အောင်မြတ်သာနှင့် နဂါးနက်တောင်
"အောင်မြတ်သာနှင့်နဂါးနက်တောင်"
--------------------------------------------
" သန်းတင် မိသန်းတင် နာရီကိုကြည့်ဦး မိုးလင်းတော့မယ် အခုထိမထသေးဘူး မြန်မြန်ထစမ်း"
မီးဖိုချောင်ကနေ ထွက်လာတဲ့ ဒေါ်ခင်မေမြရဲ့အသံက စိတ်မရှည်ခြင်း၊ ဒေါသထွက်ခြင်းတို့နဲ့ရောနှောနေခဲ့တယ်။
" အင်း အီးး ဝါးး တစ်နေ့တစ်နေ့ ဒီအလုပ်တွေပဲလုပ်နေရတယ် ဘယ်တော့များမှဝဋ်ကြွေကုန်မလဲမသိဘူး အမေလဲ မီးဖိုထဲကနေ အသံပြဲကြီးနဲ့အော်မနေနဲ့ အခုထပြီ"
မိသန်းတင် မကျေနပ်တဲ့လေသံနဲ့ပြောပြီး အိမ်နောက်ဖေးဘက်ကိုထွက်သွားကာ မျက်နှာသစ်သွားတိုက်လိုက်တယ်။
" ဘယ်မှာလဲ ထမင်းထုပ် ဒီနေ့ထင်းသိပ်မရရင် ကျုပ်နဲ့မဆိုင်ဘူးနော် အခုတစ်လောထင်းတွေသိပ်မရတာ အမေသိတယ်မဟုတ်လား"
" နင်ကလေ အလုပ်ဆိုရင် ဘယ်တော့မှ လက်ကြောတင်းအောင်လုပ်ဖူးလို့လဲ သမီးလေးတစ်ယောက်မွေးထားမိပါတယ် ကိုယ်ကပြန်လုပ်ကျွေးရမယ့်ကိန်း သွားတော့ တိုင်ကီအဖုံးပေါ်မှာ ထမင်းထုပ်တင်ထားတယ်"
မိသန်းတင်လဲ ထရံမှာထိုးထားတဲ့ ဓါးမကိုခါးကြားထဲထိုးထည့်ပြီး ထမင်းထုပ်ကိုယူကာ ဘောက်ဆတ်ဘောက်ဆတ်နဲ့ထွက်လာခဲ့လိုက်တယ်။
ရွာထဲကလူတွေက ဝိရိယရှိစွာနဲ့တောတက်နေတဲ့အချိန် အိပ်ပျော်ကောင်းနေတဲ့ မိသန်းတင်အဖို့ မနက်နေထွက်ချိန်ရောက်တဲ့အထိ ထင်းတစ်စည်းပြည့်အောင်မရသေးဘူး။ ထင်းမရတဲ့အတွက် စိတ်ကတိုလာပြီး လက်ထဲကဓါးမနဲ့တွေ့ရာအပင်တွေကိုလိုက်ခုတ်ရင်း တောတိုးလာခဲ့တာ တစ်ဖြေးဖြေးတောနက်ထဲကို ရောက်လာခဲ့တယ်။
" သောက် တောကလဲ ထူတာပဲရှိတယ် ထင်းစိုက်ဖို့ဘာအပင်မှလဲကောင်းကောင်းကန်းကန်းမရှိဘူး ဒီပုံစံနဲ့အိမ်ပြန်ရင်လဲ အိမ်ကဟာမကြီးက ဆူတာဆဲတာခံရဦးမယ်"
မိသန်းတင်ပြောရင်းဆိုရင်း ကမူလေးတစ်ခုပေါ်မှာထိုင်ချလိုက်ပြီး တောင်ကြည့်မြောက်ကြည့် လှည့်ကြည့်လိုက်တော့ သစ်ခြောက်ပင်တွေထူထပ်စွာရှိနေတဲ့ တောင်တစ်တောင်ကို တွေ့လိုက်ရတယ်။
" ဟိုအရှေ့ကတောင်ပေါ်မှာဆိုရင်တော့ ထင်းတွေအများကြီးရမှာ ဒါမယ့် ရွာကလူတွေပြောတာတော့ အဲဒီတောင်အနားယောင်လို့တောင်မသွားနဲ့တဲ့ ငါသွားရင်ကောင်းမလား မသွားရင်ကောင်းမလား"
ဝါးတံလေးကိုဘယ်ညာယမ်းပြီး တစ်ယောက်ထဲရေရွတ်ကာ စဉ်းစားလိုက်တယ်။
" သွားမယ်ဟာ ဘာဖြစ်ဖြစ် ဒီတစ်ခါအရဲစွန့်သွားပြီးလို့အဆင်ပြေရင် နောက်ရက်တွေအေးဆေးပဲ "
မိသန်းတင်လဲဖြစ်ချင်ရာဖြစ်ဆိုပြီး ပုဆိုးကြမ်းကိုပခုံးပေါ်တင်၊ ဓါးမကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး မြင်နေရတဲ့တောင်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
တောင်ပေါ်စတက်တဲ့အချိန် မီးလောင်ကျွမ်းထားပြီး အခြောက်တိုင်းကျန်ရှိနေတဲ့ သစ်ပင်အချို့ကိုတွေ့လိုက်တော့ မိသန်းတင်ပျော်သွားတယ်။ ဒီလောက်ထင်းပေါတဲ့တောင်ကို ဘာကြောင့်များမလာကြတာလဲလို့တွေးရင်း တောင်ပေါ်ကိုဆက်တက်လာခဲ့လိုက်တယ်။
တောင်အလယ်လောက်ရောက်တော့ ထင်းစိုက်လို့ကောင်းမယ့်အပင်တွေကို ခုတ်ထွင်ကာ တစ်နိုင်သယ်လို့ရလောက်တဲ့အထိ စည်းပြီး ဘေးမှာပုံထားလိုက်တယ်။
ထင်းတွေပေါတဲ့တောင်ဖြစ်လို့ အချိန်ခဏလေးအတွင်းမှာ ထင်းစည်းက ငါးစီးလောက်အထိ ဖြစ်သွားခဲ့တယ်။
" ငါတော့ပွတာပဲဟေ့ နောက်ရက်တွေ ဒီအစည်းတွေကိုတစ်နေ့တစ်စည်းလာသယ်ရုံပဲ လမ်းသွားလမ်းလာလူတွေမသိအောင်ဖွက်ထားခဲ့မှ" ဆိုပြီး လျှော်ကြိုးနဲ့စည်းထားတဲ့ ထင်းစည်းတွေကို ဘေးကခြုံထဲထိုးထည့်ကာအပေါ်ကနေ သစ်ရွက်တွေနဲ့ဖုံးပြီးတဲ့အချိန်
" ဟိုကလေးမ နင်ဘာလုပ်နေတာလဲ"
ရုတ်တရက်ထွက်လာတဲ့အသံကြောင့် မိသန်းတင် အနောက်ကိုလှည့်ကြည့်လိုက်တော့ ဆံပင်ကိုအနောက်မှာစုချည်ထားတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။ မိသန်းတင်လဲ သူဖွက်ထားတဲ့ထင်းစည်းကိုတွေ့သွားမှာစိုးရိမ်တဲ့အတွက်
