာတဲ့ ဦးတင်ရဲ့အသံကိုကြားလိုက်ရတယ်။
" ဟေ့ မိန်းမ အေ့... မဝင်း.... ငါခေါ်နေတာမကြားဘူးလား"
" ကိုတင် ရှင်မူးလာရင် အေးဆေးနေပါ ကလေးတွေလဲ အိပ်နေကြပီ လာလာ ထမင်းစားရအောင်"
" ဘာ... ထမင်းစားဖို့ဟုတ်လား.. စာကလေးဆိုတဲ့ကောင်ကို ငါမှာထားတာ ဒီကောင်မပြောဘူးလား"
" သူကပြောပါတယ် ကျုပ်က ရှင်ပြန်လာမှ တူတူစားဖို့စောင့်နေတာ၊ ကလေးတွေကတော့ စားပြီးကြပြီ"
" ဟေ့ မဝင်း ညဉ်းက အိမ်ထောင်ဦးစီးဖြစ်တဲ့ ငါ့စကားကို အဖက်မလုပ်တာပေါ့လေ ဟမ်၊ ငါက ထမင်းစားထားဆိုစားထားပေါ့ ဘာလို့မစားရတာလဲ"
" ကိုတင် ရှင်မူးလာရင် မရစ်ပါနဲ့တော့ ပတ်ဝန်းကျင်ကိုလဲအားနာဦး"
" ဘယ်သူ့ကိုအားနာရမှာလဲ ကိုယ့်ထမင်းကိုယ်စားပြီးနေတာ အေ့ --- ဝုန်း ---"
မူးမူးနဲ့ အိမ်နောက်ဖေးမှာ ထောင်ထားတဲ့ဆန်ပုံးကို တွန်းချလိုက်တဲ့အချိန် အိပ်ပျော်နေတဲ့ကလေးသုံးယောက်လန့်နိုးလာခဲ့တယ်။
" သားနဲ့သမီးတို့ နိုးလာပြီလား အေ့, အဖေဆန်ပုံးကို တိုက်မိသွားလို့ ဆန်တွေဖိတ်ကျသွားတာ ပြန်ကောက်ထည့်လိုက်ကြဦး။ ကောက်ထည့်ရင်လဲ ကြမ်းကြားထဲမှာ ဆန်တစ်စေ့မှကျန်တာမမြင်ချင်ဘူးနော် ကြားလား"
ကလေးတွေက ဖခင်ဖြစ်သူကို ကြောက်ပြီး ကျနေတဲ့ဆန်တွေကို တစ်လုံးမှမကျန်အောင် ကောက်ထည့်နေတဲ့အချိန် မဝင်းကတော့ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့တယ်။
ကိုတင် မူးလာရင် အဲလိုရစ်တတ်သလို အမူးပြေသွားချိန်ဆိုရင်တော့ သူမဟုတ်သလို မျက်နှာထားနဲ့ ပြန်ချော့တတ်တယ်။ ကိုတင်က သုံးရွာစုရွာရဲ့ စပါးဒိုင်စာရေးဖြစ်တဲ့အတွက် စပါးပေါ်ချိန်ဆို အိမ်ထဲမှာ ဆန်အိတ်တွေဆိုတာ ထောင့်တိုင်းထောင့်တိုင်းမှာထောင်ထားရတဲ့အထိ အဆင်ပြေခဲ့တယ်။ ကိုတင်က ညနေစောင်းဆိုရင် ဟိုဘက်ရွာမှာ ဖွင့်ထားတဲ့အရက်ပုန်းဆိုင်ကိုသွားတတ်တယ်။ ဟိုဘက်ရွာရောက်ဖို့က သုံးရွာစုသင်္ချိုင်းကိုဖြတ်မှရတယ်။ဒါကြောင့် တစ်ခါတစ်လေ အရက်သောက်လို့အရှိန်လွန်သွားတဲ့နေ့တွေဆိုရင် အရက်သမားအတော်များများက ပြန်မလာကြတော့ပဲ ဆိုင်မှာပဲအိပ်လိုက်ကြတယ်။
ဒီနေ့လဲ ကိုတင်တို့အဖွဲ့သားတွေ သောက်စားရင်းနေခဲ့တာ ညရှစ်နာရီအချိန်ရောက်လာခဲ့တယ်။
" မောင်တင် အချိန်လဲလင့်နေပီ ဒီညတော့ ငါတို့ဆီမှာပဲအိပ်လိုက်တော့"
" အေ့ မရဘူးကွ အိမ်မှာ ငါ့မိန်းမနဲ့ ငါ့ကလေးတွေရှိသေးတယ် ငါအိမ်ပြန်မှဖြစ်မယ်"
" အချိန်ကလင့်နေလို့ပြောတာ နောက်ပြီး သင်္ချိုင်းထဲကဖြတ်ပြန်ရမှာဆိုတော့---"
"ဟေ့ကောင် ပွကြီး အဲလိုကြောက်တတ်တဲ့ထဲမှာ မောင်တင်မပါဘူးကွ.. ကြိုက်တဲ့သရဲလာခြောက်စမ်း နှစ်ခါပြန်သေသွားဦးမယ် ဟက်ဟက်"
" မင်းအဲလို တစွတ်ထိုးလုပ်နေ တစ်နေ့မင်းဒုက္ခရောက်မယ်"
" ရောက်ပါစေကွာ.. ဒီညတော့ငါပြန်မှဖြစ်မယ် ဖိုးမဲရေ ငါ့အတွက် ဝက်သားသုတ်တစ်ပွဲ ပါဆယ်ထုပ်ပေး "
ကိုတင်က ဝက်သားသုတ်မှာပြီး ခွက်ထဲကျန်တဲ့လက်ကျန်အရက်ကိုဖြတ်ကာ မတ်တပ်ထရပ်လိုက်တယ်။
" ရော့ ကိုတင် ဝက်သားသုတ်ရပြီ .."