" ထင်းခွေနေတာ ရှင်မမြင်ဘူးလား"
နဂိုထဲက စကားပြောရင် နည်းနည်းရိုင်းတတ်တဲ့ မိသန်းတင်စကားကြောင့် ရပ်နေတဲ့မိန်းမကြီးမျက်နှာ တည်သွားပြီး
" ဟဲ့ကောင်မ နင်ကဘာမို့လို့ ငါ့ကိုအခုလိုပြန်ပြောရတာလဲ ငါလုပ်လိုက်ရင် သေတော့မယ် "
" အမလေး လာလုပ်ကြည့်ပါလား ကျုပ်လက်ထဲကိုင်ထားတဲ့အရာက ခုတ်ရင်ပြတ်တဲ့ဓါး ရှင့်လက်တွေခြေတွေမပြတ်ခင် ပြန်လိုက်တော့ ကျုပ်အလုပ်လုပ်နေတာကို မနှောက်ယှက်နဲ့"
"တယ် ရာရာစစ ငါ့လိုလူကိုပြန်ခံပြောရဲတဲ့ နင့်ကသိပ်ကိုသတ္တိရှိနေတာပဲ ဟားဟားဟား ဟဲ့ ကောင်မ နင့်ကိုငါဒီမှာတင်သတ်လိုက်လို့ရတယ် ဒါပေမယ့် ငါမသတ်ဘူး နင့်ပါးစပ်ဒီထပ်မကြမ်းရအောင် ပညာနည်းနည်းပေးလိုက်မယ် " လို့ပြောပြီး မြေကြီးကို လက်ထဲမှာကိုင်ထားတဲ့ တောင်ဝှေးနဲ့ဆောင့်ချလိုက်တဲ့အချိန် မြေကြီးထဲကနေ မီးစတွေထွက်လာပြီး မိသန်းတင်မျက်နှာကိုလာစင်ခဲ့တယ်။
မျက်နှာကိုလာစင်တဲ့မီးစတွေကြောင့် မိသန်းတင်ကြောက်အားလန့်အား အနောက်ကိုဆုတ်လိုက်ချိန်မှာတော့ ခုတ်ထားတဲ့ထင်းပိုင်းအစတွေကိုနင်းမိပြီး အနောက်က သစ်ပင်နဲ့ ခေါင်းနဲ့ဆောင့်မိကာ မေ့မျောသွားခဲ့တယ်။
အချိန်ဘယ်လောက်မေ့မျောသွားတယ်ဆိုတာမသိပဲ ပြန်သတိရလာတော့ နေဝင်ခါနီးဖြစ်နေပြီ။ မိသန်းတင်လဲ သစ်ပင်နဲ့ဆောင့်ထားလို့ နာနေတဲ့ နောက်စေ့ကိုလက်နဲ့ပွတ်ပြီး ဘေးမှာချထားတဲ့ထင်းစည်းကို ခေါင်းပေါ်ရွက်ကာ ရွာကိုပြန်လာခဲ့လိုက်တယ်။
အိမ်ရောက်တော့ ရေမိုးချိုး ထမင်းစားပြီး တစ်နေကုန်ပင်ပန်းတဲ့ဒဏ်၊ သစ်ပင်နဲ့ထိခိုက်မိထားတဲ့ဒဏ်တွေကြောင့် ဖျာပေါ်လှဲချလိုက်တာ ခဏလေးနဲ့အိပ်ပျော်သွားတယ်။ အိပ်ပျော်နေရင်း ဗိုက်ထဲကမခံမရပ်နိုင်အောင် အောင့်လာတဲ့အတွက် အိမ်နောက်ဖေးကို ကမန်းကတမ်းသွားပြီး လက်ထိုးအန်ချလိုက်တော့မှ အနည်းငယ်သက်သာသွားတယ်။
နောက်တစ်နေ့မနက်ကျတော့ မိသန်းတင်တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်နေပြီး အိပ်ယာကနေမထနိုင်တော့ဘူး။ မိသန်းတင်ရဲ့အမေဖြစ်သူကတော့ မနက်စောစောထပြီး ချက်ပြုတ်ပြင်ဆင်ဖို့ အိမ်နောက်ဖေးကွပ်ပြစ်ပေါ်ကနေ ရေလှမ်းခပ်လိုက်တဲ့အချိန် တိုင်ကီပေါ်တင်ထားတဲ့ မီးရောင်ကြောင့် တိုင်ကီဘေးမှာ တွန့်လိမ်တွန့်လိမ်နဲ့လှုပ်နေတဲ့ လောက်အကောင်ပေါင်းများစွာကိုမြင်ပြီး လန့်အော်လိုက်မိတယ်။
" လာကြပါဦး လောက်တွေ အများကြီးပဲ လာကြပါဦး"
မိသန်းတင်အမေရဲ့အော်သံကြောင့် ဘေးပတ်ဝန်းကျင်ကလူတွေနိုးလာပြီး မီးရောင်နဲ့ကြည့်လိုက်တော့ တိုင်ကီအောက်ခြေမှာ အသည်းယားစရာလှုပ်နေကြတဲ့ လောက်အကောင်ပေါင်းများစွာကို တွေ့လိုက်ရတယ်။
" ညက ဟင်းကျန်တွေကို ဒီမှာပစ်ထားသေးလား"
" မပစ်ပါဘူးတော် ညကဘာဟင်းမှမရှိလို့ ဆီနဲ့မြေပဲနဲ့ပဲစားလိုက်ရတာ "
" ခင်ဗျား သမီးကိုမေးကြည့်ပါဦး ညကသူပြန်လာတာနောက်ကျတယ်မလား စားစရာတစ်ခုခုများဝယ်လာပြီး ပစ်ထားလားဆိုတာ သေချာအောင်အရင်မေးပါဦးဗျာ"
ဒေါ်ခင်မေမြလဲ အိမ်ပေါ်မှာအိပ်နေတဲ့ မိသန်းတင်ကိုနှိုးပြီး
" သန်းတင် ထဦး ညကနင်စားစရာတွေများယူလာသေးလား"
" ဟာ ဘာမှမယူလာပါဘူး ညကအမေပြင်ထားတဲ့ထမင်းပဲစားတာ "
" မယူလာရင် နောက်ဖေးတိုင်ကီနားမှာ လောက်တွေအများကြီးပဲ လာကြည့်ဦး"
ဘေးနားကနေ တတွတ်တွတ်ပြောနေတဲ့ အသံကြောင့် မိသန်းတင် ကပျာကယာထလိုက်ပြီး အိမ်နောက်ဖေးကိုထွက်လာခဲ့လိုက်တယ်။
" ဘယ်မှာတုန်း လောက်တွေက"လို့ပြောလိုက်တဲ့အချိန် မိသန်းတင်ပါးစပ်ထဲကနေ လောက်တွေထွက်ကျလာခဲ့တယ်။
" ဟေ့ ဟေ့ မိသန်းတင်ပါးစပ်ကိုကြည့်စမ်း လောက်တွေမဟုတ်လား "
မီးအိမ်အလင်းရောင်ကြောင့် မိသန်းတင်ပါးစပ်မှာ ကပ်နေတဲ့လောက်တွေကိုမြင်တော့ အကုန်လန့်ပြီးထွက်ပြေးကုန်တယ်။
မိသန်းတင်လဲ သူ့ပါးစပ်ထဲကနေ လောက်တွေ