" အေး ရော့ ဒီမှာ အရက်ဖိုးနဲ့အမြည်းဖိုး အော် နေဦး မင်းရဲ့ဓါးမြောင်တစ်လက်ငါ့ကိုဒီညငှားလိုက်ကွာ နောက်နေ့လာပြန်ပေးမယ်"
" ယူသွားလေ ... တစ်ယောက်ထဲပြန်မှာဆိုတော့ လိုကာမယ်ကာဆောင်ထားသင့်တယ်"
ဖိုးမဲက တဲနံရံမှာထိုးထားတဲ့ ဓါးမြောင်ကို ကမ်းပေးလိုက်တယ်။ ကိုတင်လဲ ဓါးမြောင်ကို ခါးကြားထိုးကာ ဒယိမ်းဒယိုင်နဲ့ ပြန်ထွက်လာခဲ့တယ်။
တစ်ယောက်ထဲ ရီဝေရီဝေနဲ့လျောက်လာခဲ့တာ လရောင်အောက်မှာ အစီအရီဖြစ်နေတဲ့ မြေပုံတွေ၊ အုတ်ဂူတွေကိုမြင်တော့မှ သင်္ချိုင်းကိုဖြတ်နေပြီဆိုတာ သတိထားမိလိုက်တယ်။ သင်္ချိုင်းအလယ်လောက်လဲရောက်ရော လက်ထဲမှာ ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ဝက်သားသုပ်ကို တစ်ယောက်ယောက်က လှမ်းဆွဲနေသလို ခံစားလိုက်ရတယ်။
" အေ့ ဘယ်ကောင်လဲကွ ငါ့အထုပ်ကိုဆွဲနေတာ ၊ ဒီအထုပ်က ငါ့မိန်းမနဲ့ကလေးတွေစားဖို့ဝယ်လာတာ ၊ မင်းတို့စားချင်ရင် ကိုယ့်ဘာသာဝယ်စား"
ကိုတင်က မူးမူးနဲ့အော်ပြောရင်း ဆက်လျောက်လာရာ အထုပ်ကိုနောက်တစ်ကြိမ်ထပ်ဆွဲပါလေရော။
" ဟာ ငါလုပ်ရင်သေတော့မယ် လာခဲ့ နောက်တစ်ခါလာဆွဲရင် ဓါးမြောင်နဲ့ထိုးပစ်မှာ"
ကိုတင်က ဓါးကြိမ်းကြိမ်းပြီး ဆက်လျောက်လာခဲ့တာ သင်္ချိုင်းထိပ်နားလဲရောက်ရော အနောက်ကနေ အတင်းဆွဲလုပြန်ရော။
ဒီတစ်ခါမှာတော့ ကိုတင် သည်းမခံနိုင်တော့ ခါးကြားထဲက ဓါးမြောင်ကိုထုတ်ကာ လာဆွဲတဲ့လက်ကို ဓါးမြောင်နဲ့ထိုးချပြီးကြည့်လိုက်ရာ တစ်ကိုယ်လုံး စွတ်စွတ်ဖြူနေတဲ့ သရဲမတစ်ကောင် ငယ်သံပါအောင် အော်ပြေးသွားတာမြင်လိုက်ရတယ်။ အိမ်ရောက်တော့ မိန်းမဖြစ်သူကို အကျိုးအကြောင်းပြောပြတော့
" ရှင် ပြောတဲ့အတိုင်းဆိုရင် ကျုပ်မစားရဲဘူး ရှင်ဝယ်ခဲ့တာ ရှင်ပဲစားလိုက်တော့"
ကိုတင်လဲ ဘယ်လိုမှပြောမရတဲ့အဆုံး သူဝယ်လာတဲ့ဝက်သားသုပ်ကိုစားဖို့အထုပ်ကိုဖြေလိုက်ရာ
" ဟင် ဝက်သားသုတ်က ဘယ်လိုဖြစ်လို့ မုန့်စိမ်းပေါင်းတွေဖြစ်နေတာလဲ" လို့ရေရွတ်ကာ အေးစက်တောင့်တင်းနေတဲ့ မုန့်စိမ်းပေါင်းတွေကို ပလုပ်ပလောင်းစားချလိုက်တယ်။
မနက်မိုးလင်းတော့ ညက ဝက်သားသုပ်ကနေ မုန့်စိမ်းပေါင်းဖြစ်နေတဲ့အကြောင်းကို အပေါင်းအသင်းတွေကိုပြောပြတော့
" ငါတို့ပြောသားပဲ ညကြီးအချိန်မတော် မင်းမို့လို့ မကြောက်မရွံ့ဝက်သားသုပ်အထုပ်ကိုင်ပြီး သင်္ချိုင်းထဲကဖြတ်ရတယ်လို့"
" ဒီနေ့တော့ အလုပ်စောစောသိမ်းပြီးသွားမယ်ကွာ အလင်းရောင်ရှိချိန်ပြန်တာကတော့ ဘာမှမဖြစ်လောက်ပါဘူး"
သောက်ဖို့ဆိုရင်နှစ်ခါမခေါ်ရတဲ့ အပေါင်းအသင်းတွေက ကိုတင်ရဲ့စကားကို ဝမ်းသာအားရ ထောက်ခံခဲ့ကြတယ်။ ဒီညနေတော့ အစောကြီးရေချိန်ကိုက်တဲ့အတွက် ကိုတင်တစ်ယောက် မမှောင်ခင်သင်္ချိုင်းထဲကနေဖြတ်ထွက်လာနိုင်ခဲ့တယ်။ သင်္ချိုင်းအပြင်ကိုရောက်တော့ ညောင်ပင်တစ်ပင်အောက်မှာ စွန့်ထားတဲ့ အိမ်တွင်းအုန်းကိုမြင်ပြီး အိမ်ကိုကောက်ယူလာခဲ့တယ်။
အိမ်ပေါ်ကို လက်တစ်ဖက်မှာ အိမ်တွင်းအုန်း လက်တစ်ဖက်မှာ ဖိနပ်ကိုကိုင်ပြီး ကိုးယို့ကားယားတက်လာတဲ့ လင်ယောင်္ကျားကိုမြင်တော့
" ကိုတင် ဘယ်ကအိမ်တွင်းအုန်းကြီး ယူလာတာလဲ"
" လမ်းမှာတွေ့လို့ ကောက်လာတာ သူများအိမ်တွေဆိုရင် ဒီလိုအုန်းတွေဆွဲကြတယ် ငါတို့အိမ်မှာကျတော့ အဲလိုတွေမရှိဘူးလေ"
" အမလေး မြတ်စွာဘုရား ကိုယ်ကျိုးတွေတော့နည်းကုန်တော့မှာပဲ အဲလိုလုပ်တာက သူတို့ရိုးရာမို့လို့လုပ်တာလေ ရှင့်မှာက ဘာရိုးရာမှမရှိတာ"
" တိတ်စမ်း ငါယူလာရင် ကိုးကွယ်လိုက် စကားအရစ်မရှည်နဲ့ ရော့ အိမ်ခန်းထဲမှာသွားချိတ်ထား"
" ရှင်ဒီလောက် ကိုးကွယ်ချင်နေလဲ ကျွန်မကိုယ်တိုင် နားလည်တတ်ကျွမ်းတဲ့သူနဲ့ တိုင်ပင်ပြီး အုန်းအသစ်ဆွဲပေးပါမယ် ဒီယူလာတဲ့အုန်းကိုတော့ သွားစွန့်လိုက်ပါရှင်"
" အေး အဲလိုဆိုရင်တော့ ငါလက်ခံသေးတယ် ရော့ ငါထမင်းစားဦးမယ် နင်ပဲသွားပစ်လိုက်တော့"
ကိုတင်က လက်ထဲက အိမ်တွင်းအုန်းကို မဝင်း လကိုပေးပြီးရေချိုးဖို့ထွက်သွားခဲ့တယ်။ မဝင်းလဲ နောက်နေ့ကျတော့ နတ်ကတော်ကိုပင့်ပြီး အိမ်တွင်းအုန်းဆွဲလိုက်ပါလေရော။
ကိုတင်ကတော့ အိမ်ပြန်ရောက်တိုင်း ခန်းဆီးအနီနဲ့တင့်တယ်နေတဲ့ အိမ်တွင်းအုန်းကိုကြည့်ပြီး ဝမ်းသာမဆုံးတစ်ပြုံးပြုံးဖြစ်နေလေရဲ့။မကြာြာပါဘူး ကိုတင် တစ်ယောက် ဖောက်ပါလေရော။
" မဝင်း ... မဝင်း ... ဘယ်ရောက်နေတာလဲ"
အချိန်မတော် ခြံရှေ့ကနေအော်နေတဲ့အသံကြောင့် အငယ်မကိုသိပ်နေတဲ့ မဝင်း ထလာပြီး
" ကိုတင် အချိန်ကိုလဲကြည့်ဦး ညဆယ်နာရီကျော်နေပြီ ဘာလို့စွတ်အော်နေတာလဲ"
" နင့်ကိုပြမလို့ ခေါ်နေတာ ဒီမှာကြည့်စမ်း ..."
ကိုတင်က လက်ထဲမှာဆွဲလာတဲ့အရာတစ်ခုကို ထောင်ပြလိုက်ရာ တောင်လိပ်တွေဖြစ်နေတာမြင်လိုက်ရတယ်။
" ဟင် လိပ်တွေပါလား ... "
" ဟုတ်တယ် ဒီမနက် စပါးလာဝယ်တဲ့ဧည့်သည်တွေက ငါ့အတွက်လက်ဆောင်ပေးလိုက်တာ ဒီညတော့ လိပ်သားစွတ်ပြုတ်လုပ်သောက်ရမယ်"
" ဒုက္ခပါပဲ အိမ်တွင်းအုန်းဆွဲထားရင် လိပ်တွေကို အိမ်ပေါ်မတင်ရဘူးလို့ နတ်ကတော် အမေစိန်က မှာခဲ့တယ်"
" ဟာ အလကား လျောက်ပြောနေတာ သူလဲသူ့ဘာသာနေ ငါလဲ ငါ့အိမ်ငါလုပ်ချင်တာလုပ်မယ် ရော့ ရေနွေးနဲ့ပြုတ်ထားလိုက်"
မဝင်းက ကြောက်ကြောက်လန့်လန့်နဲ့ ကမ်းပေးတဲ့လိပ်ကိုယူပြီး အိမ်ပေါ်တက်လာတဲ့အချိန် အခန်းထဲမှာဆွဲထားတဲ့ အိမ်တွင်းနတ်စင်ထဲကနေ ကျယ်လောင်တဲ့ တောက်ခတ်သံတစ်ချက်ထွက်လာခဲ့တယ်။ သိပ်မကြာခင်မှာပဲ အိမ်ခန်းထဲမှာ ဒုန်းဒိုင်းဒုန်းဒိုင်းနဲ့လမ်းလျောက်သံတွေ အိမ်နံရံကို ထုရိုက်တဲ့အသံတွေကြောင့် အိပ်ပျော်နေတဲ့ကလေးတွေအကုန် လန့်နိုးပြီး ကြောက်လန့်တစ်ကြား ငိုပါလေရော။ ကိုတင်လဲ သူ့ကလေးတွေငိုတာ အိမ်တွင်းအုန်းကြောင့်ဆိုပြီး အခန်းထဲက အုန်းဆွဲကိုညတွင်းချင်းဖြုတ်ကာ လွှင့်ပစ်လိုက်ပါလေရော။
မဝင်းကတော့ မူးလာရင် ဇွတ်တရွတ်လုပ်တတ်တဲ့ ယောင်္ကျားဖြစ်သူကိုမလွန်ဆံရဲတဲ့အတွက် ဖြစ်သမျှကိုအံကြိတ်ရင်ဆိုင်ခဲ့တယ်။ အုန်းဆွဲကိုလွှင့်ပစ်ပြီး နောက်တစ်နေ့ကျတော့ ကိုတင် အစောကြီးအိမ်ပြန်ရောက်လာခဲ့တယ်။
အရက်မသောက်ပဲ ရုပ်တည်နဲ့အိမ်ပြန်လာတဲ့ ကိုတင်ကိုမြင်တော့ တစ်အိမ်လုံးအံ့ဩနေတဲ့အချိန်
" ကလေးတွေ ဒီကိုလာခဲ့..."