ထွက်လာတာလဲသိရော ရုတ်တရက်အိမ်ပေါ်ကခုန်ဆင်းကာ ကြောက်လန့်တကြား ရွာထဲပတ်ပြေးပါလေရော။
တိတ်ဆိတ်နေတဲ့ရွာလေးက မိသန်းတင်ရဲ့ ကြောက်လန့်တကြားအော်ဟစ်ပြေးလွှားသံ၊ အိမ်နီးနားချင်းတွေရဲ့အော်သံကြောင့် ရုတ်တရက်ကမ္ဘာပျက်သလိုဆူညံသွားခဲ့တယ်။
++++++
နေအလင်းရောင် စထွက်တဲ့အချိန်ရောက်တော့ ရွာလည်ကွပ်ပြစ်မှာ ရှေးမှီနောက်မှီလူကြီးတွေစုပြီး
" မနက်က သန်းတင်အဖြစ်ကိုဘယ်လိုထင်ကြလဲ"
ရွာရဲ့အသက်အကြီးဆုံး ဖိုးလူဝရဲ့စကားကြောင့် ရေနွေးကြမ်းခွက်ကိုင်ကာ စဉ်းစားနေတဲ့ ဘကြီးထွန်းက
" စကားပြောတိုင်း ပါးစပ်ထဲကနေ လောက်တွေထွက်တယ်ဆိုတာ ကျုပ်ဘဝမှာတစ်ခါမှမကြားဖူးတဲ့ကိစ္စပဲ ကလေးမလေးက စကားအပြောအဆိုလဲနည်းနည်းကြမ်းတယ်လို့သိရတယ် မိဘဆိုလဲပြန်ပြောတာပဲ လူကြီးသူမကိုလဲရိုသေရမှန်းမသိဘူး ဒါကြောင့် နတ်ဒေဝါတွေက ဒဏ်ခတ်တာများလား"
" ဒါဆို အရင်ထဲက ခတ်မပေါ့ဗျ သူမစကားပြောရိုင်းတာမနေ့တစ်နေ့ကမှမဟုတ်တာ ကျုပ်အမြင်ကတော့တစ်မျိုးဗျ"
" ကိုညိုထင် ခင်ဗျားအမြင်ကိုပြောကြည့်ပါဦး"
" ဒီကလေးမ အိမ်ကိုမနက်ကသွားတော့ အိမ်အောက်မှာ အစည်းမပြေထားသေးတဲ့ ထင်းတစ်စည်းတွေ့တယ် သူ့ထင်းစည်းတွေမှာပါတဲ့ထင်းတွေက ကျုပ်တို့ပုံမှန်ခုတ်ယူနေကြထင်းတွေမဟုတ်ဘူး ကျုပ်အထင်ပြောရရင် ဒီကလေးမ နဂါးနက်တောင်ပေါ်တက်သွားလို့ ဟိုတောင်မှာနေတဲ့ စုန်းမပြုစားလိုက်ပြီထင်တယ်"
" ဟေ နဂါးနက်တောင်ပေါ်တက်သွားတာလား ဒီကောင်မလေး အကြောက်အလန့်မရှိတာကွယ် အခုသူ့ကိုရောဘယ်မှာထားထားလဲ"
" သူ့အိမ်မှာပဲထားထားရတာပေါ့ စကားလဲပြောခိုင်းလို့မရဘူး စကားပြောတာနဲ့ ပါးစပ်ထဲကနေ လောက်တွေတဖွားဖွားကျလာတာ"
" ဒီပုံစံနဲ့ဆို ပယောဂကုတဲ့ဆရာရှာရတော့မှာပေါ့ သူဖြစ်တဲ့ပုံစံက ထူးဆန်းတော့ ဆရာတွေကကုနိုင်ပါ့မလား"
" ဒါတော့ကြိုမေးရမှာပေါ့ မတတ်နိုင်တဲ့အဆုံး နဂါးနက်တောင်ကစုန်းမကို သွားပြန်တောင်းပန်ရမှာပဲ"
" ဖိုးလူဝကလဲ ဘယ်သူကနဂါးနက်တောင်ပေါ်တက်ရဲလို့လဲ တက်သွားတဲ့လူမှန်သမျှ အကောင်းတိုင်းပြန်ဆင်းလာတာ မြင်ဖူးလို့လား"
ဘကြီးထွန်းစကားကြောင့် အကုန်ငြိမ်သက်သွားတဲ့အချိန်
" ဟေ့ကောင် မှုံကြီး ငါ့သကြားလုံးပြန်ပေးကွာ"
" မပေးဘူးကွာ ဒါငါ့ဟာကွ"
" မင်းမယုတ်မာနဲ့ ဒါဟိုလူကြီးငါ့ကိုပေးထားတာ မင်းဟာမင်းစားလို့ကုန်သွားပြီဟာကို"
မှုံကြီးနဲ့ပေါက်ကျော်ဆိုတဲ့ကလေးနှစ်ယောက်က ဖိုးလူဝတို့ထိုင်နေတဲ့ကွပ်ပြစ်နားရန်ဖြစ်နေတာမြင်တော့
" ဟိုကလေးတွေ ရန်မဖြစ်ကြနဲ့ သွားသွား ဝေးဝေးသွားကစား"
" ဖိုးလူဝ ဒီကောင်လူလည်ကျတာ သား သကြားလုံးကိုလုထားတယ် "
" ဟိုကောင် မှုံကြီး မင်းဟာမဟုတ်ရင်ပြန်ပေးလိုက် နားလာမငြီးနဲ့ကွာ မိသန်းတင်ကိစ္စနဲ့ရှုပ်နေတာကတစ်မှု မင်းတို့ကတစ်မှု "
" ဖိုးလူဝ အမသန်းတင်အကြောင်းကတကယ်လား"
" မင့်မေကလွှားလေးတွေ သိချင်ရင် သွားမေးကွာ "
" ဟာ ဖိုးလူဝကလဲ သားတို့ကို သကြားလုံးပေးတဲ့လူကြီးကပြောတယ် မသန်းတင်ပါးစပ်ထဲက လောက်ထွက်တာ သူများပြုစားခံရတာတဲ့"
" ဟေ မင်းတို့ကိုဘယ်သူပြောတာလဲ"
" သကြားလုံးပေးတဲ့လူကြီးပြောတာ "
" အေး အဲဒါတော့ငါလဲသိတာပေါ့ဟ သောက်ကလေးတွေ စကားကိုနှစ်လုံးထဲနဲ့လာကြပ်နေတယ် အဲလူကြီးက ဘယ်ကလဲ အခုဘယ်မှာရှိနေလဲ"
" ရွာထိပ်က မဘုစုရဲ့ အကြော်တဲမှာ ထိုင်နေကြတယ် သူတို့မှာပါတဲ့သကြားလုံးတွေကို ဝေနေလို့ ကလေးတွေအကုန်အဲရောက်နေကြတာ"
" အေးပါကွာ ဟိုကောင်ပေါက်ကျော်မင်းဆီကသကြားလုံးလုထားတာပြန်မတောင်းနဲ့တော့ ဒီမှာမုန့်ဖိုး ရွာထဲကမုန့်ဆိုင်မှာတစ်ခုခုဝယ်စားကွာ"
အဖိုးလူဝက အိပ်ကပ်ထဲကငွေအကြွေတစ်ချို့ကိုထုတ်ပေးလိုက်တော့မှ မှုံကြီးလစ်သွားတယ်။
" ခုနကကလေးတွေပြောသွားတာ ကြားတယ်မဟုတ်လား လာဗျာ ရွာထိပ်က အကြော်တဲကိုသွားကြည့်ရအောင် တစ်ခုခုထူးရင်လဲထူးမှာပေါ့"