ဖအေဖြစ်သူခေါ်တာကြောင့် ကလေးတွေက ကြောက်ကြောက်နဲ့အနားကပ်လာတဲ့အချိန်
" မကြောက်ကြနဲ့ အသံလဲမထွက်ကြနဲ့ ငါလုပ်တာထိုင်ကြည့်နေ ... မဝင်း နင်က အိမ်တံခါးကိုလိုက်ပိတ်"
အတည်ပေါက်နဲ့ပြောနေတဲ့ ကိုတင် စကားကြောင့် မိန်းမဖြစ်သူက အိမ်တံခါးတွေကိုလိုက်ပိတ်လိုက်တယ်။
ကိုတင်လဲ အိမ်တံခါးတွေပိတ်ပြီးတာနဲ့ အိမ်နောက်ဖေးမှာရှိတဲ့ ဓါးမတစ်ချောင်းကိုယူကာ အိမ်တွင်းအုန်းထားတဲ့နေရာရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး ကလေးတွေကို ရယ်ကျဲကျဲနဲ့ နောက်လှည့်ကြည့်ကာ လက်ကိုဓါးနဲ့ခုတ်ပါလေရော။
ဓါးမက လက်သန်းကိုထိပြီး သွေးတွေဖြာခနဲထွက်လာတဲ့အချိန် မဝင်းက ငယ်သံပါအောင်အော်ပြီး
" အမလေး လာကြပါဦး.. ကိုတင် တစ်ယောက် ဘာဖြစ်နေလဲမသိပါဘူး အိးဟီးဟီး"
မဝင်းအော်သံကြောင့် ဘေးအိမ်ကလူတွေရောက်လာတဲ့အချိန် ကိုတင်က ရယ်ကျဲကျဲမျက်နှာနဲ့ သွေးတွေကို လက်နှစ်ဖက်နဲ့ယူပြီး သူ့ဆံပင်တွေနဲ့ပွတ်သပ်နေတာမြင်လိုက်ရတယ်။
" ကိုတင် သတိထားဦးလေ ... မဝင်း အဝတ်တစ်ခုယူဦး နင့်ယောင်္ကျားလက်က သွေးထွက်လွန်နေတယ်"
ဘေးအိမ်က ဦးလှစိန်စကားကြောင့် မဝင်းလဲ လုံချည်တစ်ထည်ကိုယူပြီး ပြတ်ထွက်သွားတဲ့လက်သန်းနေရာကိုအုပ်လိုက်တဲ့အချိန်
" မဝင်း ခုနက ပြတ်သွားတဲ့ ငါ့လက်သန်း ဘယ်မှာလဲ"
" ဟိုမှာ သွေးအိုင်ထဲမှာ ----- "
ကိုတင်လဲ ဘေးလူတွေကို ဘာတစ်ခွန်းမှမပြောပဲ ပြတ်သွားတဲ့လက်သန်းကိုယူပြီး အိမ်ပေါ်ကနေ ဆင်းသွားခဲ့တယ်။ အိမ်အောက်ရောက်တော့ ပြန်လှည့်ကြည့်ပြီး
" တစ်ယောက်မှ ငါ့အနောက်လိုက်မလာကြနဲ့" လို့အော်ကာ ရွာထိပ်ဘက်ကိုထွက်သွားခဲ့တယ်။ မနက်ရောက်တော့ လက်သန်းကို ပြတ်ထွက်တဲ့နေရာမှာချုပ်ပြီးပြန်ရောက်လာတဲ့ကိုတင်ကိုမြင်တော့
" ရှင်ညက ဘာတွေလုပ်ခဲ့တာလဲဆိုတာ သိရဲ့လား".
" ငါသိတာပေါ့ ဓါးမနဲ့ငါ့လက်ကိုခုတ်ခဲ့တာမဟုတ်လား-----"
" ဟုတ်တယ်လေ ဘာကြောင့် ဒီလိုလုပ်ရတာလဲ အခုရှင်လက်တစ်ဖက်က မွေးရာပါလိုမဟုတ်တော့ဘူးပေါ့"
" ညကဖြစ်စဉ်ကို ငါအကုန်သိတယ် ဒါပေမယ့် ငါ့လက်ကို ထိန်းလို့မရခဲ့ဘူး ဒါကြောင့် လုပ်ချင်တာလုပ်ဆိုပြီး လွှတ်ထားပေးလိုက်တာ "
မဝင်းလဲ လူရွတ်ကြီးကိုတင်ကို ကြည့်ပြီး "အော်"လို့သာရေရွတ်လိုက်မိတယ်။ကိုတင်က မူးလာရင် စိတ်ထဲထင်ရာလျောက်လုပ်တတ်တဲ့ လူရွတ်တစ်ယောက်။ ကိုတင် မူးလာပြီဆိုရင် ရွာထဲက ကလေးတွေ ပျော်ပြီ။ ဘာလို့ဆိုတော့ အိမ်မရောက်မချင်း ဖြတ်သမျှ မုန့်သည်အကုန်ခေါ်ပြီး ကလေးတွေကို ဝေပေးတတ်တဲ့သူ။ အချို့ခေါင်းဗျက်ထိုးဈေးသည်တွေက ကိုတင် မူးပြီးပြန်လာတာနဲ့ဆုံရင် ရှိသမျှ အရွက်တွေအသီးတွေထိုးရောင်းတတ်ကြတယ်။ အဲလိုနေ့ဆိုရင် အိမ်ကလူတွေ အသီးအရွက်နဲ့နှစ်ပါးသွားပေတော့။
ဒိလိုနဲ့ တစ်ရက်မှာတော့ နံကရိုင်းမယ်တော်ရုပ်ထုကို ရင်ဝယ်ပိုက်ပြီး ပြန်ရောက်လာခဲ့တယ်။
" မဝင်း ဒါက အမေနံကရိုင်းလို့ခေါ်တယ် ခြံထဲမှာကိုးကွယ်ဖို့ ယူလာခဲ့တာ"
" ကိုတင် ရှင်ပေါက်ကရတွေလုပ်ပြန်ပီလား ... ဒါတွေက သူ့ရိုးရာရှိသူမှ ကိုးကွယ်ကြတာလေ "
" ဟာ စကားမများနဲ့ ငါလုပ်ဆိုလုပ်လိုက်ပေါ့ ... ဘာလဲ နင်ကမလုပ်ချင်လို့လား"
" ဟုတ်တယ် အဲလိုမျိုးတွေမလုပ်ရဲဘူး လုပ်ချင်သပဆိုလဲ ရှင့်ဘာသာလုပ်"
မဝင်း စကားကြောင့် ကိုတင်က ရုပ်ထုကို အိမ်ပေါ်ယူတင်လာပြီး
" ဒီညတော့ အမေနံကရိုင်းက ဘုရားကျောင်းဆောင်အောက်မှာ တစ်ညအိပ်လိုက်ပါ။ နောက်ရက်ကျမှ ခြံထဲမှာ နတ်ကွန်းဆောက်ပေးမယ်"လို့ပြောပါလေရော။
နောက်ရက်ကျတော့ ကိုတင်ရဲ့ ခြံဝင်းထဲမှာ နတ်ကွန်းတစ်ခုတိုးလာခဲ့တယ်။ တစ်ပတ်ဆယ်ရက်လောက်အထိ ညတိုင်းအမွှေးတိုင်ထွန်း နံ့သာရည်ပျက်ဖြန်းလုပ်နေတာကနေ ၁၂ရက်မြောက်နေ့လဲရောက်ရော ....