ဖိုးလူဝက အသက်အရွယ်နဲ့မလိုက်အောင် ထလိုက်ပြီး လျှင်မြန်တဲ့ခြေလှမ်းတွေနဲ့ ရွာထိပ်ကိုထွက်လာခဲ့လိုက်တယ်။
ရွာထိပ်ရောက်တော့ မဘုစုရဲ့အကြော်တဲမှာ ထိုင်နေတဲ့လူလတ်ပိုင်းအရွယ် ကောင်လေးသုံးယောက်ကိုတွေ့လိုက်ရပြီး သူတို့ရဲ့ဘေးမှာတော့ ရွာထဲကကလေးတွေစုပြုံနေကြတယ်။
" ဟိုကောင်လေး မတိုးနဲ့လေ အလှည့်ကြတန်းစီ သကြားလုံးကလောက်ပါတယ် တစ်ယောက်ယူပြီးရင်လာထပ်မယူနဲ့နော် အလှည့်ကျော်ရင်မပေးဘူး"
ယောဂီဖျင်ကြမ်းအင်္ကျီဝတ်ထားပြီး လွယ်အိတ်တစ်လုံးကို တစ်စောင်းလွယ်ထားတဲ့ လူငယ်က ကလေးတွေကို သကြားလုံးတွေကမ်းပေးနေရင်း ဖိုးလူဝတို့ကိုမြင်တော့ ဘေးမှာထိုင်နေတဲ့ ဥပဓိရုပ်ကောင်းကောင်း အရပ်မြင့်မြင့်လူငယ်ကို တိုးတိုးလေးကပ်ပြောတာမြင်လိုက်ရတယ်။
ထိုင်နေတဲ့လူငယ်က ကလေးတွေကိုကြည့်နေရင်း တီးတိုးပြောလိုက်တဲ့စကားကြောင့် ဖိုးလူဝတို့ဘက်လှည့်ကြည့်ကာ ထိုင်နေရာမှထလိုက်ပြီး တဲထဲကနေထွက်လာခဲ့တာမြင်လိုက်ရတယ်။
" တွေ့ရတာဝမ်းသာပါတယ် ဖိုးလူဝ"
ယောင်္ကျားပီသတဲ့မျက်နှာ၊ရိတ်ပြီးစနှုတ်ခမ်းမွေးစိမ်းစိမ်းလေးတွေထွက်နေတဲ့လူငယ်စကားကြောင့် ဖိုးလူဝအံ့ဩသွားပြီး
" လူလေးက ကျုပ်နာမည်ကိုတောင်သိနေတာကိုး"
" အဲလိုလဲမဟုတ်ပါဘူး ကလေးတွေပြောပြလို့သိရတာပါ "
" လူလေးတို့ကိုအရင်က ဒီနားတစ်ဝိုက်မှာမတွေ့ဘူးဘူးနော် ခရီးသွားတွေလား"
" ဟုတ်ပါတယ် ကျွန်တော်တို့ကနဂါးနက်တောင်ပေါ်ကိုသွားကြမလို့ပါ"
ဖိုးလူဝနဲ့အပေါင်းအပါတွေလဲ နဂါးနက်တောင်ဆိုတဲ့အသံကိုကြားတော့ အံ့ဩသွားပြီး
" လူလေးတို့နဂါးနက်တောင်ကိုမသွားကြပါနဲ့ အဲတောင်ကအရမ်းဆိုးတာ ညကတောင် ရွာထဲက ကလေးမတစ်ယောက် ပြုစားခံလိုက်ရတယ်"
" ပါးစပ်ထဲကလောက်တွေကျနေတဲ့ ကလေးမကိုပြောတာလား ဒီကကလေးတွေပြောပြလို့အနည်းငယ်သိပြီးပါပြီ "
" ဟုတ်ပါ့ကွယ် လူလေးတို့က ဒီကလေးမနဲ့ပတ်သတ်ပြီး ဘာများသိထားသေးလဲ"
" အထွေအထူးတော့မသိပါဘူးအဖိုး ပါးစပ်ထဲကလောက်ထွက်အောင်ပြုစားတယ်ဆိုတာ သာမန်အဆင့်မဟုတ်ဘူးဆိုတာတော့သိပါတယ် "
" ဒါဖြင့် ဒီကလေးမကိုကယ်လို့မရဘူးလား"
" ကျွန်တော်တို့ကြည့်ပေးပါ့မယ် ဒါပေမယ့် အဖိုးတို့က လောက်သေရွက်အနည်းငယ်တော့ရှာပေးပါ"
" လောက်သေရွက်လား ရွာမှာရှိတယ် လူလေးတို့ကြည့်ပေးမယ်ဆိုရင်ပဲ ကျေးဇူးတင်နေပါပြီ ရွာထဲကိုဝင်ကြရအောင် ကလေးမအမေဆိုလဲ တစ်ငိုငိုတရီရီဖြစ်နေတာ"
" ဒါဖြင့် လူနာအိမ်ကိုလမ်းပြပါဦး "
အဖိုးလူဝကဝမ်းသာအားရနဲ့အရှေ့ကနေထွက်သွားတော့ လူငယ်က အကြော်တဲမှာကလေးတွေကို သကြားလုံးတွေဝေပေးနေတဲ့ လူနှစ်ယောက်ဘက်လှည့်ကာ
" သက်ခိုင်နဲ့ တောက်ရ ဒီမှာခဏနေခဲ့ဦး ငါပြန်လာခဲ့မယ်" လို့လှမ်းမှာပြီး ရွာထဲကိုဝင်လာခဲ့လိုက်တယ်။
ဖိုးလူဝခေါ်ဆောင်တဲ့နောက်ကိုလိုက်ခဲ့တဲ့ လူငယ်လေးကိုမြင်တဲ့ကလေးတွေကတော့
" ဟေး သကြားပေးတဲ့လူကြီး ရွာထဲဝင်လာပြီ သကြားလုံးတွေချိုချဉ်တွေထပ်ပေးမလို့နဲ့တူတယ်" လို့ပြောပြီး အနားကပ်လာတာမြင်တော့ ဖိုးလူဝက
" တယ် ဒီကလေးတွေ သွားသွား ခပ်ဝေးဝေးသွားကြစမ်း ပြောမရရင်လောက်ကောင်တွေပါးစပ်ထဲထည့်ပေးလိုက်မယ်"လို့ဆူလိုက်တော့မှ အနားကနေခွာသွားကြတယ်။
" ရွာကကလေးတွေကဒီလိုပဲလူလေးရေ သူတို့ခင်တဲ့သူလာရင် အခုလိုပဲအနားကပ်နေကြတာ"
ဖိုးလူဝစကားကြောင့် လူငယ်က
" ကျွန်တော်တို့ငယ်ငယ်ကလဲဒီလိုပါပဲဗျာ ကိုယ်ချင်းစာပါတယ် ဒါနဲ့ လူနာအိမ်ရောက်ရင် နဂါးနက်တောင်အကြောင်းလေး သိသလောက်ပြောပြပါဦး"
" အဖိုးတို့သိသလောက်ပြောပြပေးမယ် ဒါပေမယ့် တစ်ဆင့်စကားတစ်ဆင့်နားဆိုတော့ တကယ်ဖြစ်ခဲ့ချင်မှလဲဖြစ်ခဲ့မှာ လူလေးနဲ့စကားတွေပြောလာတာ နာမည်ကိုမမေးမိသေးဘူး အဖိုးနာမည်ကတော့ လူဝလို့ခေါ်တယ် ရွာကလူတွေကတော့ ဖိုးလူဝလို့ခေါ်ကြတယ်"
ဖိုးလူဝစကားကိုကြားတော့လူငယ်လေးက နှစ်လိုဖွယ်ကောင်းလောက်အောင်ပြုံးပြီး
" ကျွန်တော်နာမည်ကတော့ အောင်မြတ်သာလို့ခေါ်ပါတယ် "
" အောင် မြတ် သာ နာမည်လေးက အရမ်းကိုကောင်းမွန်တာပဲ အောင်မြင်မှု၊ ကောင်းမြတ်မှု၊ သူတစ်ပါးထက်သာလွန်မှု ဆိုတဲ့အချက်တွေပေါင်းစပ်ထားတဲ့အတွက် လူလေးကရှေ့ဆက်ဒီထက်ပိုအောင်မြင်ကျော်ကြားဦးမှာ"
ဖိုးလူဝကအောင်မြတ်သာကိုချီးမွမ်းခန်းဖွင့်ပြီး လမ်းလျောက်လာခဲ့တာ ဝါးခြမ်းလေးတွေကို နှစ်စိပ်ခွဲပြီးကာထားတဲ့ အိမ်ရှေ့ရောက်တော့
" လူလေး ဒီအိမ်က လူနာအိမ်ပဲ အပေါ်တက်ခဲ့လေ"
" အဖိုး လူနာကုတဲ့အခါ မရွံတတ်တဲ့ မိန်းမသုံးယောက်လောက်ရှိရင်ပိုကောင်းမယ် အဆင်ပြေရင် ရှာပေးပါဦး"
" အိုကွယ် ရတာပေါ့ ဟေ့ ဟိုဘက်ဝိုင်းထဲက ဒေါ်ပန်းတို့သားအမိနှစ်ယောက်ကို ဒီခဏလာဦးလို့ပြောလိုက်"
ဖိုးလူဝက ဘေးအိမ်မှာရပ်ကြည့်နေတဲ့ ကလေးမလေးကိုလှမ်းအော်ပြောလိုက်ရင်း အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
အောင်မြတ်သာနဲ့ဖိုစလူဝတို့အိမ်ပေါ်ရောက်တော့ နံရံလေးဘေးမှာ စောင်ခြုံကာအိပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရတယ်။
" ဟဲ့ မိသန်းတင် ဒီမှာနင့်ကိုကုမဲ့ဆရာရောက်နေပြီ အိပ်ယာကထလာဦး"
ဖိုးလူဝရဲ့အော်သံကြောင့် စောင်ခြုံထားတဲ့အမျိုးသမီးက စောင်ကိုဖယ်လိုက်ပြီး ထထိုင်လိုက်တယ်။
အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင် တစ်ခါမှမကြုံဖူးတဲ့အဖြစ်ကြောင့် ကြောက်လန့်တကြားဖြစ်နေတဲ့ ရုပ်ကိုမြင်တော့ အောင်မြတ်သာက
" ဒီမှာငါ့နှမ ဘာမှမကြောက်နဲ့ စိတ်ကိုအေးအေးထား ဆရာပြောတာကို ဟုတ်ရင်ခေါင်းငြိမ့်ပြ မဟုတ်ရင် ခေါင်းခါပြ စကားမပြောလဲရတယ်" လို့ပြောလိုက်ပြီး အိမ်ဦးခန်းမှာရှိတဲ့ ဘုရားကျောင်းဆောင်ဘက်ကိုလှည့်ကာ ဘုရားရှိခိုးလိုက်တယ်။
အတန်ကြာအောင်ဘုရားရှိခိုးပြီး အနောက်ကိုပြန်လှည့်လာကာ
" အဖိုး ကျွန်တော်ရှာခိုင်းထားတဲ့ လောက်သေရွက်ရလာပြီလား"
" ဒီမှာရပြီ လူလေး မင်းဘုရားရှိခိုးနေတုန်း လာပေးသွားတာ"လို့ပြောပြီး အောင်မြတ်သာဆီကိုလောက်သေရွက်အချို့ကမ်းပေးလိုက်တယ်။
အောင်မြတ်သာလဲ လောက်သေရွက်ကို ဘုရားကျောင်းဆောင်အောက်မှာ ရှိတဲ့ရေအိုးထဲကရေနဲ့သေချာဆေးကြောပြီး လောက်သေရွက်ပေါ်မှာ လက်ညိုးထိပ်နဲ့ လေးကွက်အင်းတစ်ခုကိုရေးဆွဲပြီးညာဘက်လက်ဖဝါးပေါ်မှာတင်ထားလိုက်တယ်။
" ငါ့နှမ နဂါးနက်တောင်ပေါ်ကိုသွားခဲ့တာ သေချာလား"
အောင်မြတ်သာအမေးကို မိန်းကလေးက ဟုတ်မှန်ကြောင်း ခေါင်းညိမ့်ပြလိုက်တယ်။
" ကောင်းပြီ နဂါးနက်တောင်ပေါ်မှာ မိန်းမတစ်ယောက်နဲ့တွေ့ခဲ့လား"
မိန်းကလေးကခေါင်းညိမ့်ပြတယ်။
" သူ့ငါ့နှမကို ဘာလုပ်ခဲ့လဲ"
အောင်မြတ်သာစကားအဆုံးမှာ မိန်းကလေးက ရုတ်တရက်ဆောင့်ကြောင့်ထထိုင်ကာ အော်ရီပါလေရော။
" ဟားဟားဟား နင့်အင်းသေးသေးလေးနဲ့ ငါ့ကိုလှည့်ဖြားဖို့ မကြိုးစားနဲ့ ငါ့ကိုချုပ်ပြီး အင်းစမတွေနဲ့နှိပ်စက်မလို့လား ငါ့ကိုချုပ်တာနဲ့ ဒီကလေးမအသက်သေပြီသာမှတ်"
ဒေါသတကြီးပြောလိုက်တဲ့စကားကြောင့် မိန်းကလေးရဲ့ပါးစပ်ထဲကနေ ဖြူဖွေးနေတဲ့ လောက်ကောင်တွေကျလာခဲ့တယ်။
ဝင်ပူးနေတဲ့မိန်းကလေးက ပါးစပ်ထဲက ထွက်ကျလာတဲ့လောက်ကောင်တွေကို တစ်ကောင်ချင်းကောက်ကာ ပါးစပ်ထဲပစ်ထည့်ပြီး ဝါးပါလေရော။
ဒီအဖြစ်အပျက်ကိုမြင်တော့ မရွံတတ်ဘူးလို့ပြောထားတဲ့ မိန်းမသုံးယောက်တောင် မျက်နှာလွှဲထားကြတယ်။
" ဒီမှာ နဂါးနက်မယ် သင်နဲ့ကျုပ်ထိပ်တိုက်တွေ့ဖို့ရှိပါတယ် ဒီကလေးမက သင့်ကိုစော်ကားမိခဲ့ပေမယ့် သူမသိလို့ပြောခဲ့တာကိုခွင့်လွှတ်လိုက်ပါ သင့်ကိုဒီနေရာမှာ ကျုပ်ဘာမှမလုပ်ဘူး သင့်နေရာသင့်ပိုင်နက်ရောက်အောင် ကျုပ်လာခဲ့မယ် "