" ကိုတင် ဒီကိုလာကြည့်ဦး ... နတ်ကွန်းပေါ်မှာ ဖိနပ်တစ်ရံဘယ်သူတင်ထားတာလဲ"
မဝင်းအော်သံကြောင့် မျက်နှာသစ်နေတဲ့ ကိုတင် ထလာပြီး
" ဟာ ဘယ်သူကများတင်ထားတာလဲမသိပါဘူး .. မြန်မြန်ဖယ်လိုက်လေ"
မဝင်းလဲ ကပျာကယာ ဖိနပ်ကိုဖယ်လိုက်တဲ့အချိန် အမေနံကရိုင်းနတ်ရုပ်က လေမတိုက်ပဲ လဲကျသွားခဲ့တယ်။ ရုတ်တရက်ထိမိလို့လဲကျတယ်ထင်ပြီး ပြန်ထောင်လိုက်ပေမယ့် အနောက်ပြန်လှည့်ကြည့်တဲ့အချိန် နတ်ရုပ်က ပြန်လဲကျနေပြန်ရော။
ဒီလိုနဲ့ ကိုတင်အလုပ်သွားတော့ ခြေရင်းအိမ်မှာနေတဲ့ ဦးလှစိန် မိန်းမက ခြံထဲဝင်လာပြီး
" မဝင်းရေ မနေ့ညက နင့်ယောင်္ကျားအကြောင်းပြောပြရဦးမယ်"
" ဘာဖြစ်လို့လဲ ဒေါ်မီး --- "
" ဘာဖြစ်ရမှာလဲ မနေ့ညက နင့်ယောင်္ကျားပြန်လာတဲ့အချိန် ငါကလဲပူအိုက်လို့ ဝရန်တာမှာထွက်ထိုင်နေတာ။ သူက သူခိုးတစ်ယောက်လို အသာလေးလာပြီး နတ်ကွန်းရှေ့ရောက်တော့ လက်ထဲကိုင်လာတဲ့ ဖိနပ်အစုတ်တစ်ရံကို တင်လိုက်တာမြင်လိုက်ရတယ်"
" အမလေး ဒုက္ခပါပဲ... သူတော့ဒုက္ခရောက်တော့မှာ မြင်ယောင်နေသေးတယ် .. ကျွန်မတို့ဘယ်လိုလုပ်ရမလဲ"
" နင့်ယောင်္ကျား ပေါက်ကရလုပ်ပုံနဲ့တော့ စိတ်ညစ်ပါတယ်.. ဆရာကောင်း သမားကောင်းတွေနဲ့တိုင်ပင်ပြီး တစ်ခုခုလုပ်ကြည့်ပါလား"
" ကျွန်မမှာ အဲလိုအသိတွေမှမရှိတာ..ဘယ်လိုလုပ်ရမှာလဲ"
" နေဦး ... ငါတို့ကိုးကွယ်နေတဲ့ ဘိုးတော်စိန်မှုန်ဆိုတာရှိတယ်။ ဒီတစ်ခါ ငါတို့ပင့်ရင် နင့်ယောင်္ကျားကို ကြည့်ခိုင်းလိုက်ပေါ့"
" ဟုတ်တယ်နော် ကျွန်မလဲ ကိုတင် ကိုမေးကြည့်ပါဦးမယ်။ သူကလဲ စိတ်ကလက်တစ်ဆစ်ဆိုတော့ ဘိုးတော်အရှေ့ရောက်မှ ပေါက်ကရထလုပ်နေရင် ဒေါ်မီးတို့မျက်နှာပျက်နေပါဦးမယ်"
" အေးပါ နင့်ယောင်္ကျားကို အရင်မေးကြည့်ပြီး သေချာမှပြောပေါ့"
မဝင်းလဲ ဒေါ်မီးပြောတာကို ကိုတင်ကို ပြောပြတော့
" ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်ချင်ဘူးဆိုပြီး" ဘူးခါခဲ့တယ်။
ကိုတင် မွှေခဲ့တဲ့ပြဿနာတွေက သီတင်းကျွတ်လပြည့်နေ့ကစလို့ ပိုပြီးသိသာလာခဲ့တယ်။ ညသန်းခေါင်အချိန် အိမ်ခန်းထဲမှာ လက်ခမောင်းခတ်သံတွေ၊ တောက်ခတ်သံတွေကြားရတဲ့အပြင် အိမ်တစ်ခုလုံးပုဏ္ဏကတိုက်သလို လှုပ်ခါတာတွေဖြစ်လာခဲ့တယ်။ လပြည့်ကျော်တစ်ရက်နေ့ရောက်တော့ နေ့လည်ထမင်းစားချိန် နားထင်နှစ်ဖက်ကို လက်နဲ့ဖိပြီး ကိုတင်ရောက်ချလာခဲ့တယ်။
" မဝင်း ငါ့ကိုနနွင်းမှိုင်း လုပ်ပေးဦး ခေါင်းတွေမတရားထိုးကိုက်နေတယ် - အား ကျွတ်ကျွတ်"
ဦးခေါင်းကိုလက်နဲ့ဖိပြီး အော်ဟစ်နေတဲ့ ယောင်္ကျားဖြစ်သူကိုမြင်တော့ မဝင်းတစ်ယောက် နနွင်းတက်ကို မီးတိုက်ပြီး ပေးရှူပေမယ့် ခေါင်းကိုက်တာက မသက်သာခဲ့ပေ။ ကိုတင် ရဲ့ အခြေအနေက တစ်နေ့ထက် တစ်နေ့ပိုဆိုးလာပြီး ဘယ်ဆရာနဲ့မှကုလို့မပျောက်ခဲ့ဘူး။
တစ်နေ့မှာတော့ ဟိုဘက်ရွာမှာ ဆေးဆရာတစ်ယောက်ရောက်နေတယ်ဆိုလို့ ခေါင်းကိုက်ရောဂါသက်သာလိုသက်သာငြားသွားပြပြီးအပြန် သုံးရွာစုသင်္ချိုင်းကိုဖြတ်တော့ အုတ်ဂူပေါ်မှာ သုဿာန်ဓူတင်ကျင့်နေတဲ့ရဟန်းတစ်ပါးကိုမြင်လိုက်ရတယ်။