" ကြိုဆိုလျက်ပါငါ့သားရယ် ဟက်ဟက်ဟက် နင့်ပညာအရမ်းစွမ်းရင် ငါလုပ်ထားတာကို ပျောက်အောင်ကုပေးလိုက်စမ်းပါ အမေကြီး သွားပြီ သားလေးရေ ဟားဟားဟား" လို့ပြောပြီး ကောင်မလေးဇက်ကျိုးကျသွားတယ်။
ဘေးကနေကြည့်နေတဲ့ ဖိုးလူဝက
" ကလေးမလေး သေပြီလားမသိပါဘူး"
" မသေပါဘူးအဖိုး အခုသူသတိမေ့နေတာပါ သူ့ကိုပက်လက်အနေအထားနဲ့ထားပြီး ဗိုက်ပေါ်ကိုဒီလောက်သေရွက်ကိုတင်ပေးပါ သူ့အရှေ့မှာ စဉ့်အိုးအကြီးတစ်လုံးလဲချထားပေးပါ"
အောင်မြတ်သာစကားကြောင့် ဘေးအိမ်ကနေခေါ်ထားတဲ့ မိန်းမသုံးယောက်က မေ့နေတဲ့မိန်းကလေးကိုပက်လက်အနေအထားချပေးပြီး အိမ်နောက်မှာရှိနေတဲ့စဉ့်အိုးကိုယူလာခဲ့တယ်။
"ဆရာ လောက်သေရွက်ကို တင်လိုက်ရတော့မလား"လို့မေးတော့ အောင်မြတ်သာက ခေါင်းညိမ့်ပြလိုက်တယ်။
ခေါ်ထားတဲ့မိန်းမတွေလဲ အောင်မြတ်သာပေးလိုက်တဲ့ လောက်သေရွက်ကို ဗိုက်ပေါ်တင်ပေးလိုက်တယ်။
လောက်သေရွက်က မိန်းကလေးဗိုက်ပေါ်ရောက်တာနဲ့ တစ်ဖြေးဖြေးလှုပ်လာပြီး အရွက်ထိပ်မှာရှိနေတဲ့ အညှာတံလေးက ဗိုက်ကိုထိုးပါလေရော။
အညှာတံလေးထိုးတဲ့အချိန် မိန်းကလေးက ဝေါခနဲ ဝေါခနဲ လောက်တွေကိုအန်ချတာ ဆယ်မိနစ်အတွင်းလောက်မှာ စဉ့်အိုးတစ်ဝက်လောက်အထိ ပြည့်သွားခဲ့တယ်။
"ဘုရား ဘုရား နည်းတဲ့လောက်တွေမှမဟုတ်တာ လူလေး သူ့ကိုယ်ထဲမှာလောက်တွေကျန်သေးလား"
" အညှာတံလေးကြွေတာနဲ့ သူ့ပညာကုန်ပါပြီ ခဏစောင့်ပါအဖိုး"
မိန်းကလေးလဲ အန်ရင်းအန်ရင်း မောလာတဲ့အချိန် လောက်သေရွက်အညှာတံလဲ ဗိုက်ပေါ်ကို ကြွေကျသွားခဲ့တယ်။
" ကဲ ပညာတော့ကုန်သွားပြီ ဗိုက်ပေါ်ကလောက်သေရွက်ကို အိုးထဲထည့်ပြီး တစ်ခုခုနဲ့ဖုံးထားလိုက်ပါ" လို့ပြောတော့ မိန်းမသုံးယောက်က ဗိုက်ပေါ်တင်ထားတဲ့ လောက်သေရွက်ကို စဉ့်အိုးထဲထည့်ကာ စကောနဲ့ဖုံးလိုက်ကြတယ်။
" ဟဲ့ ဟိုကလေးမ ဆရာ့ကိုကန်တော့လိုက်ဦးလေ"
ဖိုးလူဝက နံရံကိုမှီကာထိုင်နေတဲ့ မိန်းကလေးကိုပြောလိုက်တော့မှ လက်အုပ်ချီပြီး အောင်မြတ်သာကိုဦးချခဲ့တယ်။
"ငါ့နှမ သင်အခုလိုဖြစ်တာ နှုတ်ဝစီကြောင့်ပဲ ဒါကြောင့်သင့်ရဲ့ဝစီကံကိုထိန်းပါ ဒီတစ်ကြိမ်ကံကောင်းလို့ဆရာတို့နဲ့ဆုံပေမယ့် နောက်တစ်ကြိမ်ထပ်ဖြစ်ရင် ဆရာတို့လဲကယ်နိုင်မှာမဟုတ်ဘူး"
အောင်မြတ်သာရဲ့ဆုံးမစကားကိုကြားတော့ မိန်းကလေးက မျက်ရည်ကျပြီး သူမပြောတော့ဘူးဆိုတဲ့အကြောင်း ပြောရှာတယ်။
ရောဂါကိုခဏအတွင်းကုပေးလိုက်တဲ့ အောင်မြတ်သာရဲ့အစွမ်းကိုမြင်လိုက်ရတဲ့ဖိုးလူဝက
" လူလေးလိုဆရာမျိုးရှားပါပေတယ် အသက်ကလဲငယ် ပညာကလဲစွမ်း အိမ်း ပါရမီပြည့်ပေတာကိုး" ဆိုပြီးချီးကျူးခဲ့တယ်။
အောင်မြတ်သာတို့အိမ်ပေါ်ကဆင်းတော့ မိန်းကလေးရဲ့မိခင်ဖြစ်သူက သစ်သီးသစ်ဖုတွေအတင်းလာပေးလို့ ငြင်းခဲ့ကြရသေးတယ်။
ဖိုးလူဝက ခြံအပြင်ရောက်တော့
" နဂါးနက်တောင်အကြောင်း လူလေးမေးထားတာ အဖိုးသိသလောက်ပြောပြမယ် အဖိုးတို့ငယ်ငယ်ထဲက နဂါးနက်တောင်ကိုလူတွေမသွားရဲကြဘူး နဂါးတစ်ကောင်ရစ်ခွေနေတဲ့ပုံဖြစ်လို့ နဂါးတောင်လို့အစကခေါ်ခဲ့ကြတယ် နောက်ပိုင်းမှာ နဂါးနက်တောင်ပေါ်မှာ မီးခဏခဏလောင်တယ် လောင်ပြီးရင်အလိုလိုပြန်ငြိမ်းသွားတယ် လပြာ့်လကွယ်နေ့တွေဆိုရင်တောင်ပေါ်မှာ မီးလုံးတွေ တက်လိုက်ကျလိုက်နဲ့ မြူးနေတာကိုလဲမြင်ခဲ့ဖူးတယ် မီးခဏခဏလောင်တဲ့တောင်ဖြစ်တဲ့အတွက် သစ်ပင်တွေက မစိမ်းတော့ပဲ မီးကျွမ်းထားတဲ့အရောင်လိုဖြစ်နေရာကနေ နဂါးနက်တောင်ဆိုပြီးဖြစ်လာတာ နဂါးနက်တောင်မှာ စုန်းကဝေတွေပေါတယ် ဖြစ်နိုင်ရင် မသွားစေချင်ဘူးလူလေး"
" အဖိုးရဲ့စေတနာကိုနားလည်ပါတယ် ဒါပေမယ့် မသွားမဖြစ်သွားရမယ့်ကိစ္စလေးတွေကြောင့် သွားရပါဦးမယ်အဖိုး"
" အိမ်း တားမရတော့လဲ လူလေးတို့သဘောပါကွယ် သတိတော့ထားကြနော်"
" စိတ်ပူပေးတာကျေးဇူးပါ ဟော ပြောရင်းဆိုရင်း ရွာထိပ်တောင်ရောက်လာပြီ ဟိုမှာရပ်နေတဲ့သူနှစ်ယောက်က သက်ခိုင်နဲ့ တောက်ရလို့ခေါ်တယ် သူတို့က ကျွန်တော်နဲ့လိုက်ပြီး လူတွေကိုကယ်တင်ပေးနေကြတာ "
" မွန်မြတ်လှပါတယ်ကွယ် ပြန်ရင် ရွာကိုဝင်လာခဲ့ဦးနော် အားလုံးဘေးကင်းကြပါစေ"
အောင်မြတ်သာတို့လဲ အဖိုးလူဝကိုနှုတ်ဆက်ပြီး နဂါးနက်တောင်ရှိရာဘက်ကိုထွက်လာခဲ့ကြတယ်။
" ဆရာ ရွာထဲမှာ လောက်တွေအန်တဲ့ကလေးမကိစ္စကတကယ်လား"
" ဟုတ်တယ် သူ့ရဲ့နှုတ်ကြောင့် သူခံရတာ အခုတော့ကောင်းသွားပါပြီ နဂါးနက်တောင်က စုန်းမကြီးကတော့ တို့ကိုဘယ်လိုကြိုမလဲကြည့်ရဦးမယ်"
" သတိတော့ထားရမှာပဲဆရာ အရင်တစ်ခါလို သူယောင်မယ်တွေနဲ့တော့မကြိုလောက်ပါဘူးနော် ဟားဟား"
တောက်ရစကားကြောင့် သက်ခိုင်ဟက်ဟက်ပက်ပက်ရယ်လိုက်ပေမယ့် အောင်မြတ်သာကတော့ အနည်းငယ်ပြုံးယောင်သမ်းတယ်ဆိုရုံပဲပြုံးလိုက်တယ်။
ရွာပိုင်တောငယ်လေးကိုကျော်လွန်ပြီးတဲ့အချိန်မှာတော့ နဂါးနက်တောင်တန်းရဲ့အစပ်ကိုရောက်လာခဲ့တယ်။ မီးလောင်ထားတဲ့သစ်ပင်သစ်ကိုင်းတွေကနေထွက်လာတဲ့ ညှော်နံ့တွေက မသိရင်သုဿာန်တစ်စပြင်ကိုရောက်နေသလိုခံစားမိစေခဲ့တယ်။
နဂါးနက်တောင်ပေါ်ကိုခြေချမိတယ်ဆိုရင်ပဲ တောင်ထိပ်မှာရုတ်တရက်ဝဲပျံတက်လာတဲ့ လင်းတအုပ်စုကိုမြင်လိုက်ရတယ်။
"ဆရာ ဟိုမှာ ကြိုနေပြီထင်တယ်"
" ဟုတ်တယ် သူတို့လဲလူစုထားပြီးပြီ အခုငါတို့တက်လာတာကိုလဲမြင်နေမှာ သတိမပြတ်စေနဲ့"
အောင်မြတ်သာက သတိပေးရင်း တောင်ပေါ်ကိုတက်လာခဲ့တယ်။ တောင်ပေါ်မရောက်ခင်လမ်းခုလတ်နားရောက်တော့
" ရွှီး ရွှီး ရွှီး "ဆိုတဲ့အသံနဲ့အတူ တောကြီးပျားအကောင်ပေါင်းများစွာက အောင်မြတ်သာတို့ဆီဝင်လာခဲ့တယ်။
ပတ်ဝန်းကျင်တစ်ခုလုံးမဲနက်သွားတဲ့အထိ များပြားလှတဲ့ပျားအုပ်ကြီးကိုမြင်တော့ အောင်မြတ်သာရှေ့ဆက်မတက်တော့ပဲ ရပ်လိုက်တယ်။
အရှိန်ပြင်းပြင်းနဲ့ပျံလာတဲ့ပျားအုပ်ကြီးက အောင်မြတ်သာတို့နဲ့ ဝါးတစ်ပြန်စာလောက်လဲရောက်ရော တစ်ဖြေးဖြေးအကောင်ကြီးလာခဲ့တာ ပိတုန်းအရွယ်အစားလောက်ဖြစ်လာခဲ့တယ်။
ပိတုန်းအရွယ်လောက်ကြီးလာတဲ့ပျားတွေက ခြေလှမ်းဆယ်လှမ်းစာလောက်အထိ နီးကပ်လာချိန်မှာတော့ အောင်မြတ်သာက ညာလက်နဲ့ လေထဲကိုပုတ်ချလိုက်ရာ အရှေ့ဆုံးကနေပျံလာတဲ့ ပျားအုပ်ကဘေးကိုလွှင့်ထွက်သွားပြီး မြေကြီးပေါ်ကျတဲ့အချိန်မှာတော့ မြေကျစ်စာခဲလေးတွေအဖြစ်ပြောင်းသွားခဲ့တယ်။
အဲဒီအချိန် ကောင်းကင်မှာ လင်းတအကောင်းငါးဆယ်လောက်ပျံဝဲနေပြီး အောင်မြတ်သာတို့အခြေအနေကိုစောင့်ကြည့်နေကြတယ်။
ပထမအသုတ်ပျံလာတဲ့ပျားတွေ ဘေးကိုလွင့်ထွက်သွားချိန်မှာတော့ ဒုတိယအသုတ်ထပ်ဝင်လာခဲ့တယ်။ အောင်မြတ်သာလဲ ထပ်ဝင်လာတဲ့ ပျားအုပ်ကို လက်နဲ့မဖယ်ထုတ်တော့ပဲ ဘယ်ဘက်လက်နဲ့တားထားလိုက်တာ အရှေ့ကိုဆက်ပျံလို့မရတော့ပဲ လေထဲမှာငြိမ်သွားတယ်။
တတိယအသုတ်ပျားတွေကတော့ အရှိန်နဲ့ပြေးဝင်လာခဲ့တာ ရပ်နေတဲ့ပျားကောင်တွေနဲ့တိုက်မိပြီး ရပ်သွားကြပြန်တယ်။ ပျားအုပ်တွေကုန်ပြီဆိုတော့မှ အောင်မြတ်သာက လက်ကိုအောက်ချလိုက်တဲ့အချိန် လေထဲမှာငြိမ်နေတဲ့ပျားတွေက မြေကျစ်စာခဲလေးတွေပြန်ဖြစ်သွားကြတယ်။
ကောင်းကင်ကနေအခြေအနေကိုကြည့်နေတဲ့ လင်းတတွေထဲမှာ အကြီးဆုံးအကောင်က တောင်ထိပ်မှာပေါက်နေတဲ့ ကညင်ပင်ပေါ်နားလိုက်တဲ့အချိန် အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းမတစ်ယောက်အဖြစ်ပြောင်းသွားပြီး
" ငါ့သားအစွမ်းကမခေဘူးပဲ ငါတို့ကိုဖမ်းပြီး ပညာသိမ်းမလို့လာတာထင်တယ် အဲလောက်မလွယ်ဘူးဟဲ့"လို့ပြောပြီး ထဘီကိုခြုံလိုက်ရင်ပဲ လင်းတအဖြစ်ပြောင်းသွားပြီး နဂါးနက်တောင်ကနေ ပျံထွက်သွားခဲ့တယ်။
ခေါင်းဆောင်ဖြစ်သူပြေးပြီဆိုတာနဲ့ နောက်ပါလင်းတတွေလဲ ပျံပြေးဖို့အလုပ် အောင်မြတ်သာက မြေကြီးကိုဖနောင့်နဲ့တစ်ချက်ဆောင့်ချလိုက်တာ နောက်ဆုံးမှာကျန်ခဲ့တဲ့ လင်းတက ဆက်ပြေးမရတော့ပဲ ကောင်းကင်ကနေ လည်ပြီးကျလာခဲ့တယ်။