" မဝင်း လှည်းကိုခဏရပ်ခိုင်းလိုက်ဦး... ဟိုမှာ ဘုန်းကြီးတစ်ပါး တရားထိုင်နေတာမဟုတ်လား"
" ဟုတ်ပါ့တော် နေပူကျဲကြီးထဲမှာ တရားထိုင်နေတာ မပူဘူးလားမသိပါဘူး"
" မြင်ရတာမသင့်တော်ဘူး ငါတို့မှာအမိုးအကာတစ်ခုခုများပါလာခဲ့လား"
" နေပူရင် ရှင်ခေါင်းကိုက်မှာစိုးလို့ ယူလာတဲ့ထီ;တစ်လက်တော့ရှိတယ်"
" အဲဒီထီးနဲ့နေကွယ်အောင်လုပ်ပေးလိုက်ဦး ငါတို့က ရောက်တော့မှာပဲမဟုတ်လား"
မဝင်းလဲ ကိုတင် စိတ်တိုင်းကျဖြစ်အောင် ပါလာတဲ့ထီးနဲ့အရိပ်ရအောင်လုပ်ပေးပြီး ပြန်လာခဲ့လိုက်တယ်။
ကိုတင်ရဲ့ခေါင်းကိုက်ဝေဒနာက တစ်နေ့ထက်တစ်နေ့ပိုဆိုးလာပြီး ခေါင်းကိုအဝတ်နဲ့စည်းထားရတဲ့အထိဖြစ်လာခဲ့တယ်။
" အိမ်ရှင်တို့ ... အိမ်ရှင်တို့"
အိမ်ရှေ့ကနေ ခေါ်နေတဲ့အသံကြောင့် ဆနွင်းမှိုင်းရှူနေတဲ့ကိုတင် ခေါင်းကိုစောင်းကြည့်လိုက်ရာ ယောဂီဝတ်စုံဆင်တူဝတ်ထားတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။
" မဝင်း သွားကြည့်လိုက်ပါဦး။ ဘာကိစ္စရှိလို့လဲမသိဘူး"
ကိုတင်စကားကြောင့် မဝင်းက ခြံရှေ့ကိုထွက်လာပြီး
" အစ်မကြီးတို့အိမ်မှာ ဦးခေါင်းနဲ့ပတ်သတ်ပြီး ဝေဒနာခံစားနေရတဲ့ လူနာရှိတယ်မဟုတ်လား"
" ဟုတ်ပါတယ် ဟုတ်ပါတယ် ။ ဘယ်သူလမ်းညွှန် ပေးလိုက်တာလဲမသိဘူး"
" အော် ဟိုနေ့က သင်္ချိုင်းထဲမှာ ဆရာတော်ကို ထီးမိုးပေးနေတဲ့အချိန် ကျုပ်တို့က ဇရပ်ပေါ်မှာရှိနေတာ။ လှည်းပေါ်မှာ လူတစ်ယောက် နားထင်နှစ်ဖက်ကို လက်နဲ့ဖိပြီးညဉ်းညူနေတာမြင်လို့ပါ။ အဆင်ပြေရင် ကျုပ်တို့ကြည့်ပေးလို့ရမလား"
" ရပါတယ် ရပါတယ် အိမ်ထဲကိုကြွကြပါ"
လူငယ်သုံးယောက်လဲ ခြံထဲကိုဝင်လိုက်တဲ့အချိန် ရှေ့ဆက်မတိုးပဲ တွန့်ခနဲဖြစ်သွားပြီးမှ ဟန်မပျက်လိုက်ဝင်ခဲ့တာကို မဝင်း သတိထားမိခဲ့တယ်။
အိမ်ပေါ်ရောက်တော့ ခေါင်းမှာအဝတ်စစည်းထားတဲ့ ကိုတင်ထလာပြီး
" အား ကျွတ် ကျွတ်.. ခေါင်းက ထူမနိုင်အောင် ကိုက်နေတယ်ဗျာ။ ဆရာတွေလဲစုံပြီ နည်းနည်းလေးတောင်မသက်သာဘူး"
" စိတ်မပူပါနဲ့ ... ရောဂါဖြစ်ရတဲ့အရင်းမြစ်ကိုရှာတွေ့ဖို့ ကြိုးစားပေးပါ့မယ်"
" ဒီက ဆရာတွေက ငယ်ငယ်လေးတွေပဲနော်။ ဆရာတို့ကဘယ်ရွာကလဲ"
" ကျုပ်တို့က နေရာအတည်တကျရယ်လို့မရှိပါဘူး။ ခြေဦးတည့်ရာသွားရင်း ခုနှစ်ရက်သားသမီးတွေကို ကယ်တင်နေပါတယ်"
" ဟုတ်ကဲ့ ကျွန်တော်နာမည်က မောင်တင်ပါ သူ့က ကျွန်တော်မိန်းမ မဝင်း"
" ဟုတ်ကဲ့ ကျွန်တော်နာမည်က အောင်မြတ်သာပါ။ သူတို့နှစ်ယောက်က သက်ခိုင်နဲ့တောက်ရပါ"
" ဆရာတို့ အဆင်ပြေသလို ကုပေးပါ။ ဒီခေါင်းကိုက်ဝေဒနာပျောက်ရင်ကျေနပ်ပါပြီ"
" ဟုတ်ပြီ ဝေဒနာပျောက်ချင်တယ်ဆိုရင် ကတိတစ်ခုတော့ပေးရလိမ့်မယ်"
" ဘာကတိလဲ ပြောဗျာ ကျုပ်ပေးမယ်"
" အရက်ကို ရာသက်ပန်ဖြတ်ပါမယ်ဆိုတဲ့ကတိ"
အောင်မြတ်သာစကားကြောင့် ကိုတင် ခေတ္တမှင်သက်သွားပြီး
" ကျုပ်စဉ်းစားပါရစေဦး ဒီကတိက လွယ်မယောင်ယောင်နဲ့ခက်လို့ပါ"
" ကတိပေးပြီးရင် သစ္စာရေသောက်ရလိမ့်မယ်။ ခင်ဗျားကတိဖျက်ရင်တော့ ဘယ်သူမှကယ်နိုင်မှာမဟုတ်ဘူး။ ဒီတစ်နေ့ သေချာစဉ်းစားပါ မနက်ဖြန် မနက်ကျုပ်တို့ပြန်လာခဲ့မယ်"
အောင်မြတ်သာတို့ အိမ်ပေါ်ကဆင်းလာတော့ တောက်ရင
" ဆရာ ခြံထဲမှာ အမဲရောင်အခိုးငွေ့တွေမြင်နေရတယ်"
" ဟုတ်တယ် ဆရာ အိမ်ပေါ်မှာလဲ စကားဝါပန်းအနံ့တွေရနေတယ် ။နောက်တစ်ခုက သူ့ခေါင်းကိုရစ်ပတ်ထားတဲ့ နဂါးအစိမ်းရောင်တစ်ကောင်ကိုလဲမြင်လိုက်ရတယ်"
" မနက်ဖြန် မင်းတို့မြင်ခဲ့တဲ့အရာတွေရဲ့ ဇစ်မြစ်ကို သိရမှာပါ"
+++++
နောက်တစ်နေ့မနက်ရောက်တော့ အောင်မြတ်သာတို့ပြန်ရောက်လာပြီး
" ဘယ်လိုလဲ ကတိပေးနိုင်ပြီလား"
" ပေးပါမယ်ဆရာ ကျုပ်ဘယ်လိုမှမခံစားနိုင်တော့ဘူး။ ဒီအတိုင်းဆို မကြာခင် ခေါင်းပေါက်ကွဲပြီး သေရတော့မယ်"
အောင်မြတ်သာလဲ ကိုတင်ကို ကတိသစ္စာရေတိုက်ပြီးတာနဲ့ ဘုရားရှိခိုးကာ ဂိုဏ်းရဲ့ဥပဇ္ဇျာယ်ဆရာနဲ့ အထက်ဆရာကြီးတွေကိုခွင့်တောင်းပြီးတာနဲ့
" အရင်ဆုံးခြံထဲက ကိစ္စကိုရှင်းဖို့အတွက် အမေနံကရိုင်းမယ်တော် ကျုပ်အရှေ့ကြွလာပေးပါ" လို့အမိန့်ပြန်ပြီးမျက်လုံးမှိတ်လိုက်ရာ အိမ်ဦးလှေကားကနေ တစ်လှမ်းချင်းတက်လာတဲ့ နံကရိုင်းမယ်တော်ကိုမြင်လိုက်ရတယ်။
" မယ်တော်ကြီး ဖြစ်ခဲ့တာတွေအတွက် ကျုပ်ကပဲ တောင်းပန်ပါတယ်။ မသိနားမလည်တဲ့ အမိုက်အမဲတွေကို ခွင့်လွှတ်ပေးပါ။ မယ်တော်ကြီးနတ်ကွန်းကိုလဲ သင့်တော်ရာနေရာတစ်ခုမှာ ကျုပ်ပြန်ထားပေးပါမယ်" လို့ပြောတော့ နံကရိုင်းမယ်တော်က ကိုတင် ကို မျက်ထောင့်နီနဲ့စိုက်ကြည့်လိုက်ပြီး
" အိမ်တွင်းအဖေကြီးရှိနေလို့ စိတ်ကိုထိန်းနေရတာ။ နောက်ဆိုရင် ဆရာလေးတို့တောင် သူ့ကိုမြင်ရမှာမဟုတ်ဘူး"
" နားလည်ပါတယ် မယ်တော်ကြီး။ အသက်တွေလဲကြီးပြီမဟုတ်လား။ စိတ်လျော့လိုက်ပါလို့ တောင်းဆိုပါတယ်"
" ဆရာလေး တောင်းဆိုလို့ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါစော်ကားရင် ငြိမ်မနေဘူးနော်"
နံကရိုင်းမယ်တော်က အောင်မြတ်သာရဲ့ တောင်းဆိုမှုကိုလိုက်လျောပြီး ပြန်ဆင်းသွားတဲ့အချိန် အိမ်ခန်းထဲကနေ တောင်ရှည်ကိုခါးထောင်းကျိုက်ထားတဲ့ လူထွားကြီးတစ်ယောက် ဘွားခနဲပေါ်လာခဲ့တယ်။
" အလို အိမ်တွင်းအဖေကြီးလဲရှိနေရပါရောလား။ ဒါဖြင့် ကျုပ်ပင့်စရာမလိုတော့ဘူး။ အခု စနေသားမှာဖြစ်ပေါ်နေတဲ့ ဝေဒနာက အိမ်တွင်းအဖေကြီး ပညာပေးထားတာလား"
" ဒီကောင် ကံကမြင့်နေလို့ နိမ့်မယ့်အချိန်ကိုစောင့်နေတာ။ အခုခံစားနေရတဲ့ဝေဒနာက ကျုပ်နဲ့မပတ်သတ်ဘူး"
" ဒါဖြင့်လဲ အိမ်တွင်းအဖေကြီးကို ကျုပ်ကပဲ မေတ္တာရပ်ခံပါတယ်။ ဒီအမှုကိစ္စပြီးရင် သူ့ကိုသေချာပြန်တောင်းပန်ခိုင်းလိုက်ပါမယ်။ နန်းကိုလဲ သင့်တော်တဲ့နေရာမှာ ကျုပ်ကိုယ်တိုင်ထားပေးပါမယ်။ အမိုက်အမဲတွေကို ခွင့်လွှတ်ပေးပါ"
ဒီတစ်ခါမှာလဲ အောင်မြတ်သာရဲ့ မေတ္တာရပ်ခံမှုကို လက်ခံပြီး ပျောက်ကွယ်သွားခဲ့တယ်။ အိမ်တွင်းအိမ်ပြင်ပြဿနာနှစ်ခုကိုရှင်းပြီးတဲ့အချိန် မျက်လုံးဖွင့်ကြည့်လိုက်ရာ ခေါင်းကိုလက်နဲ့ဖိပြီး အော်ဟစ်နေတဲ့ ကိုတင်ကို မြင်လိုက်ရတယ်။