"ဆရာ ဟိုကောင်တွေလွတ်သွားပြီ ဘယ်လိုလုပ်မလဲ"
" လောလောဆယ် ကျလာတဲ့ကောင်ကို ဖမ်းပြီး မေးရမယ်"
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရလဲ ကျလာတဲ့ကောင်ကိုဖမ်းဖို့ ထွက်သွားခဲ့ကြတယ်။
အောင်မြတ်သာလဲ သက်ခိုင်တို့ထွက်သွားတဲ့နောက်ကို လိုက်သွားပြီးကြည့်လိုက်တော့ မီးလောင်ထားလို့ အရွက်တွေမရှိပဲ ခြောက်ကပ်နေတဲ့ သစ်ကိုင်းအစွန်မှာထဘီနဲ့ညိနေတဲ့ ၁၉နှစ်အရွယ်မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။
ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အောင်မြတ်သာတို့မျက်နှာလွှဲလိုက်ပြီး
" ဟိုကလေးမ နင့်အစွမ်းအချို့ကိုပြန်ပေးမယ် ကိုယ့်ဘာသာဆင်းလာခဲ့ ထွက်ပြေးလဲနင်မလွတ်ဘူး"လို့ပြောလိုက်တဲ့မှ ညိနေတဲ့သစ်ကိုင်းပေါ်ကမိန်းမက ထဘီကိုပြန်ခြုံလိုက်ရာ လင်းတအဖြစ်ပြန်ပြောင်းသွားပြီး အောင်မြတ်သာတို့အရှေ့ကိုရောက်လာခဲ့တယ်။
အောင်မြတ်သာလဲ အရှေ့ကိုရောက်လာတဲ့ လင်းတကိုကြည့်ပြီး
" လင်းတအဖြစ်ကနေ လူပုံစံပြန်ပြောင်းစေ" လို့အမိန့်ပြန်လိုက်တော့မှ ထဘီအနက်ကိုရင်လျာထားတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။
" အမိ သင့်ဆရာ ဘယ်ကိုထွက်ပြေးသွားတာလဲ"
အောင်မြတ်သာစကားကြောင့် မိန်းမငယ်က မျက်နှာကိုအောက်ချပြီး
" ငါမသိဘူး နင်တို့ငါ့ကိုသတ်ရင်သတ်လိုက် ပညာတော့အသိမ်းမခံနိုင်ဘူး နင်တို့မသတ်ရင် ငါ့ကိုယ်ငါသတ်သေမယ်"
ပြတ်သားလှတဲ့စကားကြောင့် သက်ခိုင်နဲ့တောက်ရတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
" နင့်ကိုငါတို့လဲမသတ်ဘူး နင်ကိုယ်တိုင်လဲသေမရဘူး အခုနင့်ပညာတွေကိုငါတို့လိုသလိုသိမ်းလို့ရနေတာ နင်မသိဘူးလား "
သကိခိုင်စကားကိုကြားတော့ ဒူးထောက်နေတဲ့မိန်းကလေးက မျက်စောင်းထိုးကြည့်ပြီး
" ငါ့ဆရာက ကျင့်စဉ်တစ်ခုမပြီးသေးလို့ နင်တို့ကိုပညာကုန်သုံးပြီးမတိုက်တာ သူကျင့်စဉ်အောင်မြင်ရင် ငါ့ကိုလာကယ်မှာ"
" ကောင်းပြီ သင့်ပညာတွေကို ငါအကုန်သိမ်းလိုက်ပြီ သင်အနှစ်နှစ်အလလကျင့်ထားတဲ့ပညာတွေဘာတစ်ခုမှရှိတော့မှာမဟုတ်ဘူး သင့်ရွာကိုပြန်ပါ ကောင်းရောင်းကောင်းဝယ်လုပ်စားပါ သင်ကိုယ်သင်သတ်သေမယ်လို့မတွေးမိစေနဲ့ သင့်ဘေးမှာ အစောင့်နှစ်ယောက်ကအမြဲရှိနေမယ် အင်းစောင့်ပုဂ္ဂိုလ်နှစ်ယောက် သူမကိုစောင့်ကြည့်ပေးပါ လူကောင်းပကတိပြန်ဖြစ်တဲ့အထိ ကူညီပေးပါ"လို့ပြောလိုက်တော့ ကောင်မလေးရဲ့ဘေးမှာ ဓါးနှစ်လက်ကိုင်ထားတဲ့ အင်းစောင့်ပုဂ္ဂိုလ်နှစ်ယောက်ပေါ်လာခဲ့တယ်။
" ကဲ သင်သွားလိုရာသွားလို့ရပြီ ကျုပ်တို့လဲလုပ်စရာတွေရှိသေးတယ်" လို့ပြောကာ တောင်ပေါ်ကိုတက်လာခဲ့ကြတယ်။
တောင်ပေါ်ရောက်တော့ လှည့်ကြည့်လိုက်တာ ခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့ တောင်အောက်ကိုဆင်းသွားတဲ့မိန်းမလေးကိုမြင်လိုက်ရတယ်။
အောင်မြတ်သာတို့တောင်ပေါ်ကိုရောက်တော့ တဲအိမ်တန်လျားတစ်ခုကိုတွေ့လို့ဝင်ကြည့်တဲ့အခါ ဘုရားရုပ်ပုံကားချပ်တွေကို ခြေသုတ်ခုံလုပ်ထားတဲ့အပြင် ဘုရားဆင်းတုတော်တွေကို ဖိနပ်ချွတ်တဲ့နေရာလုပ်ထားတာကိုမြင်လိုက်ရတယ်။
အောင်မြတ်သာကတော့
"ဒီလိုတစ်ဘဝစံတွေက ပိုကြောက်ဖို့ကောင်းတယ် သူကျင့်စဉ်မပြီးဆုံးခင် တွေ့အောင်ရှာရမယ်"လို့ပြောခဲ့တယ်။
အောင်မြတ်သာတို့လဲ ဘုရားဆင်းတုတော်တွေနဲ့ရုပ်ပုံတွေကိုသင့်တော်ရာနေရာတစ်ခုမှာစုပုံထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အောက်လမ်းစုန်းမနောက်ကို သဲကြီးမဲကြီးလိုက်ခဲ့ပါတော့တယ်။
နောက်ဝတ္တုမှာတော့ ကျင့်စဉ်ပြီးဆုံးတဲ့စုန်းမကိုပြန်တွေ့မလား ကျင့်နေတုန်းပြန်တွေ့မလားဆိုတာကိုတော့ အောင်မြတ်သာနှင့် တစ်ဘဝစံဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Comments
Post a Comment