" ဆရာ... ဘယ်လိုလုပ်မလဲ ၊ ခေါင်းပေါ်က အကောင်ကထိန်းလို့မရအောင် သောင်းကျန်းနေပြီ"
သက်ခိုင်စကားကြောင့် အောင်မြတ်သာကြည့်လိုက်ရာ ဦးခေါင်းတစ်ခုလုံးကို တင်းကြပ်နေအောင်ရစ်ပတ်ထားပြီး ငယ်ထိပ်ကို အစွယ်နဲ့ပေါက်နေတဲ့ တစ်တောင်သာသာရှိတဲ့ နဂါးစိမ်းတစ်ကောင်ကိုမြင်လိုက်ရတယ်။
" ကာယကံရှင်ရဲ့ မိဘတွေရှိသေးလား"
" မရှိတော့ဘူးဆရာ။ သူကလေးဘဝထဲက မိဘတွေဆုံးသွားလို့ အခြားသူကမွေးစားခဲ့တာ"
" ဟုတ်ပြီး ဒါဖြင့်ရင် သူ့ကိုအရှေ့ကိုတွဲခေါ်လာခဲ့"
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရက လူးလိမ့်နေတဲ့ ကိုတင် ကို ဆွဲထူပြီးခေါ်လာတဲ့အချိန်---
" ကဲ ... ဒီလောက်ဝင်စီးချင်နေတဲ့ ပုဂ္ဂိုလ် ကာယကံရှင်ဆီကိုဝင်ပြီး ကျုပ်ရှေ့လာခဲ့" လို့အမိန်ြပြန်လိုက်ရာ လူးလိမ့်နေတဲ့ ကိုတင်က မျက်လုံးပြူးနဲ့ထထိုင်လိုက်ပြီး
" 这家伙把我们忘了。”လို့ပြောတော့
" ရိုးရာစကားတွေ မပြောပဲ နားလည်အောင်ပြောပါ"
" ဒီကောင်ရိုးရာကိုမေ့နေတယ်။ ဒါကြောင့်အပြစ်ပေးတာ"
" ဟုတ်ပြီ သင်က ဘယ်သူလဲ။ ကာယကံရှင်ရဲ့ရိုးရာက ဘာရိုးရာလဲ"
" ကျုပ်က ကွမ်တိယပဲ။ သူက ဘိုးဘေးတွေလက်ထက်ထဲကလုပ်လာတဲ့ရိုးရာကိုမေ့ထားလို့ ကျုပ်ရဲ့တပည့်နဲ့ဆုံးမခိုင်းထားတာ"
" ဒါဆိုရင် သင်တို့ဘာလိုအပ်လဲ။ ကျုပ်သူ့ကိုပြန်ပြောပြလိုက်မယ်"
" လာမယ့်နှစ်ကူးကျရင် ကျုပ်တို့ရုပ်ပုံကို အိမ်မှာကိုးကွယ်ပြီး ရိုးရာမပျက်ပူဇော်ပသပေးပါ"
" ဟုတ်ပြီ ကျုပ်သေချာလုပ်ခိုင်းလိုက်မယ်။ အခုကစပြီး သူ့ခေါင်းမှာရစ်ပတ်ထားတဲ့ အစောင့်ကိုဖယ်ရှားပေးဖို့မမေ့နဲ့ဦး"
အောင်မြတ်သာစကားအဆုံးမှာ မျက်နှာတစ်ခုလုံးနီရဲပြီး မျက်လုံးပြူးထားတဲ့ ပုဂ္ဂိုလ်ကသူ့လက်မှာကိုင်ထားတဲ့ လှံကိုကြမ်းပေါ်ဆောင့်ချလိုက်ရာ ကိုတင်ရဲ့ခေါင်းမှာပတ်နေတဲ့ နဂါးစိမ်းက အရစ်တွေကိုလျော့ချပြီး လှံသွားထဲကိုပြန်လည်ဝင်ရောက်သွားခဲ့တယ်။
နဂါးစိမ်းမရှိတော့တာနဲ့ ကိုတင် ခံစားနေရတဲ့ ခေါင်းကိုကဝေဒနာက ယူပစ်သလိုပျောက်ကင်းသွားပြီး ထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့တယ်။ အောင်မြတ်သာလဲ လူရွတ်တစ်ယောက်ဖြစ်တဲ့ ကိုတင် ကို ချေချွတ်ဆုံးမကတိတောင်းပြီး အိမ်ပေါ်ကနေပြန်ထွက်လာခဲ့တယ်။
အောင်မြတ်သာအနောက်မှာပါလာတဲ့ သက်ခိုင်နဲ့တောက်ရကတို့လက်ထဲမှာတော့ နံကရိုင်းမယ်တော်ရုပ်ထုနဲ့ ဖောင်းတော်တစ်ခု။
ဒီအဖြစ်အပျက်တွေဖြစ်ပြီး ကိုတင်လဲ အရက်ပြတ်သွားခဲ့သလို နှစ်စဉ်နှစ်တိုင်း ကွမ်တိယအဘိုးကို ပူဇော်ပသခဲ့တယ်။
အောင်မြတ်သာတို့ကတော့ မေ့နေတဲ့ရိုးရာကိုဖော်ထုတ်ပြီးခရီးဆက်ခဲ့တာ ကျွန်းညိုလှဆိုတဲ့ရွာကိုရောက်လာခဲ့တယ်။ ဒီရွာမှာဘာတွေဖြစ်ပျက်ဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်သားပိုက်မယ်တော်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Comments
Post a Comment